အခန်း (၁၆၉) ဂိုဏ်းဘိုးဘေးနှင့် ဂိုဏ်းချုပ်

188 10 0
                                    

ရဲ့ချန် နှင့် လျှို့ယွဲ့တိုက်သည် အသံထွက်ပေါ်လာရာ နေရာသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် ကောင်းကင်တွင် ပျံသန်းလာသော လူသုံးဦးကို မြင်လိုက်ရသည်။ ထိုလူသုံးဦးသည် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ အမျိုးသား နှစ်ယောက်က အသက်ငါးဆယ် ၀န်းကျင်ခန့် ရှိပြီး အမျိုးသမီးက အသက်သုံးဆယ် ၀န်းကျင်ခန့် ရှိသည်။
သူတို့၏ရုပ်ရည်က အသက်ငါးဆယ်အောက်သာ ရှိသေးသည်ဟု ထင်ရသော်လည်း သူတို့သုံးယောက်၏ တကယ့်တကယ် အသက်က အသက်တစ်ရာ ကျော်နေပြီ ဖြစ်၏။
သူတို့သုံးယောက်၏အင်အားက ကောင်းကင်နယ်ပယ် အစောပိုင်းအဆင့်များ ဖြစ်ကြသည်။ သူတို့သုံးယောက်ထဲတွင် သုရမ်က ဂိုဏ်းချုပ် ဖြစ်သည်။ တစ်ဖက်က သုချောင် နှင့် သုချင်းတို့ နှစ်ယောက်သည် သုရမ်ထက်ပင် အသက်ကြီးသော သက်တော်ရှည် ဂိုဏ်းဘိုးဘေးများ ဖြစ်ကြသည်။
သူတို့သုံးယောက်သည် ဂိုဏ်း၀င်းထဲသို့ ဆင်းလာကြသည်။ ထို့နောက် သူတို့သည် သုဂွန် နှင့် သုနာရူတို့က သေဆုံးနေကြပြီး ဂိုဏ်းတပည့်များကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားကြောင်း မြင်လိုက်ရ၏။
ထိုအရာအား၏ တရားခံသည် အနားတွင် ရှိသော ရဲ့ချန် နှင့် လျှို့ယွဲ့တို့ ဖြစ်မည်မှာ သေချာ၏။
“ ယွဲ့၊ နင်နောက်ဆုတ် နေလိုက်၊ ငါ သူတို့ကို တာ၀န်ယူလိုက်မယ် “ ရဲ့ချန်က လျှို့ယွဲ့ကို ဤနေရာနှင့် ခပ်ဝေးဝေးတွင် နေရန် ပြောလိုက်သည်။
“ ဟုတ် … “ လျှို့ယွဲ့က ဘာမျှ စောဒက မတက်ဘဲ အဆိပ်ဂိုဏ်း၏တည်နေရာမှ အဝေးသို့ ချက်ချင်း ထွက်ခွာသွားတော့သည်။
ရဲ့ချန်က ကောင်းကင်းပေါ်သို့ ပျံတက်သွားပြိး အသစ်ရောက်ရှိလာသော ကျင့်ကြံသူသုံးဦးနှင့် မျက်နှာချင်းဆိုင် နေရာတွင် ရပ်လိုက်သည်။
“ မင်းဘယ်သူလဲ၊ ဘာဖြစ်လို့ ငါတို့ဂိုဏ်းကို ဒီလို လုပ်ရတာလဲ “ သုရမ်က ချက်ချင်း မတိုက်ခိုက်ပေ။ ရဲ့ချန်က သူတို့ဂိုဏ်းကို တိုက်ခိုက်ရသည့် အကြောင်းရင်းကို သူသိလိုသည် မဟုတ်ပါလား။
“ အနက်ရောင်ဂိုဏ်း တစ်ဂိုဏ်းကို တိုက်ခိုက်ဖို့ အကြောင်းပြချက် အထူးတလည် လိုသေးလို့လား၊ ခင်ဗျားက ကျုပ်ကို ဟာသတွေ လာပြောနေတာလား “ ရဲ့ချန်သည် ထိုလူ၏စကားများက ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
