အခန်း (၁၉၁) ဂိုဏ်းကြီးလေးဂိုဏ်း၏ အစည်းအဝေးပွဲ

185 12 0
                                    

မူလန်ယင်းသည် အနီး၀န်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ၏အကြည့်တို့က ရဲ့ချန်ထိုင်နေသည့် နေရာသို့ ရောက်လာတော့သည်။ ဝါးခမောက်ကြီး ဆောင်းထားသည့် ရဲ့ချန်ကို မြင်လိုက်ရသောအခါ မူလန်ယင်းတစ်ယောက် ထိုလူနှင့် ရင်းနှီးသည်ဟု ခံစားလိုက်ရ၏။
မူလန်ယင်းသည် ရဲ့ချန်ကို အပေါ်စီးမှ သေချာ စူးစမ်းကြည့်လိုက်သည်။ မူလန်ယင်း၏ အကြည့်စူးစူးကို ခံလိုက်ရသည့် ရဲ့ချန်သည် အောက်သို့ ငုံ့ပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။ မူလန်ယင်းသာ ယခုချိန် သူ့ကို မြင်တွေ့သွားလျှင် ကောင်းသောအရာများ ဖြစ်လာမည် မဟုတ်ပေ။
ထိုနတ်သမီးလေးက သူမ၏ဓားကို ဆွဲထုတ်ပြီး သူ့ကို သတ်ရန်ကြိုးစားမည်မှာ သေချာသလောက် ရှိ၏။
ထိုလူက မည်သူမှန်း သဲလွန်စ ရှာမရသောကြောင့် သူမသည် ရဲ့ချန်အပေါ် အာရုံစိုက်နေသည့် သူမ၏အကြည့်များကို တစ်ဖက်သို့ လွှဲပြီး ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် မီးတောင်ကြားဂိုဏ်းတို့ဆီ ပြန်ကြည့်လိုက်သည်။
ဤကိစ္စတွင် မူလန်ယင်းသည် သူမတို့အုပ်စုက အားအနည်းဆုံးဖြစ်သည်ဟု ခံစားနေရ၏။ မီးတောင်ကြားဂိုဏ်းပင် အနည်းဆုံး အင်အားစု တစ်ခုအဖြစ် ကောင်းကင်နယ်ပယ် အထွတ်အထိပ်ဆင့်ရှိသည့် လူခုနှစ်ယောက်ကို ခေါ်လာခဲ့သည်။
ထိုအချိန်တွင် မီးတောင်ကြားဂိုဏ်းက ရှေးဟောင်းရတနာသိုက်ကို အပိုင်သိမ်းရန် အရာအားလုံးကို စနစ်တကျ ပြင်ဆင်ထားပေသည်။
ဂိုဏ်းအားလုံးသည် ရှေးဟောင်းရတနာသိုက်ထဲက ကောင်းမွန်သည့် အရာတစ်ခုခု ရရှိရန် မျှော်လင့်ထားကြသည်။ သူတို့သည် ရှေးဟောင်းရတနာသိုက်ထဲက ရရှိလာသည့် တန်ဖိုးကြီး ပစ္စည်းများကို သူတို့လေးစားရသည့် ဂိုဏ်းထံသို့ ပြန်လည် ယူဆောင်သွားလိုကြသည် မဟုတ်ပါလား။
“ အေးစိမ့်ရေခဲဂိုဏ်းက လူအားလုံးက အမြဲတမ်း အေးစက်စက်ပဲ နေလေ့ရှိကြတယ်၊ သူတို့က သူတို့အနားကို ချဉ်းကပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုကြဘူး “ သက်လတ်ပိုင်းအရွယ် လူကြီးသည် အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးငါးယောက်က သူမတို့အနားသို့ မည်သူမျှ မချဉ်းကပ်နိုင်ရန် တွန်းလှန်နိုင်သည့် အော်ရာတစ်ခု ထုတ်လွင့်နေကြောင်း ရှင်းပြလိုက်သည်။
