အခန်း (၁၈၉) ချယ်ရီပန်းပွင့်ဂိုဏ်းနှင့် မီးတောင်ကြားဂိုဏ်း

214 11 0
                                    

စံအိမ်သို့ ပြန်ရောက်လာပြီးနောက် ရှောင်လုလုက အ၀တ်စားအိတ်များကို သယ်ဆောင်ပြီး အခန်းထဲ ၀င်ရောက်သွားတော့သည်။ ရဲ့ချန်က ရှေးဟောင်းရတနာသိုက် တည်နေရာကို ဖော်ပြထားသည့် မြေပုံကို ထုတ်ယူလိုက်သည်။
လီစွန်းဟီပေးခဲ့သည့် မြေပုံက ရှင်းတော့ မရှင်းလင်းပေ။ ရဲ့ချန်က ထိုမြေပုံကို စိတ်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်သည်။
မြေပုံအား ဦးနှောက်ထဲတွင် စွဲနေအောင် မှတ်သားပြီးနောက် ရဲ့ချန်က ရှေးဟောင်း ရတနာသိုက်ရှိသည့် နေရာ သို့ ချက်ချင်း ပျံသန်းလာခဲ့သည်။ ဤခရီးက အချိန်တော့ အတော်ကြာအောင် ယူရလေသည်။ ရှေးဟောင်း ရတနာသိုက် ရှိသည့် နေရာသို့ ရောက်ရန် ရဲ့ချန် အနည်းဆုံး သုံးနာရီခန့် ကြာအောင် ခရီးသွားရလေသည်။
မြေပုံ၏ညွှန်ပြချက်အတိုင်း ရဲ့ချန် ရောက်ရှိလာခဲ့သည်။ ရှေးဟောင်း ရတနာသိုက်၏ တည်နေရာသည် ဝေးလံခေါင်သီသည့် ဒေသတစ်ခု ဖြစ်ပေသည်။ ရှေးဟောင်း ရတနာသိုက်၏ တည်နေရာက ရွာတစ်ရွာနှင့် မလှမ်းမဝေးပေ။
ရဲ့ချန်သည် ထိုရွာ၏အနီး၀န်းကျင်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် ဂိုဏ်းကြီးလေးဂိုဏ်းက ကျင့်ကြံသူများလည်း ရောက်ရှိကောင်း ရောက်ရှိနေနိုင်သည် မဟုတ်ပါလား။
ရဲ့ချန်သည် အနက်ရောင် ၀တ်ရုံတစ်ထည် နှင့် ဝါးခမောက်တစ်လုံးကို သင့်တော်သလို ဆင်မြန်းလိုက်သည်။ ယင်းသည် သူ၏ရုပ်သွင်ကို ကောင်းကောင်း ဖုံးကွယ်ပေးနိုင်သည် မဟုတ်ပါလား။
သူ၏ရုပ်သွင်ကို ဖုံးကွယ်ပြီးနောက် ရဲ့ချန်က ရွာထဲသို့ ၀င်လာခဲ့သည်။ ထိုရွာလေးက အတော်လေး ခေတ်နောက်ကျ ကျန်နေဆဲသာ ဖြစ်၏။ ထိုနေရာတွင် လျှပ်စစ် သို့မဟုတ် လျှပ်စစ်ပစ္စည်း တစ်ခုခုပင် ရှိမနေပေ။
ထိုရွာလေး၏ တည်နေရာသည် လမ်းပမ်းဆက်သွယ်ရေး မရောက်ရှိသေးသောကြောင့် သွားရေးလာရေး အင်မတန် ခက်ခဲလှပေသည်။
ထိုရွာလေး၏ရွာသူ ရွာသားများသည် ကုန်ပစ္စည်း ဖလှယ်သည့် နည်းလမ်းကိုသာ အသုံးပြုဆဲ ရှိသေး၏။ သို့သော် ထိုနေရာတွင် ဒေါ်လာကို လက်ခံလိုသည့် လူအချို့တော့ ရှိနေသေး၏။
ရဲ့ချန်က ထိုရွာက ရွာခံတစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။ “ တစ်ဆိတ်လောက်ဗျ၊ ဒီရွာထဲက တည်းခိုခန်းက ဘယ်နေရာမှာ ရှိတာလဲဗျ၊ ကျုပ်ကို ပြောပြလို့ရမလား “ ရဲ့ချန်က မေးလိုက်သည်။
