အခန်း (၁၇၂) ရှားချင်ယုရဲ့ ရည်းစားလို့ ပြောရမှာလား

230 13 0
                                    

“ ဂျမ်မော့ရှီရဲ့အကူအညီမပါဘဲ ကျွန်မတို့ရဲ့ကိုယ်ပိုင် စီးပွားရေးလေးက တိုးတက်နိုင်တယ် ဆိုပေမဲ့ အဘိုးရဲ့ဆေးကုမ္ပဏီလေးကို ဒီလိုဖြစ်အောင် လုပ်ပစ်တာက ယေဘုယျ အားဖြင့်ဆို အဖေ့ရဲ့အမှားပဲလေ၊ တခြားလူတွေကဆို အဖေ့ကို အမြဲတမ်း လွယ်လွယ်ကကူကူ လှည့်စားနေတာချည်းပဲ၊ ငွေထုပ်ကြီးကြီးနဲ့သာ ဖျားယောင်းမယ်ဆိုရင် သူတို့တွေ အကုန်လုံးက လွယ်လွယ် ယုံကြည်ပစ်လိုက်ကြတာ၊ သူတို့တွေရဲ့ အသုံးချတာကို မခံပါနဲ့တော့၊ ရပ်လိုက်ပါတော့ “ ထိုဦးလေးကြီးက ရှားချင်ယု၏ ဖခင် ဖြစ်ပေသည်။ ရှားချင်ယုက အဘိုးဖြစ်သူ၏ကိုယ်ပိုင် စီးပွားရေးလေးကို စီမံအုပ်ချုပ်ရာတွင် မနိုင်မနင်း ဖြစ်နေသည့် ဖခင်ဖြစ်သူကို ဆူပူနေခြင်း ဖြစ်သည်။
“ နင်ဘာစကား ပြောလိုက်တာလဲ၊ ငါက နင့်အဖေနော် “ ဦးလေးကြီးသည် မိသားစုပိုင် စီးပွားရေးလေးက သူ၏အမှားကြောင့် ပျက်ဆီးသွားသည်ဟု ရှားချင်ယုက ဆိုနေသောကြောင့် လက်မခံနိုင် ဖြစ်နေပေသည်။
ရှားချင်ယု၏ဖခင် အမည်က ရှားဝူလျမ်း ဖြစ်သည်။ သည်အချိန်တွင် ရှားဝူလျမ်း၏အသက်က လေးဆယ့်ငါးနှစ်ပင် ရှိနေပြီ ဖြစ်သည်။
“ ဆေးလောက အကြောင်းကိုသာ ကျွန်မသိမယ် ဆိုရင်  အဘိုးရဲ့စီးပွားရေးလုပ်ငန်းကိုလည်း ကျွန်မ ကျိမ်းသေ လွှဲပြောင်း ရယူမယ် “ ရှားချင်ယုက စီးပွားရေးမေဂျာဖြင့် ကျောင်းပြီးထားသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် သူမက ဆေးဝါးအမျိုးအမည် လုပ်ငန်းကို လွှဲပြောင်း ရယူရန် သင့်တော်မှု မရှိသေးပေ။ ရှားချင်ယုသည် ဆေးဝါးအမျိုးအမည်များကို အတုလော၊ အစစ်လော ခွဲခြားရန် မည်သို့ စစ်ဆေးရမှန်း မသိပေ။ အဘိုး၏စီးပွားရေးလုပ်ငန်းကိုသာ သူမ အစားထိုး လွှဲပြောင်း ရယူမည်ဆိုလျှင် တခြားဆေးအမျိုးအမည် ကုန်သည်များက သူမကို လိမ်လည်ကောင်း လိမ်လည်နိုင်သည် မဟုတ်ပါလား။
ဆေးဝါးအမျိုးအမည် လုပ်ငန်းက လွယ်ကူသော လုပ်ငန်းတစ်ခုပင် ဖြစ်သည်။ ဆေးအမျိုးအမည်များကို အတုလော၊ အစစ်လော ခွဲခြားနေနိုင်သရွေ့ ထိုလုပ်ငန်းက အဆက်မပြတ် တိုးတက် ဖွံ့ဖြိုးနေမည်သာ ဖြစ်၏။
ဆေးအမျိုးအမည်များကို အတုမှန်းမသိ၊ အစစ်မှန်းမသိ အတင်းသာ စွတ်ရောင်းနေမည်ဆိုလျှင် ၎င်းတို့ကို ၀ယ်ယူသော စျေး၀ယ်သူများက မကျေမနပ် ပြောကြမည်မှာ သေချာ၏။
