36 - 40

355 29 0
                                    


(နတ်ဘုရား ကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
အခန်း (၃၆)
"ယန်... မင်းက ငါတို့ကို သွားစေချင်တယ်ပေါ့။ ဒါပေမဲ့... စာချုပ်အရ ဆိုရင်တော့ ဒါဟာ စာချုပ်စည်းကမ်း ဖောက်ဖျက်မှု ပဲ။ မင်း... ငါတို့ကို ကျန်တဲ့ပိုက်ဆံ ပေးရမယ်။''
လူဖန်း က လှောင်ပြုံး ပြုံးလိုက်တယ်။
"အခု... သွားတော့...''
ယန် က ငွေစက္ကူ တထပ် ကို ထုတ်ပြီး သူတို့ကို ပေးလိုက်တယ်။ ယန် က သူတို့ကို ထပ်ပြီး လှည့်မကြည့်တော့ပါ။
လူဖန်း နဲ့ ကျန်လူတွေဟာ ပိုက်ဆံ ကို ယူလိုက်ကြတယ်။ သူတို့ဟာ ဒေါသထွက်နေပေမဲ့ လူငယ်တွေကို မထိရဲပါ။ သူတို့ ရဲ့ နောက်ခံ အသိုင်းအဝိုင်း ကို ကြောက်ရတယ်..., မဟုတ်ပါလား။ သူတို့က ဟန်ဆန်း ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
"ညီလေးတို့..., ငါတို့ဟာ ရဲတိုက် နဲ့ အတော် ဝေးဝေး ကို ရောက်နေပြီ။ ကျေးဇူး ပြုပြီး ဂရုစိုက်ပါ။ တစုံတယောက် ကို အလွန်အမင်း မယုံကြည်နဲ့။ အားမကိုးနဲ့။''
"သူက ခင်ဗျားတို့ထက် အဆ ၁၀၀ အားကိုးရတယ်။''
ယန် က ပြန်ပြောလိုက်တယ်။
အငှါးလိုက်လာတဲ့ လူတွေဟာ ယန် ရှေ့မှာ သူတို့ ဒေါသကို ဖွင့်မပြရဲပါ။ ဒါကြောင့် သူတို့ဟာ တိတ်ဆိတ်စွာ ထွက်သွားကြပါတယ်။
"ငကြောင်... , မင်းရဲ့ မြားချက် က တအား အားပြင်းတာပဲ...''
ဟိုလူတွေ ထွက်သွားပြီးနောက် ကွင်း က မှတ်ချက်ပေးလိုက်တယ်။ အစက သူဟာ ငကြောင် ကိုမခေါ်ချင်ခဲ့ပါ။ ဒါပေမဲ့... အခုတော့... ငကြောင် ရဲ့ နာမည်အရင်း မသိတာကို အားတောင့်အားနာ ဖြစ်သွားပါတယ်။
"သူ့ အတွင်းအား က အဆင့် ၇ ရောက်နေပြီ။ ဒါကြောင့် ကမ္ဘာဖျက်လေး ကို ကိုင်နိုင်တာ။ အားပြင်းတာ မဆန်းပါဘူး။''
ယန် က ပြောလိုက်တယ်။
"အဆင့် ၇ အတွင်းအား... , ဟုတ်လား။ ဒါပေမဲ့...သူတို့က သူ့ကို ငကြောင် လို့ ခေါ်တယ်။''
ကွင်း နဲ့ အခြား လူငယ်တွေက ဟန်ဆန်း နဲ့ သူ့လေးကို မယုံသလို ကြည့်လိုက်တယ်။