“ နောင်ကြီး၊ ဒီကနေ တည့်တည့်သွား၊ ပြီးရင် ညာဘက် ချိုးလိုက်၊ အဲဒီနေရာမှာ အဆောက်အဦကြီးတစ်ခု ရှိလိမ့်မယ်၊ အဲဒါက ကျုပ်တို့ရွာရဲ့ တစ်ခုတည်းသော တည်းခိုဆောင်ပဲ “ အလွန်တရာ သဘောကောင်းပုံ ရသည့် ရွာသားတစ်ယောက်က ရဲ့ချန် သွားလိုက်သည့် နေရာကို ညွှန်ပြလိုက်သည်။
“ ဟုတ်ကဲ့၊ ကျေးဇူးအများကြီး တင်ပါတယ်ဗျ “ ရဲ့ချန်က ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် ရဲ့ချန်က ရွာသားညွှန်ပြသည့် နေရာသို့ ထွက်လာခဲ့သည်။
ရွာသား ပြောသည့်အတိုင်း လျှောက်လာပြီးသော် ရဲ့ချန်သည် အတော်လေး ကြီးမားပြီး ခမ်းနားသည့် ပျဉ်ထောင် အဆောင်အဦကြီး တစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ထိုအဆောက်အဦတွင် အထပ်သုံးထပ် ပါရှိသည်။ ပထမထပ်သည် ဧည့်သည်များကို ကြိုဆိုသည့်နေရာ ဖြစ်ပုံရပြီး ဒုတိယထပ် နှင့် တတိယထပ်ကတော့ တစ်ယောက်တည်း သမားများအတွက် ဖြစ်ပုံရ၏။
ရဲ့ချန်က တည်းခိုဆောင်ထဲသို့ ချက်ချင်း ၀င်လာခဲ့သည်။ ရဲ့ချန်က တံခါးကို ဖွင့်လိုက်သောအခါ အစားအစာ စားနေသည့် လူအားလုံးက ရဲ့ချန်ကို ချက်ချင်း လှည့်ကြည့်လာကြသည်။
ရဲ့ချန်သည်လည်း သူ့ကို စိုက်ကြည့်နေသည့် လူဒါဇင်ခန့်ကို မြင်လိုက်ရ၏။ သူ့ကို လှမ်းကြည့်နေသည့် လူအားလုံးနီးပါးသည် မြေကြီးနယ်ပယ် အစောပိုင်းအဆင့်မှ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ဆင့် ကျင့်ကြံသူများပင် ဖြစ်ကြသည်။
ထိုနေရာတွင် မြေကြီးနယ်ပယ်ထက် နိမ့်ကျသည့် ကျင့်ကြံသူ တစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် သည်နေရာက ကျင့်ကြံသူများသည် ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက အစွမ်းထက်ဆုံး လူများပင် ဖြစ်ကြောင်း သိနိုင်၏။
ရဲ့ချန်က သူတို့ စောင်းဆိုင်းနေသည့် လူမဟုတ်မှန်း သိသည်နှင့် ထိုလူများသည် သူတို့၏အကြည့်များကို ချက်ချင်း လွဲဖယ်သွားကြသည်။
သူတို့အတွက် ရဲ့ချန်က အာရုံစိုက်မှု ရရှိရန် ထိုက်တန်သောသူ ဖြစ်မနေပေ။
ထိုနေရာက ကျင့်ကြံသူများကလည်း သူတို့၏ရုပ်သွင်ကို ဖုံးကွယ်ရန် ဝါးခမောက်ကို ဆောင်းထားကြပေသည်။
ရဲ့ချန်က ထိုင်ခုံတစ်ခုံ ရှာပြီး နေရာယူလိုက်သည်။ ထို့နောက် စားစရာ နှင့် သောက်စရာအချို့ကို မှာယူပြီး သူ၏အနီးနားက လူများနှင့် ရောနှောပြီး နေနေလိုက်သည်။
ရဲ့ချန် အနီး၀န်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ ဤနေရာတွင် ကောင်းကင်နယ်ပယ် အထွတ်အထိပ်ဆင့် ကျင့်ကြံသူ တစ်ယောက်စီရှိသည့် အဖွဲ့နှစ်ဖွဲ့ ရှိသည်။ ပထမအဖွဲ့သည် မီးတောက်တစ်ခု တောက်လောင်နေသည့် ၀တ်စုံကို ၀တ်ဆင်ထားသော လူခုနှစ်ယောက် ပါ၀င်၏။ ဒုတိယအုပ်စုတွင် မိန်းမချောလေးယောက် နှင့် အမျိုးသားတစ်ယောက် ပါ၀င်ပြီး ပန်းနုရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားကြ၏။