“ လူငယ်လေး၊ မင်းက အတော် အတင့်ရဲတာပဲ “ သုချောင်က ရဲ့ချန်ကို အော်ပြောလိုက်သည်။ နှစ်ပေါင်းနှစ်ရာ နီးပါးခန့် အသက်ရှင်နေထိုင်ခဲ့သော အဘိုးအိုကြီး တစ်ယောက်အဖြစ် သုချောင်သည် ရဲ့ချန်ကဲ့သို့ ဘ၀င်မြင့် မောက်မာသည့် လူငယ်တစ်ဦးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ အကိုကြီး၊ ဘာဖြစ်လို့ ဒီလိုလူမျိုးတွေနဲ့ စိတ်ရှုပ်ခံပြီး စကားများနေတာလဲ၊ နေနေ ကျွန်မ သူ့ကို သတ်လိုက်မယ် “ သုချင်းက စိတ်မြန်လက်မြန် ရှိသော မိန်းမတစ်ယောက် ဖြစ်သောကြောင့် ရဲ့ချန်က အချိန်မဆိုင်းဘဲ သတ်ချင်စိတ် ပေါက်သွား၏။
သုချင်းက ရဲ့ချန်ကို တိုက်ခိုက်ရန် ကြိုးစားသော ပထတမဆုံး လူဖြစ်သည်။ သူမက အဆိပ်လက်သည်းကို အသုံးပြုပြီး ရဲ့ချန်အား ၀င်ရောက် တိုက်ခိုက်လိုက်တော့သည်။
ဂိုဏ်းဘိုးဘေး တစ်ယောက် ဖြစ်သည်နှင့်အညီ သုချင်း၏အင်အားက သုရမ်၏အထက်တွင် ရှိသည်။ ထိုအမျိုးသမီးက အလွန်တရာ ရက်စက်တတ်သော သူအဖြစ် ကျော်ကြားလှပေသည်။ သူမက ရန်သူကို ခွင့်လွှတ်ဖို့ တောင်းပန်သည်အထိ ညှင်းပမ်းနှိက်စက်ပြီးမှ သတ်ဖြတ်လေ့ရှိပေသည်။
“ ဘမ်း … “ ရဲ့ချန်က သူ၏ဘယ်ဘက်လက်ဖြင့် သုချင်း၏ရင်ဘတ်ကို ထိုးချလိုက်သည်။
ထိုလက်သီးချက်ကို ခံလိုက်ရပြီး သုချင်းက မီတာတစ်ရာ ကျော်ကျော်ခန့်အထိ ပြန်လည် ဆုတ်ခွာလာပြီး သူမ၏ရင်ဘတ်ကို နာကျင်စွာ ဆုပ်ကိုင်ထားလေသည်။ သူမ၏ခရမ်းရောင် နှုတ်ခမ်းမှလည်း သွေးများက ယိုစီးကျလာလေသည်။
“ ညီမလေး … ဂိုဏ်းဘိုးဘေး “ သုရမ် နှင့် သုချောင်တို့က သုချင်း၏ဘေးသို့ ချက်ချင်း ရောက်လာပြီး အခြေအနေကို စစ်ဆေးလိုက်သည်။
“ နင် အဆင်ပြေရဲ့လား “ သုချောင်က သုချင်းအား နာကျင်မှုများ သက်သာစေရန် သူ၏စွမ်းအင်များဖြင့် အားဖြည့်ပေးလိုက်သည်။
သုချောင်သည် သုချင်းတွင် ရှိသော စွမ်းအား၏အတိမ်အနက်ကို နားလည်မှု အရှိဆုံး လူတစ်ယောက်ပင် ဖြစ်၏။ ကောင်းကင်နယ်ပယ် အဆင့်နှစ်တွင် ရှိသော သုချင်းကို ဒဏ်ရာရရှိရန်အတွက် ထိုလူက လက်သီးတစ်ချက်ကိုသာ အသုံးပြုခဲ့သည်။
ထို့အပြင် ထိုလူ၏အင်အားကလည်း မြေကြီးနယ်ပယ် အဆင့်နှစ်မျှသာ ရှိသေးသည် မဟုတ်ပါလား။ ယင်းက ကျင့်ကြံသူများ၏ အတွေးအမြင်များကို ကျော်လွန်နေသည့် တစ်စုံတစ်ခုပင် ဖြစ်၏။
“ ကျွန်မ အဆင်ပြေပါတယ် “ သုချင်းက ရဲ့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာင်ပင် သူမ၏သတ်ဖြတ်ခြင်း အော်ရာများကလည်း အလွန်တရာ အားကောင်းလာတော့သည်။
