756 - 760

216 17 0
                                    

Super God Gene (756)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၅၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မိုးကြိုးလက်သီးသိုင်းကို စတင်သိရှိကတည်းက ဝယ်ချင်ခဲ့တယ်။ အဲ့ဒီတုန်းက ဒေါ်လာအနေနဲ့ ဝယ်ချင်ခဲ့တာပါ။ အခုတော့ ဒေါ်လာအနေနဲ့ မဝယ်ဖြစ်ခဲ့တဲ့ မိုးကြိုးလက်သီးသိုင်းကို ဟန်ဆန်းအနေနဲ့ ဝယ်ဖြစ်သွားခဲ့ပြီ။

ဟန်ဆန်းဟာ ဝယ်ပြီးတာနဲ့၊ လေ့ကျင့်ဖို့ အားသန်နေပါတယ်။ သူဟာ မိုးကြိုးလက်သီးသိုင်းရဲ့ ညွှန်ကြားချက်တွေကို စဖတ်လိုက်တယ်။ အနည်းငယ်ဖတ်ပြီးနောက် မိုးကြိုးဓာတ်သဘာဝကို သုံးရမယ်လို့ နားလည်ခဲ့တယ်။ အစအဆုံး ဖတ်ပြီးတဲ့အခါမှာတော့ မိုးကြိုးစွမ်းအင်နဲ့ အသံစွမ်းအင်ကို ပေါင်းစပ်ရမယ်လို့ ထပ်မံသဘောပေါက်ခဲ့တယ်။

လူအများစုဟာ ဓာတ်စွမ်းအင်တခုခုကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားအားထုတ်ကြတယ်။ ပါရမီပါတဲ့ လွတ်မြောက်သူအများစုကတော့ ဓာတ်နှစ်မျိုးလောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့ကြတယ်။ ဒါပေမဲ့ မိုးကြိုးဓာတ်နဲ့ အသံဓာတ်ကို ပေါင်းစပ်လို့ရတယ်လို့တော့ အရင်က မကြားဖူးပါဘူး။

ဟန်ဆန်းဟာ ငွေမြေခွေးလေးရဲ့ မိုးကြိုးစွမ်းအင်နဲ့ သေမင်းခေါင်းလောင်းရဲ့ အသံစွမ်းအင်ကို လှုံ့ဆော်နိုင်တယ်။ ဒါကြောင့် သူ့မှာ စမ်းသပ်ကြည့်ဖို့ အခွင့်အလမ်းရှိနေတယ်။ မိုးကြိုးလက်သီးသိုင်းရဲ့ အခြေခံအုတ်မြစ်အဖြစ် မိုးကြိုးစွမ်းအင်နဲ့ အသံစွမ်းအင် ကို ပေါင်းစည်းနိုင်ဖို့ ဟန်ဆန်း မျှော်လင့်ထားပါတယ်။

မိုးကြိုးလက်သီးသိုင်းကို ဝယ်ပြီး မျိုးရိုးဗီဇဖျော်ရည်ကို လက်ခံရရှိပြီးနောက် ဟန်ဆန်းဟာ မျိုးရိုးဗီဇဖျော်ရည်ကို မဆိုင်းမတွသောက်ပြီး ငွေမြေခွေးလေးရဲ့ မိုးကြိုးလျှပ်စစ်စွမ်းအင်ကို လှုံ့ဆော်ကာ စတင်လေ့ကျင့်လိုက်တယ်။

နေ့တဝက်လောက် လေ့ကျင့်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ လျှပ်စစ်ငြိမ်တခုဖြစ်ပေါ်လာပြီး လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ လက်သီးတလုံးထိုးကြည့်လိုက်တဲ့အခါ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံတွေ၊ လျှပ်စစ်မီးပွင့်မီးပွားတွေပေါ်လာပြီး သူ့ခန္ဓာကိုယ်ဟာ ဆတ်ခနဲ ဆတ်ခနဲ ဖြစ်သွားတယ်။ ဒါပေမဲ့ လျှပ်စီးလက်သလိုမျိုးတော့ မထုတ်ဖော်နိုင်သေးပါဘူး။ မိုးကြိုးပစ်သလိုမျိုးလည်း မပစ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်ထဲမှာ မိုးကြိုးလျှပ်စစ်စွမ်းအင် ကိန်းအောင်းနေတာတော့ အမှန်ပါပဲ။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မိုးကြိုးလက်သီးသိုင်းကို ကျောက်ဝါမြို့တော်ရဲတိုက်မှာ အရူးအမူး လေ့ကျင့်ရင်း ရှစ်ရက်ဆိုတဲ့ အချိန်ဟာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။ မိုးကြိုးလျှပ်စစ်စွမ်းအင်ကို အခြေခံအဖြစ် အုတ်မြစ်ချဖို့ သုံးရက်အချိန်ယူခဲ့ရတယ်။ အသံစွမ်းအင်ကို အုတ်မြစ်ချဖို့အတွက်တော့ ငါးရက်အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ မိုးကြိုးလက်သီးသိုင်းကိုတော့ သုံးလို့ မရသေးပါဘူး။ မိုးကြိုးလက်သီးသိုင်းရဲ့ အခြေခံသဘောသဘာဝဟာ ဆင်လက်သီးသိုင်းနဲ့ ဆင်တူပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now