ထိုအမျိုးသမီးများက အရွယ်ရောက်ပြီး ဆွဲဆောင်မှု ရှိသည် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။ သူမတို့သည် ယောက်ျားသားများ စားသုံးသည့်အခါ အလွန်တရာ အရသာရှိမည့် အပြည့်အ၀ မှည့်၀င်းနေသော သစ်သီးများနှင့် တူ၏။ သူမတို့တွင် အချို့ယောက်ျားများ ခဏခဏ လှည့်လှည့်ကြည့်မိသည်အထိ ဖြစ်စေနိုင်သည့် အထူးဆွဲဆောင်မှုများလည်း ရှိပေသည်။ ကံမကောင်းစွာ ထိုမိန်းကလေးငါးယောက်က ဝါးခမောက်များ အသီးသီး ဆောင်ထားပြီး မျက်နှာကိုလည်း အ၀တ်စဖြင့် စီးထားလေသည်။ ထို့ကြောင့် သူမတို့၏မျက်နှာကို မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအုပ်စုနှစ်စုကို ကောင်းကင်နယ်ပယ် အထွက်အထိပ်ဆင့် ကျင့်ကြံသူတစ်ဦးစီက ဦးဆောင်ထားလေသည်။
ရဲ့ချန်သည် ကျင့်ကြံမှု အခြေခံ အတန်အသင့် မြင့်မားသည့် အုပ်စုနှစ်ခုနှင့် ပတ်သက်ပြီး စတင် သုံးသပ်ကြည့်လိုက်သည်။ သိရသရွေ့ သူတို့နှစ်ဖွဲ့က ဂိုဏ်းကြီးလေးဂိုဏ်းမှ လာကြသူများ ဖြစ်ပုံရ၏။
“ မိတ်ဆွေ၊ ကျုပ် ဒီမှာ ထိုင်လို့ရမလား “ ရဲ့ချန်တစ်ယောက် ထိုအုပ်စုနှစ်စုကို လေ့လာနေစဉ် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက ရဲ့ချန်၏ဘေးက ထိုင်ခုံတွင် ထိုင်လိုကြောင်း လာပြော၏။ ထိုလူကြီးက မြေကြီးနယ်ပယ် အထွတ်ထိပ်ဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်၏။
“ ဪ … ရပါတယ်၊ ထိုင်ပါ “ ရဲ့ချန်က ထိုလူကြီးကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ ကျေးဇူးပါဗျာ၊ ကျေးဇူးပါ “ ထိုလူကြီးက ရဲ့ချန်နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။
ရဲ့ချန်က အင်အား အကြီးဆုံးဖြစ်သည့် တစ်ဖက်အုပ်စုနှစ်ခုကို ပြန်လည် စောင့်ကြည့်နေလိုက်သည်။
သက်လတ်ပိုင်းအရွယ် လူကြီးက ရဲ့ချန်၏အကြည့်ကို ဖမ်းမိသွား၏။ “ မောင်ရင်က ဂိုဏ်းကြီးလေးဂိုဏ်းက လာတဲ့ အုပ်စုနှစ်စုကို ကြည့်နေတာနဲ့တူတယ် “ သတ်လတ်ပိုင်းအရွယ် လူကြီးက ရဲ့ချန်ကို ပြောလိုက်သည်။ သို့သော် သူ၏အသံက ဂိုဏ်းကြီးလေးဂိုဏ်းက လာသည့် လူများ မကြားနိုင်စေရန် တိုးထားလေသည်။
“ ဦးလေး၊ အဲဒီလူတွေ ဘယ်က လာတယ်ဆိုတာ သိလား “ ရဲ့ချန်သည်လည်း ထိုလူများ မည်သည့်နေရာက လာမှန်း သိချင်စိတ် ဖြစ်နေ၏။