“ တကယ်ပါပဲ၊ ကျုပ်က အားနည်းတဲ့ မိန်းမတွေကို ရိုက်ရတာ အမှန်တကယ် မနှစ်သက်လှဘူးဗျာ၊ ဒါပေမဲ့ ခင်ဗျားတို့ကတိုက်ချင်တယ် ဆိုတော့ ကျုပ်ကလည်း ဖျော်ဖြေပေးရမှာပေါ့ “ ရဲ့ချန်က သူတိုသုံးယောက်ကို ရှေ့သို့ အတူတူ တက်လာရန် ပြောလိုက်သည်။
“ ဒီလူက အတော်လေး အားကောင်းတယ်၊ ငါတို့ အတူတူလက်တွဲပြီး အနိုင်ယူလိုက်ကြရအောင် “ သုချောင်က သုရမ် နှင့် သုချင်ကို ရဲ့ချန်အား အတူလက်တွဲ တိုက်ခိုက်ရန် ပြောလိုက်သည်။
သုချောင် နှင့် သုချင်းတို့၏ ခန္ဓာကိုယ်မှ နက်ရှိုင်းသော အော်ရာများ ပေါက်ကွဲထွက်လာကြသည်။ ထို့နောက် သူတို့နှစ်ယောက်က တိုက်ခိုက်ရန် ရဲ့ချန်ဆီ ပြေး၀င်သွားတော့သည်။ နောက်တွင် ကျန်ခဲ့သော သုရမ်၏တာ၀န်က ရဲ့ချန်ကို အဆိပ်မုတ္တာများဖြင့် အဆက်မပြတ် ပစ်ခက်ရန် ဖြစ်သည်။ ယင်းသည် ရဲ့ချန်၏လှုပ်ရှားမှုများကို နှောင့်နှေးစေရန် ရည်ရွယ်၏။ သို့မှသာ သုချောင် နှင့် သုချင်းတို့က ရဲ့ချန်ကို ခိုက်တိုက်ရာတွင် ပို၍ အလှည့်အပြောင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … “ ကောင်းကင်အထက်တွင် ရဲ့ချန်သည် သုချောင်၊ သုချင်းတို့နှင့် သိုင်းကွက် အမြောက်အမြား ဖလှယ်နေကြသည်။
သုချောင် နှင့် သုချင်းတို့သည် ဖိအားကို ခံစားနေရသည်။ ရဲ့ချန်နှင့် အပြန်အလှန် တိုက်ခိုက်မိသည့် အကြိမ်တိုင်း သူတို့ ရှုံးနိမ့်မည်ဟူသော ခံစားချက်ကို ရရှိနေသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် သုရမ်၏ အဆိပ်မုတ္တာများကလည်း ရဲ့ချန်၏ခန္ဓာကိုယ်ကို တစ်ချက်မျှ မထိသေးချေ။ ရဲ့ချန်ကို ထိမိတော့မည့် အကြိမ်တိုင်း ထိုအဆိပ်မုတ္တာများကို လွှမ်းမိုးနိုင်သော အင်အားတစ်ခုက တားဆီးထားခဲ့သည် မဟုတ်ပါလား။
“ တောက် … ဒီလူနဲ့ကျမှ ဘာတွေ ဖြစ်နေတာလဲကွာ၊ သူ့ရဲ့အင်အားက ဘာဖြစ်လို့ လုံးလုံး ပုံမှန် မဟုတ်ရတာလဲ “ ရဲ့ချန်က အလွန်တရာ ထူးဆန်းနေသည်ဟု သုချောင် ခံစားနေရသည်။ ထိုလူ၏အင်အားကလည်း လုံး၀ သာမန် မဟုတ်ပေ။
“ အကိုကြီး၊ ဒီလူ့ကို သတ်ဖို့ ဟိုသိုင်းကွက်ကို အသုံးပြုကြစို့ “ သုချင်းက ရဲ့ချန်ကို တိုက်ခိုက်ရန်အတွက် သိုင်းကွက်တစ်ခုကို အသုံးပြုမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
