46 - 50

349 32 0
                                    


(နတ်ဘုရား ကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
အခန်း (၄၆)
"ငါ..., သူမနဲ့ အိပ်ရင်တောင်မှ ဒီကိစ္စကို ပြောပေးဖို့အထိ..., ငါ..., သူမကို မပိုင်သေးဘူး။ လောလောဆယ်တော့ ရှေ့ဆက်ဖို့ နည်းလမ်း..., ငါ..., စဉ်းစားလို့ မရသေးဘူး။''
ဟန်ဆန်းက ရှင်းပြလိုက်တယ်။
"ငါတို့ အဖွဲ့မှာ မန်လီက ကွင်ရှန် စကားပဲ နားထောင်တယ်။ ကွင်ရှန် မကူညီရင် မနက်ဖြန် မသွားရတော့ဘူးပေါ့။''
စူးရှကွေးရို က ဟန်ဆန်း ရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်တယ်။
"ဂုဏ်သိက္ခာက အရေးမကြီးဘူး။ ထွတ်မြတ်သွေး သားရဲက အရေးကြီတယ်။ တန်ဖိုးကြီးတယ်။ မင်း... ကွင်ရှန် နဲ့ ပတ်သက်ပြီး တခုခု ဆက်လုပ်ရမယ်။ တောင်းပန်သင့်ရင် တောင်းပန်ကွာ။ သူမ လိုချင်တာ ရှိရင် ပေးလိုက်ကွာ။ သိက္ခာတွေ, ဘာညာသာဓကာတွေ ဘေးချိတ်ပြီး အရေးကြီးတာကို အဓိကထားကွာ။''
"ကံဆိုးတာပဲ။ အဲ့ဒါတွေက အလုပ်မဖြစ်ဘူး။''
ဟန်ဆန်း... သက်ပြင်းချလိုက်တယ်။
"ဒါဆို ငါတို့ ကံဆိုးမိုးမှောင်ကျပြီ။ သူများတွေ အမဲလိုက်သွားနေတုန်း.... ငါတို့က လေ့ကျင့်နေရတာ့မယ်။''
စူးရှကွေးရိုက စိတ်ဓာတ်ကျကျနဲ့ ပြောလိုက်တယ်။
"ဒီလောက်လည်း စိတ်ဓာတ်ကျမနေပါနဲ့။ ငါ ကွင်ရှန်နဲ့ မအိပ်လည်း မနက်ဖြန် အမဲလိုက်သွားတာမှာ ပါ,ပါတယ်ကွာ။''
ဟန်ဆန်းက ရယ်ပြီး ပြောလိုက်တယ်။
"မင်း ဘာတွေ တွေးနေလဲ။''
စူးရှကွေးရိုက ဟန်ဆန်းကို မျှော်လင့်ချက်မဲ့စွာ မေးလိုက်တယ်။
"ဒီမြားတွေကို ဒီနေ့ ကုန်အောင် ပစ်ရုံပဲပေါ့။''
ဟန်ဆန်းက မြားထုပ်တွေကို လက်ညိုး ထိုးပြလိုက်တယ်။
စူးရှကွေးရိုက ပြန်ပြောလိုက်တယ်။
"ဆန်း..., ငါတို့ တယောက်စီမှာ မြားတထောင် ရှိတယ်။ ပစ်မှတ်နဲ့ ငါတို့ ရပ်နေတဲ့ နေရာနဲ့က ပေ ၄၅၀ ဝေးတယ်။ လွဲတဲ့မြားချက်တွေကို ထည့်တွက်မှာ မဟုတ်ဘူး။ ငါတို့ ဒီမြားတွေကို ကုန်အောင်ပစ်ဖို့ အနည်းဆုံး ၃ရက် ကြာမယ်။''
"မလိုပါဘူး...''