"အနည်းဆုံး အဆင့် ၇ အတွင်းအား လို့ ငါ ထင်တယ်။ သူက မြားတွေ အများကြီး နဲ့ လေ့ကျင့်နေတာ။ သူ့ အတွင်းအား ဟာ အဆင့် ၈ မရှိရင် သူ ဒီလို လွယ်လွယ်ကူကူ လေ့ကျင့်နိုင်မှာ မဟုတ်ဘူး။''
ယန် က ဟန်ဆန်း ကို ကြည့်ရင်း ပြောလိုက်တယ်။
"အဆင့် ၈ အတွင်းအား''
သူတို့ဟာ ပိုအံ့အားသင့်သွားပြီး ဟန်ဆန်း ကို တခါမှ မမြင်ဘူးသလို ကြည့်လိုက်ကြတယ်။
အဆင့် ၈ အတွင်းအား ရှိသူဟာ ပထမ နတ်ဘုရား ကမ္ဘာ မှာ ထိပ်တန်းအဆင့်ရှိသူ ဖြစ်ပါတယ်။ သူတို့ဟာ ဟန်ဆန်း ဒီလောက် အတွင်းအား ကောင်းလိမ့်မယ် လို့ မထင်ခဲ့ပါ။
"မင်းရဲ့လေးကို ငါ စမ်းကြည့်ပါရစေ။''
ယန် ရဲ့ စကားကို မယုံနိုင်သေးတဲ့ တယောက်က ပြောလိုက်တယ်။
ဟန်ဆန်း က ပြုံးပြီး လေးကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်။ လူငယ် က လေးကို လက်နှစ်ဘက် နဲ့ ကိုင်ပြီး ကြိုးကို ဆွဲလိုက် ပါတယ်။ ဒါပေမဲ့ ကြိုးက နည်းနည်းလေးတောင် မရွေ့ပါ။ နောက်ထပ် အကြိမ် အနည်းငယ် စမ်းကြည့်ပါတယ်။ ဒါပေမဲ့ မအောင်မြင်ပါ။ သူတို့ဟာ ထိပ်တန်း ပုဂ္ဂလိက ကျောင်းတွေက ဘွဲ့ရခဲ့တယ်။ ထို့ပြင် သူတို့ ဟာ ကလေးဘဝ ကတည်းက အဆင့်လွန် မျိုးရိုးဗီဇ သိုင်းတွေကို လေ့ကျင့် ခဲ့ကြတယ်။ သူတို့တွေဟာ မျိုးရိုးဗီဇ အမှတ်တွေ မရသေးပေမယ့် သူတို့ အတွင်းအား အဆင့် က ၃.၅ လောက် ရှိနေပါပြီ။ ဒါပေမဲ့ အဆင့် ၃.၅ အတွင်းအားသည် ကမ္ဘာဖျက်လေး သုံးရန် အတွက်တော့ မလုံလောက်သေးပါ။
"မင်းက အတွင်းအား နည်းသေးတယ်။ ငါ့... ပေး...။''
အခြား လူငယ် တယောက်က လေးကို ဆွဲယူလိုက်ပြီး လေးကြိုး ကို ဆွဲကြည့်တယ်။ သူ လည်းပဲ မအောင်မြင်ပါ။
ယန် မှလွဲ၍ အားလုံး ဟာ လေးကြိုး ကို ဆွဲကြည့် ကြပါတယ်။ ဘယ်သူမှ လေးကြိုး ကို မဆွဲနိုင်ပါ။ နောက်ဆုံးမှာတော့ သူတို့ဟာ ဟန်ဆန်း ကို အထင်ကြီး လေးစား သွားပါတယ်။
လိုအပ်ချက်တွေ အလွန်များတာကြောင့် လေးပညာ ကို လေ့ကျင့်သူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် လူ အများစု ဟာ ကမ္ဘာဖျက်လေး အကြောင်း သိဖို့ အသာထား သာမန် လေး နဲ့ မြားတွေ အကြောင်းတောင် ဂဃနဏ မသိကြပါ။ ဥပမာ အားဖြင့် ဟန်ဝူး နဲ့ သူ့ သူငယ်ချင်း တွေဟာ ဟန်ဆန်း ရဲ့ လေး ဒေါ်လာ သန်းချီ တန်တယ် ဆိုတာ မသိခဲ့ကြပါ။ သိခဲ့ရင် ဟန်ဆန်း ကို လှောင်ပြောင်သရော်ကြမှာ မဟုတ်ပါ။