ထို့ကြောင့်လည်း အဘိုးဖြစ်သူက ဆေးအမျိုးအမည်များကို အကဲဖြတ်သည့် ကိစ္စတွင် အလွန်တရာ ကျွမ်းကျင်မှုရှိသည့် သူမ၏အဖေကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်၏။
ကံမကောင်းစွာပင် ရှားဝူလျမ်း၏ အကြီးမားဆုံး အားနည်းချက်က အကျိုးအမြတ်နှင့် ပတ်သက်လျှင် လောဘကြီးလွန်းခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏စီပွားရေးပါတနာများက အကျိုးအမြတ်နှင့် မြှူဆွယ်ပြီး မကြာခဏ အသုံးချနေကြခြင်းပင် ဖြစ်၏။
ဤကဲ့သို့ အကြံဖြင့် ရောက်လာသူ များလာသည်နှင့်အမျှ အဘိုးဖြစ်သူ၏ ကုမ္ပဏီကလည်း ပိုမို ရှုပ်ယှက်ခတ်ကုန်သည် မဟုတ်ပါလား။
“ အဲဒါကြောင့် နင့်ကို ဂျမ်းမော့ရှီနဲ့ လက်ထပ်ခိုင်းတာပေါ့ဟ၊ ဂျမ်မော့ရှီရဲ့မိသားစုက အရမ်းချမ်းသာတယ်၊ သူတို့က ငါတို့ရဲ့လုပ်ငန်းကို မြို့တော်ထက်တောင် ကျော်သွားအောင် ထောက်ပံ့ပေးမှာ သေချာတယ် “ ရှားဝူလျမ်းက ဂျမ်မော့ရှီနှင့် လက်ထပ်လျှင် မည်သို့ဖြစ်မည် ဆိုတဲ့အကြောင်း ရှင်းပြနေလေသည်။
“ ကျွန်မ လက်မထပ်ချင်ဘူး၊ ကျွန်မမှာ ရည်းစား ရှိတယ် “ ရှားချင်ယုက အလွန်တရာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“ အင့် … နင့်မှာ ဘယ်တုန်းက ရည်းစားက ရှိသွားတာလဲ၊ နင့်ရဲ့အေးစက်စက် အပြုအမူနဲ့ဆို နင့်အနားကို ကပ်နိုင်ဖို့ ဘယ်ယောက်ျားလေးက တတ်နိုင်မှာလဲ “ ရှားဝူလျမ်းက ရှားချင်ယုတွင် ရည်းစားရှိနေမည်ဟု လုံး၀ မယုံကြည်နိုင်ပေ။ သမီးဖြစ်သူ၏ ဤသို့သော သဘောထားဖြင့်ဆိုလျှင် မည်သည့်ယောက်ျားလေးကမျှ သူမအနား ချဉ်းကပ်ဝံ့မည် မဟုတ်ချေ။
“ အဖေက မယုံဘူးလား၊ ဒါဆိုလည်း သက်သေပြရသေးတာပေါ့ … ဟမ့် “ ရှားချင်ယုက တံခါးပေါက် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
တံခါးဝရှေ့တွင် ရဲ့ချန်က မတ်တပ်ရပ်နေသည်။ ရဲ့ချန်က ထိုသားအဖနှစ်ယောက်၏ စကားများကို ကြားခဲ့ပြီးပြီ ဖြစ်သည်။
“ ရဲ့ချန် နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့ “ ရှားချင်ယုက ရဲ့ချန်ဆီ၏အနီးသို့ လျှောက်လာသည်။
သူမ၏အသံကလည်း ထုံးစံအတိုင်း အေးစက်မနေတော့ပေ။ “ အဖေ၊ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ရဲ့ချန်တဲ့၊ သမီး ရည်းစားလေ “ ရှားချင်ယုက ရဲ့ချန်နှင့် ဖခင်ဖြစ်သူကို မိတ်ဆက်ပေးလိုက်၏။ ရှားချင်ယု၏ပုံစ့က အေးစက်နေသေးသည့်တိုင် ယင်းကပင် သူတို့နှစ်ဦးကို ချစ်သူများအဖြစ် ပိုမို ထင်မြင်သွားစေသည်။