ဂိုဏ်းကြီးလေးဂိုဏ်းထဲတွင် အေးစိမ့်ရေခဲဂိုဏ်းက စည်းကမ်း အတင်းကျပ်ဆုံး ဖြစ်သည်။ သူတို့ဂိုဏ်းက ဂိုဏ်းတပည့်များကို အပြင်သို့ ထွက်ခွင့်ပြုသည်ကလည်း အလွန်တရာ ရှားပါးလှပေသည်။
ထို့ကြောင့် အေးစိမ့်ရေခဲဂိုဏ်းက သတင်းများကို ရရှိရန် အလွန်တရာ ခက်ခဲလှပေသည်။
အေးစိမ်ရေခဲဂိုဏ်း ရောက်လာခြင်းနှင့်အတူ ဤနေရာတွင် လူများကလည်း တဖြည်းဖြည်း ရောက်လာကြပြီး ဓားခုနှစ်ချောင်းဂိုဏ်းကို စောင့်စားနေကြလေသည်။
ဓားခုနှစ်ချောင်းဂိုဏ်းသည် ဂိုဏ်းများအတွင်း အင်အားအကြီးဆုံး ဖြစ်သည်နှင့်အညီ သူတို့က ဦးဆုံး ရောက်လာသင့်ပေသည်။ သို့သော် အရင်ဆုံးရောက်လာသည့်ဂိုဏ်းက မီးတောင်ကြားဂိုဏ်း ဖြစ်နေသည် မဟုတ်ပါလား။
အချိန်က တဖြည်းဖြည်း နှောင်းလာပြီး အမှောင်ထုပင် အစပျိုးလာပြီ ဖြစ်၏။ စောင့်စားနေသည့် လူများကလည်း စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးလာတော့သည်။
“ ကြည့်ရတာတော့ ဓားခုနှစ်ချောင်းဂိုဏ်းက မလာတော့ဘူးနဲ့တူတယ်၊ ဒီကြောင့် ငါတို့ အခု အစည်းဝေးပွဲကို စဖို့ပဲ လိုတော့တယ်မလား “ ဖန့်သူသည် ရှေးဟောင်းရတနာသိုက်ကို ဖုံးလွှမ်းထားသည့် အစီရင်များကို မည်သို့ ဖျက်ဆီးမည်ဖြစ်ကြောင်း ဆွေးနွေးမည့်ပွဲကို စတင်ရန် ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် အေးစိမ့်ရေခဲဂိုဏ်းကို အကြံပေးလိုက်သည်။
ဖန့်သူသည် သဘာတူထားသည့် ရက်အားလုံးကို စောင့်ဆိုင်းရန် ပြောထားခဲ့သော်လည်း သူက အတော်လေး စိတ်လောသည့်သူ ဖြစ်ပေသည်။ သို့သော် ဤအစည်းဝေးပွဲသည် လွန်ခဲ့သည့် သုံးပတ်က သဘောတူထားခြင်း ဖြစ်၏။ ဓားခုနှစ်ချောင်းဂိုဏ်းကလည်း အတော်လေး နောက်ကျနေသည့်တိုင် ရောက်မလာသေးပေ။ ယင်းသည် ဖန်သူ့ကို စိတ်မရှည်ဖြစ်စေသည့် အချက်ပင် ဖြစ်သည်။
အစကတည်းက မီးတောင်ကြားဂိုဏ်းသည် ဓားခုနှစ်ချောင်းဂိုဏ်းနှင့် အနည်းငယ် မကျေလည်မှုများ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဖန့်သူက ဤကဲ့သို့ ဓားခုနှစ်ချောင်းဂိုဏ်း ကြန့်ကြာနေမှုအပေါ် ဘ၀င်မကျ ဖြစ်နေခြင်းပင် ဖြစ်၏။