“ တိုးတိုးပြော၊ အသံမကျယ်နဲ့၊ ငါတို့ပြောတာကိုသာ သူတို့ကြားသွားရင် သူတို့က ဒေါသထွက်သွားမှာ သေချာတယ် “ သက်လတ်ပိုင်းအရွယ် လူကြီးက ရဲ့ချန်ကို တိုးတိုးပြောရန် သတိပေးလိုက်သည်။ မည်သူကမျှ ဂိုဏ်းကြီးများနှင့် ပဋိပက္ခ မဖြစ်လိုကြပေ။ ယင်းက သေမင်း နှုတ်ခမ်းမွေးကို သွားဆွဲသည်နှင့် တူနေသည် မဟုတ်ပါလား။
“ အနားတိုးခဲ့၊ ဂိုဏ်းကြီးနှစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းနည်းနည်းလောက် ပြောပြမယ် “ သက်လတ်ပိုင်းအရွယ် လူကြီးက ရဲ့ချန်ကို အနားတိုးရန် ပြောလိုက်သည်။
“ အနီရောင်၀တ်စုံကို ၀တ်ထားတဲ့ အဖွဲ့က မီးတောင်ကြားဂိုဏ်းက လာတဲ့လူတွေပဲ၊ ပြီးတော့ ပန်းနုရောင် ၀တ်စုံကို ၀တ်ထားတဲ့ အဖွဲ့က ချယ်ရီပန်းပွင့်ဂိုဏ်းက လာတဲ့လူတွေပဲ “ သက်လတ်ပိုင်းအရွယ် လူကြီးက ရဲ့ချန်ကို ထိုအုပ်စုနှစ်စု၏ ဂိုဏ်းအမည်များကို ပြောပြလိုက်သည်။
ရဲ့ချန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ “ ဒီတော့ သူတို့နှစ်ဖွဲ့ထဲမှာ ဘယ်အဖွဲ့က အားကောင်းတယ်လို့ ထင်လဲ “ ရဲ့ချန်သည် ထိုအုပ်စုနှစ်စုတွင် မည်သည့်အဖွဲ့က အားကောင်းမှန်း သိချင်စိတ် ဖြစ်လာ၏။
“ အဲဒါတော့ ငါလည်း မသိဘူး၊ သူတို့အင်အားတွေက ဘယ်လောက်သန်မာမှန်း သူတို့ဘာသာသူတို့ပဲ သိကြတယ် “ သက်လတ်ပိုင်းအရွယ် လူကြီးက မသေချာ မရေရာစွာ ပြန်ဖြေလိုက်၏။
“ ဂိုဏ်းရဲ့အစွမ်းကို တိုင်းတာဖို့ အင်အားသတ်မှတ်ချက် အဆင့်တစ်ခုတော့ လုပ်ထားသင့်တယ် မဟုတ်ဘူးလား “ ရဲ့ချန်သည် လီစွန်းဟီက ဂိုဏ်း၏အဆင့်များကို တစ်ခါ ပြောပြထားဖူကြောင်း မှတ်မိနေသေးသည် မဟုတ်ပါလား။
“ မောင်ရင် ဆိုလိုတာက ဂိုဏ်းရဲ့စွမ်းအား အဆင့်လား၊ ဂိုဏ်းရဲ့အဆင့်ကိုတော့ နှစ်ပေါင်းသုံးဆယ်မှာ တစ်ကြိမ်ကျင်းပတဲ့ လူငယ်မျိုးဆက်သစ် ပြိုင်ပွဲအပေါ် အခြေခံပြီး ဆုံးဖြတ်တာပဲ “ သက်လတ်ပိုင်းအရွယ် လူကြီးက ရှင်းပြလိုက်သည်။
“ ဪ … အဲလိုလား “ ရဲ့ချန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ မီးတောင်ကြားဂိုဏ်းကတော့ မီးကျင့်စဉ်ကို လေ့ကျင့်ကြတယ်၊ ပြီးတော့ သူတို့ဂိုဏ်းက ဆေးပညာမှာ အတော်လေး ကျွမ်းကျင်ကြတယ်၊ ဒါကြောင့် တခြားဂိုဏ်းကြီး သုံးဂိုဏ်းက မီးတောင်ကြားဂိုဏ်းကို လိုအပ်ကြတယ်၊ သူတို့အတွက် ဆေးတွေ လိုအပ်တဲ့အခါကျ မီးတောင်ကြားဂိုဏ်းကနေ သင့်တော်တဲ့ စျေးနှုန်းပေးပြီး ၀ယ်ကြရတယ် “ သက်လတ်ပိုင်းအရွယ် လူကြီးက မီးတောင်ကြားဂိုဏ်း၏ အချက်အလက် အနည်းငယ်ကို ရှင်းပြလိုက်သည်။
ရဲ့ချန်ကလည်း သက်လတ်ပိုင်းအရွယ် လူကြီး ရှင်းပြသည့် စကားများကို သေချာ ဂရုတစိုက် နားထောင်နေ၏။