“ ဘာ … “ ရဲ့ချန်က အာမေဋိတ်အသံ ထွက်ပေါ်လာသောအခါက ရှားချင်ယုက ရဲ့ချန်၏ခါးကို ချက်ချင်း တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။
သူမ၏မျက်နှာပေါ်က အထိတ်တလန့် ဖြစ်သွားသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ရှားချင်ယုက သူ့ကို ဘာလုပ်ပေးစေချင်မှန်း ရဲ့ချန် သိလိုက်သည်။
သူမက ရဲ့ချန်ကို ရည်းစားအတုအဖြစ် ဟန်ဆောင်ခိုင်းနေသည်မှာ သေချာပေ၏။
“ ဒီလူက “ ရှားဝူလျမ်းက ရဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ရဲ့ချန်၏အ၀တ်အစားများက သာမန်ဆန်လွန်းကြောင်း မြင်လိုက်ရ၏။ ယင်းကို ကြည့်ခြင်းဖြင့် ထိုလူက ငွေကြေးမချမ်းသာသည့် သာမန်လူတန်းစား တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
ရှားဝူလျမ်းက ရဲ့ချန်ကို ငွေကြေးမချမ်းသာသူ တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
“ ချင်းယု၊ ဒါက နင့်ရည်းစားလား၊ သူ့ကြည့်ရတာ ချမ်းသာမယ့် ပုံလည်း မပေါ်ပါလား “ ရှားဝူလျမ်းက ရဲ့ချန်ကို ချက်ချင်း အထင်အမြင် သေးသွားလေသည်။
“ သူချမ်းသာတာ မချမ်းသာတာကို ကျွန်မ ဂရုမစိုက်ဘူး၊ အရေးအကြီးဆုံး အရာက ကျွန်မ သူ့ကို ချစ်နေဖို့ပဲလေ “ ရှားချင်ယုက ဖခင်ဖြစ်သူ၏စကားများကို ငြင်းဆန်လိုက်၏။
ရှားဝူလျမ်းသည် ဒေါသထွက်လာပြီး အံ့ကို တင်းနေအောင် ကြိတ်ထားလေသည်။ မည်သို့ဆိုစေ သမီးဖြစ်သူကို ဂျမ်မော့ရှီ နှင့် လက်ထပ်ရန် ဖိအားပေးရပေမည်။
“ မင်း၊ ငါမင်းကို ဒေါ်လာ နှစ်သန်းပေးမယ်၊ ငါ့သမီးနဲ့ ဝေးဝေးမှာ နေမယ်ဆိုရင် ငါ မင်းကို ဒေါ်လာနှစ်သန်း အလကား ပေးလိုက်မယ် “ ရှားဝူလျမ်းသည် ရဲ့ချန်ကို ရှားချင်ယုအနားက ထွက်ခွာသွားစေရန် ကြေးအကြီးကြီးတစ်ခုဖြင့် ကမ်းလှမ်းလိုက်သည်။
ရဲ့ချန်က ရှားချင်ယုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမက ဖခင်ဖြစ်သူ၏စကားကို ငြင်းဆန်ရန် ခေါင်းကို ခါယမ်းပြသည်။
ထိုအရာကို မြင်ပြိး ရဲ့ချန်က တစ်ချက် ပြုံးလိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း စနောက်လိုသည့် အရောင်များက တလက်လက် တောက်ပသွားလေသည်။