“ ခစ်ခစ်ခစ် … ခေါင်းဆောင်ဖန့်က အတော်လောတဲ့ လူတစ်ယောက်ပဲ၊ ဓားခုနှစ်ချောင်း မလာဘူးဆိုရင် ရှေးဟောင်း ရတနာသိုက်ထဲ၀င်ဖို့ စည်းတံဆိပ်တွေ ချိုးဖြတ်တဲ့အခါ ကျွန်မတို့ စွမ်းအားက နည်းသွားမှာ သေချာတယ် “ ချင်းချမ်က တခစ်ခစ် ရယ်မောနေသည်။ သူမ၏အသံက အတော်လေး သာယာပြီး ဆွဲဆောင်မှု ရှိပေသည်။ ချင်းချမ်၏အသံကို ကြားလိုက်ရသည့် ကျင့်ကြံသူ ယောက်ျားသားများသည် သူတို့၏ခန္ဓာကိုယ်များက ပျော့ခွေလာသည်ဟု ခံစားလိုက်ရ၏။
ရွေ့လျားပြီး လှုပ်ရှားမှုနှင့်ပင် ထိုမိန်းကလေးက အမှန်တကယ် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။ ချင်းချမ်သည် ဤနေရာတွင် ရှိသည့် ယောက်ျားသားများ အားလုံးကို သူမ၏ကစားစရာ အရုပ်များ ဖြစ်လာရန် မည်သို့ လုပ်ရမှန်း ကောင်းကောင်း နားလည်ပေသည်။
ရဲ့ချန်သည်လည်း ချင်းချမ်၏ အလွန်တရာ ဆွဲဆောင်မှုရှိပြီး ပွင့်လင်းသည့် အမူအရာကို မြင်လိုက်ရသည်။ ထိုမိန်းမလှလေးက ကာမကဝေ ၀င်စားသည့် မိန်းကလေးဟူသော ဘွဲ့ဖြင့် အမှန်တကယ် ထိုက်တန်လှပေသည်။
“ ကျွန်မက ခေါင်းဆောင်ချင်းနဲ့ သဘောထား အတူတူပဲ၊ ဓားခုနှစ်ချောင်းဂိုဏ်းသာ မလာဘူးဆိုရင် ရှေးဟောင်းရတနာသိုက်ကို ကာကွယ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးတဲ့အခါကျ ကျွန်မတို့ အားနည်းသွားနိုင်တယ် “ မူလန်ယင်းက ချင်းချမ်၏စကားကို သဘောတူလိုက်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းက အငြင်းအခုံ ဖြစ်နေစဉ် အခန်းတံခါးက ပွင့်လာပြီး တည်းခိုခန်းထဲသို့ လူခုနှစ်ယောက် ၀င်ရောက်လာသည်။ ထိုအုပ်စုက အမျိုးသား ခြောက်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြသည်။ သူတို့က ဤနေရာကလူများ စောင့်စားနေကြသည့် ဓားခုနှစ်ချောင်းဂိုဏ်းသားများ ဖြစ်ကြသည်။ သူတို့၏ပုံစံကလည်း အတော်လေး သားနားပြီး အထက်တန်း ကျလှပေသည်။
ထိုလူခုနှစ်ယောက်က မည်သူမျှ ဝါးခမောက် ဆောင်းမထားကြပေ။ သူတို့က သူတို့၏မူလရုပ်သွင်ကို ယုံကြည်ချက်ရှိရှိ ပြသထားလေသည်။
ဓားခုနှစ်ချောင်းဂိုဏ်းအုပ်စုထဲက အမျိုးသမီးက အတော်လေး လှပပေသည်။ သူမသည် မူလန်ယင်းလောက် မလှ၊ ချင်းချမ်လောက် ဆွဲဆောင်မှု မရှိသော်လည်း ထိုမိန်းမလှလေးတွင် ရှေးကျသည့် ညှို့ဓာတ်တစ်ခု ရှိနေသည်ဟု ဆိုနိုင်သည်။
