V8 Chapter 15

42 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 15 - ဇမ္ဗူရာဇ်ရွှေ

ပိုးကောင်သုံးကောင်ကို အနိုင်တိုက်ပြီးတဲ့နောက်တော့ ဖရာလီတာက မြို့တော်ရန်ကုန်ကို ပြန်လာခဲ့တယ်။ ဖရာလီတာ နန်းတော်ဆီကိုရောက်​တော့ နန်းတော်ထဲကသူတွေက သူ့ကိုညီလာခံခန်းမဆီကို ခေါ်သွားပေးတယ်။ အစကတော့ ဆုဗာနာမှာလိုမျိုး လွှတ်တော်ရှေ့မှာ သူ့ကိုဂုဏ်ပြုပေးဖို့လို့ ထင်ထားခဲ့ပေမဲ့ ညီလာခံခန်းမထဲဝင်လိုက်တော့ ဧရာမဒေါင်းပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်သူရိန်တစ်ယောက်တည်းကိုပဲ တွေ့ရတယ်။

ကျီ...

ဖရာလီတာ ညီလာခံခန်းမထဲကို ဝင်ပြီးတဲ့နောက် တံခါးပိတ်သွားတယ်။ ​သူကောင်းမျိုးဂါဝန်နဲ့မိန်းကလေးက ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဘုရင်ကိုကြည့်လိုက်ပြီးတော့ ပခုံးတွန့်ပြလိုက်တယ်။

"ရှင်ပြောတော့ ပိုးကောင်က တစ်ကောင်တည်းဆို၊ ဘယ်လိုလုပ်ပြီး သုံးကောင်ဖြစ်နေရတာလဲ။"

"ငါ့ကိုပိုးကောင်တစ်ကောင်က ခြုံခိုတိုက်တယ်လို့ပဲ ပြောခဲ့တာ ၊ တခြားကောင်တွေမရှိဘူးလို့ မပြောခဲ့မိပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းအောင်မြင်လာတယ်ဆိုတော့ ငါ့ကတိအတိုင်း ဇမ္ဗူရာဇ်ရွှေက မင်းအပိုင်ပဲ။"

ဘုရင်သူရိန်က ခန်းမအလယ်မှာရှိနေတဲ့ ကြာကလပ်ကို လက်ညိုးညွန်ပြလိုက်တယ်။ ကြာကလပ်ထဲမှာ ဘုရင်သူရိန်ကိုင်ထားခဲ့တဲ့ ရွှေပြားနီနီရှိနေပြီးတော့ ဖရာလီတာက ခေါင်းညိတ်ပြီး လျှောက်သွားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာ အနားကိုရောက်မလာခင် ဘုရင်သူရိန်က တစ်ခုသတိပေးလိုက်ပါပြီ။

"ဒါပေမဲ့ အဲဒီရွှေကို မင်းအသုံးချနိုင်တာမနိုင်တာကတော့ ငါနဲ့မဆိုင်ဘူးနော်။"

ဖရာလီတာလည်း အဲဒီအဆုံးမရှိအစမရှိစကားကြောင့် ဘုရင်သူရိန်ကို မော့ကြည့်ပြီးမေးလိုက်တယ်။ "ရှင့်စကားက... ဒီရွှေမှာ ပြဿနာတစ်ခုခုရှိနေလို့လား။"

"ဇမ္ဗူရာဇ်ရွှေကို ထိုက်တန်သူတွေပဲ အသုံးပြုနိုင်တာ။ ကိုယ့်နှလုံးသားထဲကနေ အရာတစ်ခုကို ကာကွယ်ချင်လာတဲ့အခါမျိုးမှ ဇမ္ဗူရာဇ်ရွှေက လူတစ်ယောက်ကို သခင်အဖြစ် အသိအမှတ်ပြုတယ်။ ဒီလိုမှမဟုတ်ရင်..."

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now