အခန်း (၁၈၃) ဓားခုနစ်ချောင်းဂိုဏ်းသား

308 13 0
                                    

ထိုအချိန်တွင် အဆောက်အဦတစ်ခု၏ အပေါ်၌ ရှေးဟောင်း တရုတ်ရိုးရာ အ၀တ်အစားများ ၀တ်ဆင်ထားသည့် လူနှစ်ဦးက မတ်တပ် ရပ်နေ၏။ သူတို့၏ကျောပေါ်တွင်လည်း ဓားများကို လွယ်ထားကြလေသည်။
သူတို့ထဲက တစ်ယောက်သည် ကျောတွင် ဓားသုံးချောင်းကို လွယ်ထားပြီး အခြားတစ်ယောက်က ကျောပေါ်တွင် ဓားနှစ်ချောင်းကို လွယ်ထားခြင်း ဖြစ်သည်။
“ ရှောင်ခင်၊ ဆိုတော့ ဒီနေရာက မင်းမော်တယ် လောကမှာ နေတုန်းက နေခဲ့တဲ့နေရာပေါ့ “ ကျောပေါ်တွင် ဓားသုံးချောင်း လွယ်ထားသည့် ပုဂ္ဂိုလ်က ရှောင်ခင့်ကို မေးလိုက်၏။
“ အကိုကျင်းဝူ၊ ကျုပ်ရဲ့မိသားစုကနေ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကတည်းက ထွက်လာခဲ့တာ၊ ကျုပ်က ကျင့်ကြံသူတို့ရဲ့ လောကကို ၀င်ရောက်လာပေမဲ့ သူတို့ကို မေ့လို့မရသေးဘူးဗျာ “ ရှောင်ခင်ဟု အမည်ရှိသည့် လူက ကျင်းဝူကို ပြောလိုက်၏။
သူတို့နှစ်ယောက်၏ နာမည်က ရှောင်ခင် နှင့် ကျင်းဝူ ဖြစ်သည်။ ရှောင်ခင်က မြေကြီးနယ်ပယ် ပထမအဆင့် ဖြစ်ပြီး ကျင်းဝူက မြေကြီးနယ်ပယ် အထွတ်အထိပ် အဆင့်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက ဓားခုနှစ်ချောင်း ဂိုဏ်းသားများ ဖြစ်ကြ၏။
“ တန်ခိုးကျင့်လာတဲ့ သက်တမ်းတစ်လျှောက် မင်းရဲ့အမြန်နှုန်းက အသိပြုထိုက်ပါတယ်၊ ဒါပေမဲ့ မင်းက မော်တယ်လောကက အစွဲအလမ်းတွေကို ခုထက်ထိ စိတ်ထဲက မထုတ်နိုင်သေးဘူး၊ မင်း ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မော်တယ်လောကကို မေ့ပြီး အင်မော်တယ်လောကကိုသာ အားရုံစိုက်သင့်တယ် “
ကျင့်ကြံသူများသည် အသက်ရာကျော် နေထိုင်နိုင်ကြသော်လည်း မော်တယ်လောကက လူများကတော့ အသက်တိုတိုလေးသာ နေထိုင်နိုင်ကြသည်။ ထို့ကြောင့် မိသားစု ဖြစ်နေသည့်တိုင် သူတို့နှင့် အဆက်အဆံ မလုပ်သည်က အကောင်းဆုံး ဖြစ်ပေသည်။
“ ဟုတ်ကဲ့၊ ကျုပ်နားလည်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျုပ် အဲ့လို မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ သံယောဇဉ်ကြိုးဆိုတာက အရာအားလုံးထက် ပိုပြီး ခိုင်မြဲလှသကိုး “ ရှောင်ခင်က ကျင်းဝူ ပြောသည့်အတိုင်း မလုပ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“ ငါ နားလည်ပါတယ်ကွာ၊ ငါတို့ မော်တယ်လောကမှာ ရက်နည်းနည်းလောက်တော့ နေကြတာပေါ့၊ ဆရာပြန်လာလို့ ငါတို့ကို ရှာမတွေ့ဘူးဆိုရင် သူက သေချာပေါက် အပြစ်ပေးလိမ့်မယ် “ ကျင်းဝူသည် အချိန်မှီ ပြန်မရောက်လျှင် ဂိုဏ်းကနေ ခွင့်ပြုချက် မရှိဘဲ ထွက်လာသည့်အတွက် ဆရာက အပြစ်ပေးမည်ဖြစ်ကြောင်း ပြောလိုက်၏။