ရဲ့ချန်သည် ထိုလူအုပ်စုက ကျင့်ကြံမှုအခြေခံ အတော်လေး အားကောင်းကြောင်း မြင်လိုက်ရသည်။ အစွမ်းအထက်ဆုံးဆိုလျှင် ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ်ပင် ရှိလေသည်။
ထိုကွာခြားချက်သည် အခြားဂိုဏ်းကြီးသုံးဂိုဏ်း မယှဉ်ပြိုင်နိုင်သည့် ကွာခြားချက် ဖြစ်ပေသည်။
ထိုလူခုနှစ်ယောက်က အလွန်တရာ မောက်မာဟန်ဖြင့် လမ်းလျှောက်လာကြသည်။ ကြည့်ရသည်မှာ သူတို့က ဤနေရာတွင်ရှိသည့် လူတိုင်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားပုံ ရ၏။
ဓားခုနှစ်ချောင်းဂိုဏ်းက ဤနေရာတွင် ရှိနေသည့် အခြားဂိုဏ်းကြီးသုံးဂိုဏ်းကို နှုတ်ပင် မဆက်ပေ။
“ ဂိုဏ်းခေါင်းဆောင် ကျန့်၊ ခင်ဗျား ရောက်လာတာ နောက်ကျတယ် “ ဖန့်သူသည် ခရီးရောက်မဆိုက် ချက်ချင်း အပြစ်တင်လိုက်သည်။ ဖန့်သူသည် စိတ်ရှည် သည်းခံနိုင်မှု မရှိတော့ဘဲ သူ၏ဒေါသကို ထုတ်ပြရန် စိတ်အားထက်သန်နေ၏။
“ ငါတို့ နောက်ကျတော့ ဘာဖြစ်လဲ၊ ငါတို့ နောက်ကျပြီးရောက်ရောက်၊ စောပြီးပဲ ရောက်ရောက် အဲဒါ ငါတို့အပေါ် မူတည်တယ် “ ဖန့်သူကို ပြန်ဖြေလိုက်သူက ဓားခုနှစ်ချောင်းဂိုဏ်း၏ ခေါင်းဆောင် မဟုတ်ပေ။ သူက ဓားခုနှစ်ချောင်းဂိုဏ်း၏ ပထမအကြီးအကဲ ကျန့်ကျင်း ဖြစ်ပေသည်။
“ ကျန့်ကျင်း ငါ့ရှေ့မှာလာပြီး ဖင်ခေါင်း မကျယ်နဲ့၊ ငါ မင်းနဲ့စကားပြောနေတာ မဟုတ်ဘူး၊ ငါ အခု စကားပြောနေတာက ခေါင်းဆောင် ကျန့်ယန်ကို “ ဖန့်သူသည် ဓားခုနှစ်ချောင်းက သက်သက်မဲ့ ရန်လာစခြင်းကို လုံး၀ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ထိုင်ခုံပေါ်မှ ထရပ်ပြီး သူ၏အရှိအဝါကို ဖွင့်ထုတ်လိုက်သည်။
ကျန့်ကျင်းကလည်း ငြိမ်မနေတော့ဘဲ သူ၏အရှိန်အဝါများကို ဖွင့်ထုတ်လိုက်တော့သည်။ သူတို့နှစ်ယောက်သည် ကောင်းကင်နယ်ပယ် အဆင့်ကိုး ကျင့်ကြံသူများဖြစ်သည်နှင့်အညီ သူတို့၏အရှိန်အဝါကြောင့် အဆောက်အဦက ပျဉ်ချပ်များပင် ခါထွက်ကုန်၏။
“ ရပ်စမ်း … “ ထိုအချိန်တွင် ဓားခုနှစ်ချောင်းဂိုဏ်း၏ ခေါင်းဆောင်က ကျန့်ကျင်း နှင့် ဖန့်သူတို့အကြား ၀င်တားလိုက်တော့သည်။
ကျင်းယန်သည် ဤကဲ့သို့ လူနှစ်ယောက် တိုက်ခိုက်လုလု ဖြစ်သွားသည်ကို ကြည့်ပြီး ဘ၀င်မကျ ဖြစ်သွားလေသည်။ သူတို့အားလုံး သည်နေရာသို့ လာသည့် အကြောင်းရင်းက ရှေးဟောင်းရတနာသိုက်ကို ကာကွယ်ထားသည့် စည်းတံဆိပ်များကို အတူတကွ ဖျက်ဆီးရန် အတွက်သာ ဖြစ်ပေသည်။