“ ချယ်ရီပန်းပွင့်ဂိုဏ်းကျတော့ သူတို့က ယင်ယန်ကျင့်စဉ်ကို လေ့ကျင်တဲ့ လူတွေပဲ၊ ချယ်ရီပန်းပွင့်ဂိုဏ်းက ယောက်ျားတွေအတွက် နိဗ္ဗာန်ဘုံလို့လည်း ခေါ်လို့ရတယ်၊ အဲဒီက ဂိုဏ်းတပည့်မလေးတွေက အတော်လေး လှပကြပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် အချိုင့်အဝှမ်းလေးတွေ ပိုင်ဆိုင်ကြတယ်၊ ချယ်ရီပန်းပွင့် ဂိုဏ်းတပည့်မလေးတွေက အိပ်ရာပေါ်မှာတော့ အတော်လေး ဆရာကျလှသကွဲ့၊ သူမတို့ရဲ့ လိင်ဆက်ဆံခြင်း အရည်အချင်းကတော့ ဘယ်သူမှ မေးခွန်းထပ်ထုတ်စရာ မလိုအောင်ပါပဲ “ ချယ်ရီပန်းပွင့်ဂိုဏ်းအကြောင်းကို ရှင်းပြနေစဉ် သက်လတ်ပိုင်းအရွယ် လူကြီး၏ပုံစံက အတော်လေး စိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။
ရဲ့ချန်သည် သက်လတ်ပိုင်းအရွယ် လူကြီးက ချယ်ရီပန်းပွင့်ဂိုဏ်းနှင့် ပတ်သက်ပြီး အလွန်တရာ စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး တစ်ချက် ပြုံးမိလိုက်၏။ “ ခင်ဗျား အရင်က ချယ်ရီပန်းပွင့်ဂိုဏ်းဆီ ရောက်ဖူးလား “ သက်လတ်ပိုင်းအရွယ် လူကြီးက ချယ်ရီပန်းပွင့်ဂိုဏ်းနှင့် ပတ်သက်ပြီး အတော်များများ သိထားသည်ကို ကြည့်ခြင်းအားဖြင့် သူက ထိုဂိုဏ်းဆီ ယခင်က ရောက်ဖူးသည်ကြောင်း သိသာနေ၏။
“ ဟုတ်တယ်၊ ငါအရင်က တစ်ကြိမ် ရောက်ဖူးတယ်၊ ငါ မှတ်မိတာ မမှားရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပဲ၊ ငါ ငယ်ငယ်တုန်းကပေါ့ “ သက်လတ်ပိုင်းအရွယ် လူကြီးက လွန်ခဲ့သည့် နှစ်နှစ်ဆယ်က တစ်ကြိမ် ရောက်ဖူးကြောင်း ပြောပြလိုက်၏။
“ ခင်ဗျား အဲဒီ့ကို ဘာသွားလုပ်တာလဲ “ ရဲ့ချန်သည်လည်း သက်လတ်ပိုင်းအရွယ် လူကြီးက ချယ်ရီပန်းပွင့်ဂိုဏ်းသို့ မည်သည့်အရာများ သွားလုပ်မှန်း စိတ်၀င်စားသွား၏။
“ ဒါပေါ့၊ အပျိုစင်မိန်းကလေးက ခေါ်လို့ သွားတာပေါ့ “ သက်လတ်ပိုင်းအရွယ် လူကြီးက ပြောလိုက်သည်။
“ အပျိုစင် မိန်းကလေး ဟုတ်လား၊ ခင်ဗျားပဲ အဲဒီဂိုဏ်းက ယင်ယန် ကျင့်ကြံတဲ့ ဂိုဏ်းဆို၊ ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်တဲ့ အဲလိုဂိုဏ်းမျိုးမှာ ဘယ်လိုလုပ်ပြီး အပျိုစင်မိန်းကလေး ရှိမှာလဲ “ ရဲ့ချန်သည် သက်လတ်ပိုင်းအရွယ် လူကြီး၏စကားကြောင့် ဇဝေဇ၀ါ ဖြစ်သွားလေသည်။
“ မောင်ရင်က အမှန်တကယ် ဘာမှကို မသိသေးတာပဲ၊ ဟူး … ကျုပ် ရှင်းပြပါရစေ “ သက်လတ်ပိုင်းအရွယ် လူကြီးသည် ရဲ့ချန်က ဂိုဏ်းကြီးလေးဂိုဏ်းနှင့် ပတ်သက်ပြီး မည်သည့်အရာမျှ မသိသည့်အတွက် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now