အကို ကျင်းဝူ၊ ဆရာက ဘယ်ကို ထွက်သွားတာလဲ၊ ကျုပ်တို့က သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်သွားတယ်လို့ပဲ သိထားကြတယ်၊ ဒါပေမဲ့ ဆရာ ဘယ်ကိုထွက်သွားတယ်ဆိုတာ မသိရဘူးလေ “ ရှောင်ခင်က မေးလိုက်၏။
“ ဆရာက ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ အစည်းအဝေးပွဲရှိလို့ ထွက်သွားတာ၊ သူတို့ ဘာအကြောင်းတွေ ဆွေးနွေးမလဲဆိုတာတော့ ငါလည်း မသိဘူး “ ကျင်းဝူက ပြောလိုက်၏။
“ ဟုတ်ကဲ့၊ ကျုပ်နားလည်ပါပြီ “ ရှောင်ခင်က ထို့ထက်ပို၍ မေးခွန်းများ မမေးတော့ပေ။ ကျင်းဝူက နောက်ထပ် အသေးစိတ်များကို မသိနိုင်တော့ကြောင်း သူသိထားသည် မဟုတ်ပါလား။
“ သွားရအောင် “ ရှောင်ခင်က ကျင်းဝူကို သူ၏မိသားစုပိုင် အိမ်ထဲသို့ ခေါ်လာခဲ့သည်။
ထို့နောက် ရှောင်ခင်က ရှောင်မိသားစု အိမ်တော်ကို တံခါးခေါက်လိုက်သည်။ မိနစ်အနည်းငယ်အတွင်း အိမ်တံခါးက ပွင့်လာသည်။ အိမ်တံခါး ဖွင့်ပေးသည့်လူက ရှောင်လုမန် ဖြစ်သည်။
“ ခင်ဗျားတို့က ဘယ်သူတွေလဲ “ ရှောင်လုမန်၏ ပထမဆုံး တုန့်ပြန်မှုက ထိုလူနှစ်ယောက်ကို မေးခွန်းမေးခြင်း ဖြစ်သည်။
ရှောင်လုမန်သည် နောက်ကျောတွင် ဓားများ လွယ်ထားသည့် လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ အထိတ်တလန့် ဖြစ်သွားလေသည်။ ထိုလူနှစ်ယောက်သည် တစ်ယောက်ယောက်က လွှတ်လိုက်သည့် လူသတ်သမားများ ဖြစ်မည်လောဟု တွေးတောမိလိုက်သည်။
ရှောင်ခင်သည် တံခါးလာဖွင့်သည့် လူက လူငယ်လေးတစ်ယောက် ဖြစ်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် ထိုလူငယ်လေး၏မျက်နှာကတော့ အကိုဖြစ်သူနှင့် အတော်လေး တူညီလှပေသည်။
“ မင်းအဖေ အထဲမှာလား “ ရှောင်ခင်က မေးလိုက်၏။
“ ဒါပေါ့၊ ကျုပ်ခေါ်သွားပေးမယ် “ ရှောင်လုမန်သည် ဖခင်ဖြစ်သူကို မေးလိုက်သည့်လူက ရင်းနှီးလှသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူက ဖခင်ဖြစ်သူထံ ချက်ချင်း ခေါ်သွားပေးလိုက်၏။
ရှောင်လုမန်သည် လမ်းလျှောက်ရာတွင် အနည်းငယ် ယိမ်းယိုင်နေသေး၏။ ရဲ့ချန် ပိတ်ကန်ခဲ့သည့် နေရာက ယခုတိုင် နာကျင်နေသေးသည် မဟုတ်ပါလား။ သူသည်လည်း မနေ့က အနှိပ်စက် ခံထားရသည့် ကိစ္စကို ရဲ့ချန်ကို အမှန်တကယ် လက်စားချေလိုနေပြီ ဖြစ်၏။
မိနစ်အနည်းငယ်ခန့် ကြာပြီသော် ရှောင်လုမန်၏ဖခင်ထံ ရောက်ရှိလာပြီ ဖြစ်၏။ ရှောင်လုမန်၏ဖခင် နာမည်က ရှောင်လင် ဖြစ်သည်။
“ ညီလေး၊ မင်းပြန်လာပြီလား “ လှမ်း၀င်လာသည့် လူကို ကြည့်ရင်း ရှောင်လင်က ကြိုဆိုလိုက်၏။