“ ကောင်းပြီး၊ သုံးတာပေါ့ “ သုချောင် နှင့် သုချင်းတို့က ဆန့်ကျင်ဘက်အရပ်ဆီသို့ ပျံသန်းသွားကြသည်။ ယခု သူတို့က ရဲ့ချန်၏ ဘယ်ဘက်နှင့်ညာဘက်တွင် နေရာယူထားကြသည်။
“ မရဏ အဆိပ်မှိုင်း “ သုချောင် နှင့် သုချင်းတို့သည် ပါးစပ်ကို ဖွင့်ပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ သုချောင်၏ပါးစပ်ထဲမှ အစိမ်းရောင် အငွေ့များ ထွက်လာပြီး သုချင်း၏ပါးစပ်ထဲမှ ခရမ်းရောင် အငွေ့များ ထွက်လာတော့သည်။
ထိုအစိမ်းရောင် နှင့် ခရမ်းရောင် အငွေ့နှစ်ခုတို့သည် ရဲ့ချန်၏ခန္ဓာကိုယ်ပေါ် စတင် လွှမ်းခြုံသွားတော့သည်။ ထိုအငွေ့နှစ်မျိုးတို့ ပေါင်းစပ်ပြီးနောက် အလွန် အန္တရာယ်ရှိသော ဓာတုဓာတ်ပြုမှုတို့ကို ဖြစ်ပေါ်စေသည်။
ထိုအဆိပ်သည် အလွန်တရာ အန္တရာယ်ရှိသော အရာ၀တ္ထုတစ်ခုလို ဖြစ်သွားခဲ့သည်။ ထိုအဆိပ်က လူ၏ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် သူ၏အသားအရည်များက အရိုးသာ ကျန်သည်အထိ အရည်ပျော်သွားမည် ဖြစ်၏။
သာမန်လူဖြစ်စေ ကျင့်ကြံသူဖြစ်စေ ထိုအဆိပ်သင့်သည်နှင့် စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်က အရိုးထိတိုင် အရည်ပျော်သွားမည် ဖြစ်၏။
ထို့အပြင် ထိုအဆိပ်ငွေ့ကို သုချောင် နှင့် သုချင်းတို့၏ သိုင်းပညာဖြင့် ပေါင်းစပ်ထားသောကြောင့် ပိုမို အစွမ်းတက် လာလေသည်။
“ ထူးဆန်းလိုက်တာ၊ ငါတို့ ဘာဖြစ်လို့ အော်ဟစ်သံကို မကြားရတာလဲ “ သုချောင်တစ်ယောက် ထူးထူးဆန်းဆန်း ခံစားနေရ၏။ သူသ ရဲ့ချန်၏အော်ဟစ်သံကို မကြားရဘူး မဟုတ်လား။
ဤသိုင်းကွက်၏သက်ရောက်မှုကို ခံလိုက်ရသော လူတိုင်းသည် အမြဲလမ်းလိုလို သူတို့၏အသားအရည်များ အရည်ပျော်သွားသောကြောင့် နာကျင်စွာ အော်ဟစ်နေလေ့ ရှိပေသည်။ ထူးဆန်းသည်က သူတို့သည် ယခုချိန်ထိ အော်ဟစ်သံ တစ်သံမျှ မကြားရသေးဘူး မဟုတ်လား။
“ ဒီလူက ငါတို့ရဲ့အဆိပ်ကြောင့် ချက်ချင်း သေသွားတာလားမှ မသိတာ “ အဆိပ်မယ်သုချင်းသည် ရဲ့ချန်က သူတို့၏အဆိပ်ကြောင့် ချက်ချင်း သေသွားသည်ဟု ထင်နေသည်။
အဆိပ်ငွေ့များထဲတွင် အလင်း၏ရောင်ခြည်တစ်ခုက ပန်းထွက်လာတော့သည်။ ထိုအလင်းသည် တည်ရှိနေသော အဆိပ်ငွေ့များ အားလုံးကို ဝါးမြိုပစ်သည်အထိ တဖြည်းဖြည်း ကြီးမာလာတော့သည်။
ထို့နောက် အလင်း၏အမှုန်အမွှားများက မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုကြီးမားသော မီးတောက်ကြီးက ရဲ့ချန်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