“ ဦးလေး၊ ဦးလေးရဲ့ကမ်းလှမ်းချက်က သေးလွန်းတယ်လို့ မထင်ဘူးလား၊ ဦးလေးရဲ့သမီးက အရမ်းလှလွန်းတယ်ဗျာ၊ ကျုပ်က ဘာဖြစ်လို့ ရှားချင်ယုကို ဒေါ်လာနှစ်သန်းတည်းနဲ့ အစားထိုးရမှာလဲ “ ရဲ့ချန်က ပြောလိုက်သည်။
ရဲ့ချန်ဆီက စကားကို ကြားပြီးနောက် ရှားချင်ယု အတော်လေး ပျော်ရွှင်သွားလေသည်။ သိရသရွေ့ ရဲ့ချန်အပေါ် အကဲဖြတ်မှုက မှားယွင်းသည့်ပုံ မပေါ်ပေ။
“ ဒါပေမဲ့ ခင်ဗျား အကြိမ်နည်းနည်းလောက် ကြေးမြှင့်လိုက်မယ်ဆိုရင်တော့ ကျုပ် နောက်ထပ်တစ်ကြိမ် စဉ်းစားရင် စဉ်းစားပေးမယ်လေ “ ရဲ့ချန်က သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်ချေလိုက်သည်။ ယင်းသည် ငွေသာ ပိုပေးမည်ဆိုလျှင် သူလက်ခံမည် ဖြစ်ကြောင်း အရိပ်အယောင် ပြလိုက်ခြင်း ဖြစ်၏။
“ ဒုန်း … “ ရှားချင်ယု၏စိတ်ထဲတွင် ရဲ့ချန်နှင့် ပတ်သက်ပြီး ကောင်းမွန်သည့် အမြင်လေးများက တစ်မုဟုတ်ချင်း ပျက်စီးသွားလေသည်။ ရဲ့ချန်ကလည်း သူမ၏အဖေကဲ့သို့ ငွေနှင့် ပတ်သက်လျှင် လောဘကြီးသောသူ တစ်ယောက်ပင် ဖြစ်ပေသည်။
ရှားချင်ယုက ရဲ့ချန်ကို အလွန်တရာ အေးစက်နေသော မျက်၀န်းတစ်စုံဖြင့် ကြည့်လိုက်လေသည်။
“ မင်းက လွယ်လွန်းတယ်၊ ကောင်းပြီလေ၊ ငါမင်းကို ဒေါ်လာငါးသန်းအထိ တိုးပေးပါ့မယ်၊ မင်းသာ ငါ့သမီးအနားက ထွက်သွားမယ်ဆိုရင် အခုချက်ချင်း မင်းလိုချင်တဲ့ ပိုက်ဆံကို ငါပေးလိုက်မယ် “ ရှားဝူလျမ်းက ရဲ့ချန်ကို ဒေါ်လာငါးသန်း ချက်ချင်း ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်လေသည်။
ရဲ့ချန်သည် ရှားချင်ယု၏အကြည့်စူးစူးကို ခံစားလိုက်ရ၏။ သို့သော် ရဲ့ချန်က ထိုအကြည့်ကို လျစ်လျူရှုထားလိုက်သည်။
“ ဦးလေး၊ ခင်ဗျားက ကျွန်တော့်ကို လာနောက်နေတာလား၊ ဦးလေးရဲ့သမီးက ဒေါ်လာငါးသန်းပဲ တန်တာလား၊ ဒီလိုဆိုရင် ဦးလေးသမီးကို ကျုပ် ဒေါ်လာငါးသန်း ပေး၀ယ်မယ်လေ၊ ဘယ်လိုလဲ၊ ကျုပ်ကို ရောင်းမလား “ ရဲ့ချန်က ရှားဝူလျမ်းကို ပြန်မေးလိုက်သည်။
“ မင်း … “ ရှားဝူချင်းက ရဲ့ချန်ကို လက်ညှိုးထိုးပြီး ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း မသိဖြစ်နေတော့သည်။
“ ခင်ဗျား နားလည်သွားပြီဆိုတော့ ကျုပ်ရဲ့အဖြေကလည်း ခင်ဗျားလိုပဲပေါ့၊ ကျုပ် ရှားချင်ယုကို ဒေါ်လာငါးသန်းနဲ့ မလဲနိုင်ဘူး “ ရဲ့ချန်က ရှားချင်ယု၏သေးသွယ်သည့် ခါးလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။