“ အကိုကြီး၊ ငါတို့ မတွေ့ရတာ အတော် ကြာခဲ့ပြီနော် “ ရှောင်ခင်က ရှောင်လင်၏ ခန္ဓာကိုယ်ကြီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။ သူက အကိုဖြစ်သူကို လွမ်းနေသည် မဟုတ်ပါလား။
“ ညီလေးခင်၊ မင်းက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က အတိုင်းပဲ ဘာမှ မပြောင်းလဲပါလား “ ရှောင်လင်သည် ရှောင်ခင့်ကို ကြည့်ပြီး တအံ့တသြ ဖြစ်နေလေသည်။
“ ဟဟဟ … အကိုလည်း အဲဒီလို လုပ်နိုင်ပါတယ် “ ရှောင်ခင်က ထိုချီးကျူးမှုကို အရယ်ဖြင့်သာ တုန့်ပြန်လိုက်လေသည်။
“ ညီလေးခင်၊ သူက ဘယ်သူလဲ “ ရှောင်လင်သည် ရှောင်ခင်၏ဘေးတွင် ရှိနေသည့်လူကို မေးလိုက်၏။
“ ဒါက ကျုပ်တို့ဂိုဏ်းက စီနီယာ အကို ကျင်းဝူပါ “ ရှောင်ခင်က ကျင်းဝူကို အလွန်တရာ ရိုသေလေးစားနေဟန် ရှိနေ၏။
“ နှုတ်ဆက်ပါတယ်၊ စီနီယာ ကျင်း “ ညီဖြစ်သူက ကျင်းဝူကို မည်မျှ ရိုသေလေးစား နေသည်ကို ကြည့်ရင်း ရှောင်လင်ကလည်း သူ့ကို အလေးထားလိုက်တော့သည်။
ကျင်းဝူက မည်သည့်စကားမျှ ပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ အထဲသွားကြစို့၊ အစားအသောက်တွေလည်း ပြင်ဆင်ထားပြီးပါပြီ “ ရှောင်လင်က လူနှစ်ယောက်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
“ အဖေ၊ သူက ဦးလေးလို့ ပြောလိုက်တာလား၊ သူက ဘာဖြစ်လို့ ဒီလောက်ထိ ငယ်ရွယ်နေရတာလဲ “ ရှောင်လုမန်သည် ဦးလေးဖြစ်သူက အတော်လေး ငယ်ရွယ်နေသည့်အတွက် အံ့အားသင့်နေသည်။ ဦးလေးဖြစ်သူ၏အသက်က သူ၏ဖခင်ထက်ပင် ကြီးနေသင့်သည် မဟုတ်ပါလား။ ထို့ကြောင့် ရှောင်လုမန်သည် ဦးလေးဖြစ်သူက သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဟု တွေးထင်ထားခဲ့သည်။
“ ဒါက ဘာဖြစ်လို့လဲ ဆိုတော့ … သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ပေါ့၊ သူ့အသက်ကို ခန့်မှန်းဖို့က အရမ်း ခက်ခဲတယ် “ ရှောင်လင်သည် ရှောင်ခင်က သာမန်လူတို့ထက် အသက်ပိုရှည်သည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ပြောလိုက်၏။
“ ဪ … “ ရှောင်လုမန်က ဖခင်ဖြစ်သူကို ခေါင်းညိတ်ပြလိုက်၏။
ရှောင်ခင် နှင့် ရှောင်လူမန်တို့သည် စားသောက်ပွဲ ကျင်းပရာ အခန်းထဲသို့ လျှောက်လာကြ၏။ ထိုနေရာက ထိုင်ခုံတစ်ခုပေါ်တွင် သက်လတ်ပိုင်းအရွယ် လူကြီးကတစ်ဦးက ထိုင်နေ၏။
ထိုလူက ရှောင်လုမန်၏အဘိုး ရှောင်ရှန်း ဖြစ်၏။
“ ကြိုဆိုပါတယ် “ တစ်ခဏအတွင်း ရှောင်ရှန်းက ရှောင်ခင် နှင့် ကျင်းဝူတို့၏ ရောက်ရှိလာမှုကို ကြိုဆိုလိုက်၏။
“ အဖေ “ ရှောင်ခင်က ဖခင်ဖြစ်သူကို ချက်ချင်း အရိုသေ ပေးလိုက်၏။ သူက ဖခင်နှင့် နှစ်ပေါင်းနှစ်ဆယ်ပင် ဝေးကွာနေရသည် မဟုတ်ပါလား။