“ သူက ငါတို့ရဲ့သိုင်းကွက်နဲ့ အထိခံပြီးတာတောင် ဘာဖြစ်လို့ နာကျင်မှု မရှိရတာလဲ “ သုချင်းသည် သူမ နှင့် သုချောင်တို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်လိုက်သော အဆိပ်ငွေ့များ အထိခံပြီးသည့်တိုင် ဒဏ်ရာ နည်းနည်းမျှပင် ရရှိမသွားသည့် ရဲ့ချန်ကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ရဲ့ချန်၏အ၀တ်အစားများပင် ပွန်းရာပဲ့ရာ ထင်သော အရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။
အလွန်တရာ အံ့အားသင့်နေပုံပေါ်နေသည့် သုချောင် နှင့် သုချင်းကို ရဲ့ချန် တစ်ချက် စိုက်ကြည့်လိုက်သည်။ “ ကျုပ်က ခင်ဗျားတို့နဲ့ နည်းနည်းလောက် ဆက်ကစားချင်သေးတာ၊ ကံမကောင်းစွာပဲ ကျုပ်မှာ အဲ့အတွက် အချိန် မရှိတော့ဘူး၊ ဒီတော့ ပွဲကို မြန်မြန် အပြီးသတ်လိုက်ကြတာပေါ “ ရဲ့ချန်က ဤနေရာတွင် အချိန်ကြာကြာ ဆက်မနေလိုတော့ပေ။ ထို့ကြောင့် သူက အရာအားလုံးကို ချက်ချင်း အဆုံးသတ်လိုခြင်း ဖြစ်သည်။
“ မင်း အဲလောက်အထိ ဖင်ခေါင်းကျယ်မနေစမ်းပါနဲ့၊ လာ စလိုက်ကြရအောင် …  “ သုချင်းသည် သူမ၏စကားကိုပင် အဆုံးမသတ်နိုင်သေးခင် ရဲ့ချန်က သူမကို မြေကြီးပေါ်သို့ ကန်ချပစ်လိုက်ပြီ ဖြစ်၏။
သုချင်းတစ်ယောက် မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားပြီး သွေးအနက်များကို တအောအော့ အန်ချနေလေသည်။
“ အတင့်ရဲလိုက်တဲ့ကောင်၊ ဒါကို ခံစားကြည့်စမ်း၊ အဆိပ်ပေါက်ကွဲ လက်သည်း … “ သုချောင်က သူ၏လက်သည်းဖြင့် ရဲ့ချန်၏ကျောကို ကုတ်ချလိုက်တော့သည်။
ရဲ့ချန်က အရိပ်ကိုးခု ခြေလှမ်းကို အသုံးပြုပြီး သုချောင်၏လက်သည်းချက်ကို ရှောင်တိမ်းလိုက်သည်။ “ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း “ ရဲ့ချန်က သုချောင်၏ဦးခေါင်းကို ညာဘက်ကနေ ရိုက်ခွဲပစ်လိုက်သည်။
“ ဘုန်း … “ သုချောင်က မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားလေသည်။ ထိုအရှိန်ကြောင့် မြေပေါ်တွင် အလွန်တရာ ကြီးမားသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ ထိုချိုင့်ဝှမ်းကြီး၏ အလယ်တွင် သုချောင်က သွေးအလုပ်လိုက် အလုပ်လိုက် အန်ထုတ်နေရလေသည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now