ဤအချိန်တွင် ဂိုဏ်းလေးဂိုဏ်းက မိမိတို့၏မကျေလည်မှုများကို ဘေးချိတ်ထားရမည် ဖြစ်သည်။ သို့မှသာ သူတို့က ရှေးဟောင်းရတနာသိုက်ကို ကာကွယ်ထားသည့် စည်းတံဆိပ်များကို ဖျက်ဆီးရာတွင် အတူတကွ အလုပ်လုပ်နိုင်မည် ဖြစ်သည်။
“ မင်း ကံကောင်းသွားတယ် မှတ်ပါ၊ နောက်တစ်ခါဆိုရင် မင်းနေရာ မင်းသိသွားအောင် ငါလုပ်ရလိမ့်မယ် “ ကျန့်ကျင်းက ခပ်ရိုင်းရိုင်း ပြောဆိုလိုက်သည်။
“ မင်းကများ ငါ့ကို လျော့တွက်ရဲတယ် “ ဖန့်သူသည် ကျန့်ကျင်းက နောက်တစ်ကြိမ် ရန်စနေသောကြောင့် ဒေါသ ထောင်းခနဲ့ ထွက်သွားတော့သည်။
“ ငါ မင်းတို့ကို ရပ်လို့ ပြောနေတယ်လေ “ ထိုအချိန်တွင် ကျင်းယန်က သူ၏အရှိန်အဝါကို ဖွင့်ထုတ်ပြီး ထိုလူနှစ်ယောက်ကို ဖိနှိမ်ထားလိုက်သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် ကျင်းယန် ထုတ်လွှတ်လိုက်သည့် အစွမ်းကို ခံစားလိုက်ရသည်။ ယခု ကျင်းယန်၏အင်အားက ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
မိန်းမလှနှစ်ယောက်က ကျင်းယန်၏နောက်တွင် ကျန်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ် တစ်ယောက်၏ သိမ်မွေ့သည့် အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရသောကြောင့် ဖန့်သူ နှင့် ကျန့်ကျင်းတို့က တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်။ ကျင်းယန် ထုတ်လွှတ်လိုက်သည့် အရှိန်အဝါက သူတို့အပေါ် အတော်လေး ခြိမ်းခြောက်မှု ရှိနေသည် မဟုတ်ပါလား။
“ အားလုံး ပြန်ထိုင်ကြ၊ ဆွေးနွေးပွဲကို စလိုက်ကြရအောင် “ ကျင်းယန်သည် သူခေါ်လာသည့် လူများကို အသင့်ပြင်ထားသော ထိုင်ခုံများတွင် ၀င်ထိုင်ရန် ပြောလိုက်သည်။
ဂိုဏ်းကြီးလေးဂိုဏ်းက ဝိုင်းထိုင်လိုက်ကြသည်။ သူတို့၏ပတ်ပတ်လည်တွင် သူတို့၏စကားကို နားထောင်နေသော ကျင့်ကြံသူများစွာ ရှိပေသည်။
ဂိုဏ်းကြီးလေးဂိုဏ်းကတော့ ရှေးဟောင်းရတနာသိုက်ကို ကာရံထားသည့် စည်းတံဆိပ်အား မည်သို့ ဖျက်ဆီးကြမည်နှင့် ပတ်သက်ပြီး အကျေအလည် ဆွေးနွေးကြနေတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now