“ မင်းက အရင်ကအတိုင်း အတူတူပါပဲလား၊ ဘာမှ မပြောင်းလဲဘူး “ ရှောင်ရှန်းသည် ရှောင်ခင့်က လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတိုင်း မပြောင်းလဲဘဲ ရှိနေသည်ကို မြင်လိုက်ရ၏။
“ စားစရာတွေ စားကြစို့ကွာ “ ရှောင်ရှန်းက လူတိုင်းကို ထိုင်ခုံများတွင် ၀င်ထိုင်ရန် ပြောလိုက်၏။
ရှောင်ခင် နှင့် ကျင်းဝူက ထိုင်ခုံများတွင် ၀င်ထိုင်လိုက်ကြသည်။ စားပွဲပေါ်တွင်တော့ သေချာ ဂရုတစိုက် ပြင်ဆင်ထားသည့် စားစရာ အမြောက်အမြား ရှိပေသည်။
ထို့အပြင် စားပွဲပေါ်တွင် စျေးအကြီးဆုံး ဝိုင်များပင် တည်ခင်း ထားလေသည်။ ရှောင်ရှန်းက ဝိုင်ကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ “ ချီးယား … “ လူတိုင်းကလည်း ရှောင်ရှန်းလုပ်သလို လိုက်လုပ်ကြလေသည်။
ထိုအချိန်တွင် ကျင်းဝူတစ်ယောက်က မတုန်မလှုပ် ထိုင်နေခြင်း ဖြစ်သည်။ သူက မော်တယ်လောကက ဝိုင်များကို သောက်လိုစိတ် မရှိပေ။ မော်တယ်လောကက ဝိုင်အရသာကို သူ မြည်းစမ်းကြည့်ပြီးပြီ ဖြစ်၏။ အရသာက အလွန်တရာ ညံ့ဖျင်းလှပေသည်။
ကျင်းဝူက ဝိုင်မသောက်ချင် ဖြစ်နေပုံကို ကြည့်ရင်း ရှောင်ရှန်းက ထိုကိစ္စအတွက် စိတ်မကွက်ပေ။ သူသည် ကျင့်ကြံသူများ မလုပ်လိုသည့်အရာကို တွန်းအားပေးနိုင်စွမ်း မရှိဘူး မဟုတ်လား။
ဆုတောင်းပွဲ ပြုလုပ်ပြီးနောက် အစားအစာများကို စတင် စားသောက်တော့သည်။ ရှောင်လင် နှင့် ရှောင်ရှန်းတို့သည် ရှောင်ခင့်ကို နှစ်နှစ်ဆယ်တိုင်တိုင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ချက်ချင်း မေးမြန်းတော့သည်။
သူတို့သည် ရှောင်ခင့်ကို အဘယ်ကြောင့် နှစ်နှစ်ဆယ်လုံးလုံး အိမ်သို့ တစ်ခါမျှ ပြန်မလာနိုင်သည့် အကြောင်းများကို စကားရိပ် မသန်းပေ။
ရှောင်ခင်က ရှောင်လင် နှင့် ရှောင်ရှန်တို့၏ မေးခွန်းများကို ဖြေပေးလိုက်သည်။ သို့သော် တချို့မေးခွန်းများကိုတော့ ဂိုဏ်း၏ပေါက်ကြား၍ မဖြစ်သည့် လျှို့ဝှက်ချက်များ ဖြစ်သောကြောင့် မဖြေခဲ့ပေ။
ရှောင်ခင်သာ ဂိုဏ်း၏လျှို့ဝှက်ချက်များကို ထုတ်ပြောလိုက်လျှင် သူက သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။ ထို့အပြင် မော်တယ်လောကက သူ၏မိသားစုကိုပင် ဓားခုနှစ်ချောင်းဂိုဏ်းက အလွတ်ပေးမည် မဟုတ်ပေ။
ထို့နောက် ရှောင်ခင်က ဂိုဏ်းက အကြောင်းများကို ပြန်လည် ပြောဆိုရာတွင် အလွန်တရာ ဂရုစိုက်နေရလေသည်။
“ ဦးလေး၊ ကျွန်တော် ဦးလေးဆီက အကူညီ တစ်ခုလောက် တောင်းစရာရှိတယ် “ ရှောင်လုက ပြောလိုက်၏။
“ ဘာအကူညီလဲ “ ရှောင်ခင်က မေးလိုက်၏။