ရဲ့ချန်ဆီက နောက်ထပ်စကားများကို ကြားပြီးနောက် ရှားချင်းယု၏ထက်ရှနေသည့် အကြည့်များက တစ်မုဟုတ်ချင်း အရည်ပျော်ကျသွားလေသည်။ သူမက ရဲ့ချန်နှင့် ပတ်သက်ပြီး မှားယွင်းစွာ တွေးမိသွားပုံ ရ၏။
ရဲ့ချန်က သူမ၏ဖခင်ကို ပြောလိုက်သည့် စကားများက အမှန်ပင် ဖြစ်၏။ အမျိုးသမီးတစ်ယောက်ကို ငွေစက္ကူများဖြင့် အစားထိုး ၀ယ်ယူ၍မရပေ။
ရဲ့ချန်က သူမ၏ခါးလေးကို ဖက်ထားသည့်အတွက် ရှားချင်ယု၏ခန္ဓာကိုယ်လေးက တဆက်ဆက် တုန်ယင်နေလေသည်။ သူမက ယောက်ျားတစ်ယောက်နှင့် ဤကဲ့သို့ တစ်ခါမျှ မဖက်ဖူးဘူး မဟုတ်လား။
ရှားချင်းယု၏မျက်နှာက အေးစက်စက် ဖြစ်နေသည့်တိုင် သူမ၏ရင်ထဲတွင်တော့ ကုလားဘုရား လှည့်နေပြီ ဖြစ်သည်။
“ မင်း မျိုးမစစ်ကောင်၊ အေး မင်းရဲ့ဒီနေ့ဆုံးဖြတ်ချက်ကို မင်းမှတ်ထား “ ရှားဝူလျမ်းက အခန်းအပြင်သို့ ထွက်သွားလေသည်။ သူထွက်မသွားခင်လည်း ရဲ့ချန်ကို အကြိမ်ပေါင်း မြောက်များစွာ ဆဲဆိုသွားသေသည်။
ရှားဝူလျမ်းသည် ရဲ့ချန်နှင့် ပတ်သက်သော ကိစ္စကို ဂျမ်မော့ရှီနှင့် စကားပြောရတော့မည် ဖြစ်သည်။ ဂျမ်မော့ရှီ၏အင်အားဖြင့် ဆိုလျှင် ဤနောက်ခံမရှိသည့် လူငယ်လေးကို ပထုတ်ပစ်ရန် သေချာပေါက် ခက်ခဲမြည် မဟုတ်ပေ။
ထို့နောက် ရှားဝူလျမ်းက ဂျမ်မော့ချီကို ဖုန်းဆက်ခေါ်လိုက်သည်။ “ တူ … တူ … တူ … “ နောက်ဆုံးတော့ ဂျမ်မော့ရှီက ဖုန်းကို ပြန်ဖြေလိုက်သည်။
“ သြော် … ဟဲလို၊ ယောက္ခမကြီး ဘာဖြစ်လို့လဲ၊ ခင်ဗျား နားချပြီးပြီလား၊ ချင်းယုက ကျုပ်ကို လက်ထပ်မယ်တဲ့လား “ ဂျမ်မော့ရှီ၏အသံက အနည်းငယ် ဘလုံးဘထွေး ဖြစ်နေသည်။ ဂျမ်မော့ရှီ၏အသံအပြင် အေးအေးဆေးဆေး သီချင်းဆိုနေသည့် ကောင်မလေးတစ်ယောက်၏ အသံကလည်း ပါနေသည် မဟုတ်ပါလား။ ယခု ဂျမ်မော့ရှီ မည်သည့်အရာကို လုပ်နေမှန်း ရှားဝူလျမ်း သိသည်။
“ ဂျမ်မော့ရှီ၊ သတင်းဆိုးပဲကွာ၊ ငါ့သမီးမှာ အခု ရည်းစားရှိနေတဲ့ ပုံပဲကွ၊ မင်း ငါ့သမီးကို လိုချင်တယ် ဆိုရင်တော့ အဲဒီကောင်ကို ပထုတ်မှ ဖြစ်လိမ့်မယ် “ ရှားဝူလျမ်းက အဓိက အချက်ကိုသာ တည့်တည့် သွား၏။ ဂျမ်မော့ရှီက ရဲ့ချန်ကို နှင်ထုတ်ပစ်ရန် သူ အလိုရှိသည်။ သို့မှသာ သူက ရှားချင်ယုကို ထိန်းချုပ်နိုင်မည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now