လူငယ်တွေဟာ ဟန်ဆန်း ကို လျှော့မတွက် ကြတော့ပါ။ အထင်မသေးကြတော့ပါ။ ဟန်ဆန်း က ကွင်း ရဲ့ အသက် ကို လက်တွေ့ ကယ်တင်ပြထားပြီ... မဟုတ်ပါလား။ သူတို့က က သူ့နာမည် ကို မေးပြီး 'ဆန်း' ဟု ပြောင်းခေါ်ကြပါတော့တယ်။
နတ်ဘုရား ကမ္ဘာ ဆိုတာ ကလည်း အားကြိ်းသူ ကို လေးစားတဲ့ နေရာ တခု မဟုတ်ပါလား။ ဟန်ဆန်း ရဲ့ လေးပညာ နဲ့ အတွင်းအား ကလည်း အမှန်တကယ် အထင်ကြီးစရာ ပါ။
"ဆန်း..., မင်းရဲ့ တကယ့် လေးပစ်အစွမ်း ကို ငါတို့ ကို ပြပါလား။''
ကွင်း က တောင်းဆိုလိုက်တယ်။ အခြား လူငယ်တွေကလည်း မျှော်လင့်စောင့်စားလျက် ဟန်ဆန်း ကို ဝိုင်းကြည့်နေကြတယ်။
"ငါ့ရဲ့ မြားပစ် စွမ်းရည် က သာမန် ပါပဲ ကွာ။''
ဟန်ဆန်း က ရယ်ပြီး ပြောလိုက်တယ်။
"မနှိမ့်ချပါနဲ့..., ဆန်း..., တယောက်က နှိမ့်ချလွန်းတဲ့ အချိန်မှာ တယောက်က ကြွားဝါ တတ်တယ်လေ။''
ကွင်း က ပြောလိုက်တယ်။
"အိုကေ..., ငါ စမ်းပြီး ပစ်ကြည့်မယ်။''
ဟန်ဆန်း ဟာ ကမ္ဘာဖျက်လေး ကို လက်ခံ လိုက်တယ်။ အခု အချိန်ထိ ဟန်ဆန်း ဟာ သူ့ရဲ့ မြားပစ် စွမ်းရည် ကို အတိအကျ မစမ်းသပ်ရသေးပါ။
လူငယ်တွေဟာ ပျော်သွားကြတယ်။ ဟန်ဆန်း က ပတ်ဝန်းကျင် ကို ကြည့်ပြီး တောင်စောင်း တခု သို့ လမ်းလျှောက်သွားပါတယ်။ သူက တစုံတရာ ကို ချိန်ပြီး လေဆာ မြား တချောင်း ကို ဖြည်းညှင်းစွာ ဆွဲလိုက်ပါတယ်။ သူ ကြိုးကို ဆွဲလိုက်တာကြောင့် သူ့လက်မောင်း က သွေးပြန်ကြော တွေဟာ ပြာပြီး ဖူးရောင်လာပါတယ်။ မျက်စိတမှိတ်အတွင်း မြားကို လွတ်လိုက်ပါတယ်။ မြားဟာ သစ်တောထဲ ဝင်ရောက်ပြီး ပျောက်ကွယ်သွားပါတယ်။
"သူ့ မြားချက် လွဲသွားပြီလား''
ကွင်း နဲ့ အခြား လူငယ်တွေဟာ သားကောင် တကောင်,ကောင် ကို ထိတဲ့ အသံ မကြားတာကြောင့် မြားချက် လွဲသွားပြီ လို့ ထင်လိုက်ကြပါတယ်။
"လာ..., သွား ရှာ ကြ စို့...''