“ ကျွန်တော် လူတစ်ယောက်ကို ပညာပေးချင်တယ်၊ မနေ့တုန်းက အဲ့လူက ကျွန်တော့်ကို ချသွားတယ် “ ရှောင်လုမန်သည် ရဲ့ချန်ကို ပညာပေးရန် ဦးလေးဖြစ်သူထံ အကူညီ တောင်းလိုက်၏။
အနည်းဆုံးတော့ သူ၏မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်ဖြစ် သို့မဟုတ် လအတော်ကြာအောင် ဆေးရုံပေါ်တွင် လဲနေရလောက်၏။
“ အဲဒါ ဘယ်သူလဲ၊ ငါ့ကို ပြောစမ်းပါ၊ ရှောင်မိသားစုကို ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူးကွ “ ရှောင်ခင်သည် ရှောင်မိသားစုကို လူတဟ်ယောက်က အနိုင်ကျင့်နေသည်ဟု ကြားပြီး အလွန်အမင်း ဒေါသထွက်သွားလေသည်။
“ ဒီမှာ ဒါက ရဲ့ချန်တဲ့၊ ဒါက သူ့ဓာတ်ပုံ “ ရှောင်လုမန်က ရှောင်ခင်အား ရဲ့ချန်၏ဓာတ်ပုံကို ပေးလိုက်၏။
ရှောင်လုမန်သည် သိုင်းပညာအခန်း အဖွဲ့သားများကို ရဲချန်ကို ဓာတ်ပုံ ခိုးရိုက်ထားရန် ပြောထားခဲ့သည် မဟုတ်ပါလား။
ရှောင်ခင်က ရဲ့ချန်၏ဓာတ်ပုံကို လှမ်းယူလိုက်၏။ “ မင်းကို ချလိုက်တဲ့ကောင်က ဒီကောင်လား “ ရှောင်ခင်က မေးလိုက်၏။
“ ဟုတ်ကဲ့၊ ကျွန်တော့်ကို အမုန်းကျွေးလွှတ်လိုက်တဲ့ကောင်က အဲဒီကောင်ပဲ “ ရှောင်လုမန်သည် ရှောင်ခင်၏ရှေ့တွင် အဖြစ်သနစ် အစုံကို ပြောပြလိုက်တော့သည်။
“ စိတ်ချလက်ချ နေပါ၊ ငါ သူ့ကို ပညာကောင်းကောင်း ပေးလိုက်ပါ့မယ် “ ရှောင်ခင်က ပြောလိုက်၏။
ကျင်းဝူက ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်၀င်စားမှု စိုးစဉ်းမျှ မရှိချေ။ ရှောင်ခင်၏အစွမ်းဖြင့် ဆိုလျှင်ပင် ထိုလူ့ကို ပညာပေးရန်က အလွန်တရာ လွယ်ကူနေပြီ မဟုတ်ပါလား။
ရှောင်ခင်က ရဲ့ချန်ကို သတ်ပစ်မည် ဆိုလျှင်ပင် သူက စိတ်ရှိမည် မဟုတ်ပေ။ သူ့အတွက်တော့ မော်တယ်လောကက လူများသည် ပုရွတ်ဆိတ်များပင် ဖြစ်သည်။ ထို့ကြောင့် ထိုလူများ၏ သေခြင်း၊ ရှင်ခြင်းက သူ့အတွက် အရေးမပါတော့ပေ။
ရှောင်ခင်က အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ရဲ့ချန်၏ ဓာတ်ပုံကို ထိုအဆောင်စာရွက်ပေါ်တွင် တင်လိုက်သည်။ တဖြည်းဖြည်းနှင့် ထိုစာရွက်က စက္ကူငှက်လေးတစ်ရုပ်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုစက္ကူငှက်ရုပ်လေး၏ အခြေခံစည်းမျဉ်းက ပျားထီးတစ်ကောင်နှင့် အတူတူပင် ဖြစ်၏။ ယင်းက ရဲ့ချန်ကို အရပ်မျက်နှာ အသီးသီးကနေ စောင့်ကြည့်နေမည် ဖြစ်၏။ ခြားနားချက်သည် ၎င်းက လူများကို ပိုမို လွယ်ကူပြီး အဝေးက နေရာများအထိ လိုက်လံ ရှာဖွေပေးနိုင်ခြင်း ဖြစ်သည်။
ယခု စက္ကူငှက်လေးက ရဲ့ချန်ကို ရှာဖွေရန် ထွက်ခွာသွားပြီ ဖြစ်သည်။ ရှောင်ခင်တို့က ရလဒ်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now