V6 Chapter 9

60 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 9 - ပိုမိုနက်ရှိုင်းသော ပြဿနာများ

လက်ရည်စမ်းပွဲပြီးတဲ့နောက်တော့ မက်ဒါနာတစ်ယောက် ရုံးခန်းထဲဝင်ပြီး နွေရာသီကျောင်းပေါင်းစုံ ပညာရေးပြပွဲအတွက် ပြင်ဆင်ရတယ်။ ကျောင်းအုပ်ရုံးခန်းက အရင်တစ်ခါသူရောက်ဖူးတုန်းကပုံစံနဲ့ တစ်ထေရာတည်းပဲ။

ကျောင်းအုပ်ရုံးခန်းအများစုမှာ တွေ့နေကျအတိုင်းပဲ အ​ညိုရောင်ပေါလစ်တင်ထားတဲ့ စားပွဲခုံအကြီးကြီးရယ် စားပွဲခုံနောက်က ထိုင်ခုံရယ်ရှိတယ်။ စားပွဲခုံပေါ်မှာတော့ ကျောင်းအုပ်ပေါ်လီယာနာဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်အသေးလေးထောင်ထားတယ်။ ကြည့်ရတာ ဆရာအာသာတို့တွေ သူ့အတွက်ဒီအခန်းကို ရှင်းပေးပြီးသားဖြစ်မယ်။

"အေမီရေ၊ ငါ့ကိုခုံဖယ်ပေး။" မက်ဒါနာက သူ့အတွက်အသုံးမဝင်တဲ့ ကျောင်းအုပ်ကြီးထိုင်ခုံကို ဖယ်ခိုင်းလိုက်ပြီး ဝှီးချဲလေးနဲ့ ရုံးစားပွဲနောက်မှာနေရာယူထားလိုက်တယ်။ အဲဒီနောက် အခန်းကိုလှည့်ပတ်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

ပြတင်းပေါက်ကို ဝါးကားလိပ်နဲ့ကာထားပေမဲ့ ဝါးချပ်တစ်ခုနဲ့တစ်ခုအကြားကနေ ကျနေတဲ့နေရောင်ကြောင့် အခန်းတစ်ခုလုံးကို သူရှင်းရှင်းလင်းလင်းမြင်နေရတယ်။ အခန်းထဲမှာ ဗီရိုနှစ်လုံးရှိတယ်။ အေမီကို ဖွင့်ကြည့်ခိုင်းတော့ အထဲမှာ နှစ်အစဥ်အလိုက် ကျောင်းသားတွေရဲ့ဖိုင်တွေပါတယ်။ ဖိုင်ဟောင်းတချို့ကို လှန်ကြည့်တော့ နယူးယောက်ရဲ့ဝါရင့်ဟီးရိုးတစ်ဝက်လောက်က ဒီကျောင်းက ဘွဲ့ရတဲ့သူတွေဖြစ်နေတယ်။

"အံ့ဩစရာပဲ၊ ဒီလိုဂုဏ်သိက္ခာရှိကျောင်းတစ်ကျောင်းက ဒီလိုအဖြစ်မျိုးနဲ့ကြုံရတယ်လို့။" ဖိုင်ပေါ်က ဓာတ်ပုံတွေကို မက်ဒါနာတစ်ယောက် လက်နဲ့ထိတွေ့ကြည့်ရင်း ခေါင်းခါလိုက်တယ်။ တစ်ချိန်က ထိပ်သီးဖြစ်ဖူးတဲ့ကျောင်းက အခုတော့ အတိတ်ရဲ့အရိပ်တစ်ခုသာသာပါပဲ။

မက်ဒါနာက ဟောင်းနွမ်းနေတဲ့ ကျောင်းသားစာရင်းဖိုင်ကို ပိတ်လိုက်ပြီး နံရံမှာချိတ်ထားတဲ့ ကပ္ပတိန်စတိတ်မန်းရဲ့ပုံကို မော့ကြည့်တယ်။ တကယ်တော့ စတိတ်မန်းရဲ့ပုံအောက်နားလေးမှာ မက်ဒါနာရှေ့မှာတင် သေသွားခဲ့တဲ့ ကျောင်းအုပ်အဖွားအိုရဲ့ပုံလည်းရှိနေတယ်။ သူတို့လုပ်ခဲ့တဲ့ အပေးအယူအရဆိုရင် မက်ဒါနာအနေနဲ့ ဒီကျောင်းကိုစောင့်ရှောက်ပေးဖို့ တာဝန်ရှိနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now