ဟန်ဆန်း က ပြောပြီး တောင်ဆင်းအတိုင်း လမ်းလျှောက်ကာ တောအုပ်အတွင်းသို့ ဝင်သွားလိုက်ပါတယ်။
လူငယ်တွေကတော့ သူ့နောက်က သံသယ နဲ့ လိုက်လာကြပါတယ်။ တောအုပ် အတွင်း မီတာ ၁၀၀ ကျော် ခန့် သွားပြီးတဲ့အခါ ခေါင်းနဲ့သစ်ပင် တွဲကာ မြားစိုက်ဝင်နေတဲ့ အပြောက်အပြောက် သားရဲ တကောင်ကို တွေ့လိုက်ရပါတယ်။
"ငါတို့ ဘာသံမှ မကြားတာလည်း မပြောနဲ့ လေ။ မြားက အပြောက်အပြောက် သားရဲ ရဲ့ နဗ်ကြောတွေကို တိုက်ရိုက် ဖျက်ဆီး လိုက်တော့ အပြောက်အပြောက် သားရဲ ဟာ အော်ချိန်တောင် မရလိုက်ဘူး။''
လူတိုင်းဟာ ဟန်ဆန်း ကို ပိုလို့ အထင်ကြီး သွားကြပါတယ်။ သားရဲ သေတဲ့ နေရာ နဲ့ ဟန်ဆန်း ပစ်တဲ့ နေရာဟာ အနည်းဆုံး ပေ ၄၀၀ ဝေးပါတယ်။ သားရဲဟာ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်။ ဟန်ဆန်း ရဲ့ လေးပညာ ကတော့ ပထမ နတ်ဘုရား ကမ္ဘာ မှာ အကောင်းဆုံး လို့ ပြောလို့ ရပါတယ်။
အဲ့ဒီနောက်မှာတော့...
လူငယ်တွေ အားလုံးဟာ ဟန်ဆန်း ကို လေးစားကာ ဟန်ဆန်း ပြောသမျှ အကုန် လိုက်လုပ်ကြပါတယ်။ ဟန်ဆန်း ဟာ သူတို့ နဲ့ လဝက်ကြာ အတူနေပြီး ငွေ တသိန်းခွဲ ရရှိခဲ့ပါတယ်။
လူငယ်တွေက ဟန်ဆန်း နဲ့ နှစ်ရှည် စာချုပ် ချုပ်ချင်ကြသော်လည်း ဟန်ဆန်း က ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပါတယ်။ ဒီ လူငယ်တွေကို လက်ခံခဲ့တာကလည်း အဲ့ဒီ အချိန်က သူ ငွေလိုနေလို့ပါ။ ရေရှည် မှာတော့ ဟန်ဆန်း ဟာ သူ့ တိုးတက်ရေး အတွက် သူ ကြိုးစားရမှာပါ။
-------- --------- -------- ------- ---------
ဟန်ဆန်း ဟာ သံမဏိ ရဲတိုက် ကို တယောက်တည်း ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့... ဂိတ်ဝမှာ ကတည်းက သူ့နောက်ကို နောက်ယောင်ခံ လိုက်လာတဲ့ လူတစု က သူ့ကို တားလိုက်ပါတယ်။ ဒီလူစုကို ဦးဆောင်လာတာက လူဖန်း နဲ့ ဟန်ဝူး ပါ။
"ငကြောင်..., မင်းကြောင့် ငါတို့ အလုပ် ထုတ်ခံရတယ်။ မင်း ငါတို့ကို ဘယ်လို အလျော် ပြန်ပေးမလဲ။''
လူဖန်း က သူ့လက်ဆစ်တွေကို တဖျောက်ဖျောက်ချိုးရင်း ဟန်ဆန်း ဆီ တဖြည်းဖြည်း ချဉ်းကပ်လာကာ မေးလိုက်တယ်။
-------- --------- -------- ------- ---------
🐱🐱🐱🐱

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now