ဟန်ဆန်းက လေ့ကျင့်ရေး လေးကို စမ်းကြည့်ရင်း ပြောလိုက်တယ်။ ကမ္ဘာဖျက်လေးနဲ့စာရင် အများကြီး ပေါ့နေတာကိုး။ နံပါတ် ၇ လေ့ကျင့်ရေး လေးကို သုံးခိုင်းတဲ့ ရည်ရွယ်ချက်က အဆင့် ၇ အတွင်းအားနဲ့ အမြန် ပစ်တတ်စေချင်လို့ပါ။ ကမ္ဘာဖျက်လေး အတွက်ကတော့ အဆင့် ရ အတွင်းအားရှိမှ လေးကြိုးကို ဆွဲလို့ရတာပါ။
ဟန်ဆန်းက လေးကို ကောက်ယူပြီး မြားတချောင်းကို ယူကာ ပစ်မှတ်ကို ချိန်ပြီး ပစ်လိုက်တယ်။ မြားဟာ ပစ်မှတ်မှာ အဆုံးသတ်သွားပါတယ်။
ဟန်ဆန်းဟာ မရပ်ဘဲ ဆက်ပစ်နေပါတယ်။ သူ့မြားချက်တိုင်းဟာ ပစ်မှတ်ဗဟိုတည့်တည့်ကို ထိပါတယ်။ တချောင်းတလေတောင် ဘေးကို ချော်ပြီး သွားမထိပါ။
စူးရှကွေးရိုက တရက်တည်းနဲ့ မပြီးနိုင်ဘူး လို့ ထင်နေပါတယ်။ တခဏလေး အတွင်းမှာ ဟန်ဆန်းက မြား ၃၀ ကျော် ပစ်ပြီး သွားပါပြီ။ ဒါပေမဲ့... နားမယ့်ပုံ မပေါ်သေးပါ။
"ဆန်း..., မင်း..., အရမ်းတော်တာပဲ။ နံပါတ် ၇ လေးနဲ့ မြားဆယ်ချောင်းကို ဆက်တိုက်ပစ်နိုင်တယ်။''
စူးရှကွေးရို က ချီးကျူ းလိုက်တယ်။
အမြန်ပစ်တာဟာ အတွင်းအား အလွန် သုံးရတယ် ဆိုတာ လေးသမားတိုင်း သိပါတယ်။
ဟန်ဆန်းက ပြုံးပြီး စူးရှကွေးရိုကို ပြောလိုက် တယ်။
"ဒီမှာ ရပ်ပြီး မနေနိုင်ဘူး။ ငါတို့ မြားနှစ်ထောင် ကုန်အောင်ပစ်ပြီး မနက်ဖြန် ထွတ်မြတ်သွေး သားရဲကို အမဲလိုက်ဖို့ သွားမယ်။''
"တောမှာသွားပြော...''
သူတို့ကို ကြီးကြပ်နေတဲ့ လူဟွန်ထိုက အထင်သေးစွာ ပြောလိုက်တယ်။
မြားသုံးဆယ်ကျော်ကို မနားတမ်း ပစ်နိုင်တာက အထင်ကြီးစရာ ကောင်းသော်လည်း မြားတထောင် ကုန်အောင်ပစ်ဖို့ ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ပါ။ တကယ်လို့ ဟန်ဆန်းမှာ အဆင့် ၈ (သို့မဟုတ်) အဆင့် ၉ အတွင်းအား ရှိရင်တောင်မှ ဘယ်လို နည်းနဲ့မှ ဒီနှုန်းနဲ့ မပြီးနိုင်ပါ။ ဟန်ဆန်း အနေနဲ့ သူ့လက်မောင်း နဲ့ သူ့လက်ချောင်းတွေကို အနားပေးလိုပါသော်လည်း မနက်ဖြန် အမဲလိုက်ထွက်ရာတွင် လိုက်ပါ နိုင်ဖို့အတွက် ဒီနည်းကလွဲလို့ အခြားမမြင်ပါ။
အချိန်အကြာကြီး မြားပစ်တာက သတ်မှတ်ထားတဲ့ အတွင်းအားထက် ပိုလိုတယ် ဆိုတာကို ဟန်ဆန်း သိလာခဲ့တယ်။ သူ့ကြွက်သားတွေဟာ မယုံနိုင်လောက်အောင် မာကြောပြီး အလိုက်သင့် ဒဏ်ခံနိုင်တယ် ဆိုတာကိုလည်း ထပ်မံသိရှိလိုက်ပါတယ်။
သူ့ကြွက်သားတွေကို အကြာကြီး သုံးပြီးတာတောင်မှ သူ့ခန္ဓာကိုယ်ဟာ သက်တောင့်သက်သာ အေးမြနေဆဲပါ။
ဒီလို သက်တောင့်သက်သာ ရှိတာဟာ သူ့ရဲ့ မျိုးရိုးဗီဇအမှတ်တွေကြောင့် မဟုတ်ဘဲ သူလေ့ကျင့်ထားတဲ့ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကြောင့် ဆိုတာ ဟန်ဆန်း သိပါတယ်။ နံပါတ် ၇ လေးနဲ့ မြားတထောင် ပစ်ရတာ သူ့အတွက် သိပ်မခက်ပါ။ ဒီစမ်းသပ်ချက်အတွက် သူ့မှာ အတွင်းအား နဲ့ ခံနိုင်ရည် ရှိနေပါတယ်။
ဟန်ဆန်း မြားတွေ ဆက်ပစ်နေဆဲပါ။
မြားတွေကို ရေတွက်နေတဲ့ လူကတော့ ပစ်မှတ် မှာ မှိုပွင့်တွေလို ပြွတ်သိပ်စွာ စိုက်နေတဲ့ မြားငါးဆယ်ကျော်ကို ကြည့်ရင်း တခဏတာ မှင်တက်မိနေပါတယ်။ ပြီးမှ ပြောလိုက်တယ်။
"ဒီလူဟာ ကမ္ဘာ့အပြင်ဘက်က လာတဲ့လူပဲ ဖြစ်ရမယ်။''
"မင်း ဘယ်သူ့အကြောင်း ပြောနေတာ လဲ။''
သူ့ရဲ့တီးတိုးပြောသံကို ကြားလိုက်ရတဲ့ တယောက်က မေးလိုက်တယ်။
"ငကြောင် လေ။ သူက မြားငါးဆယ်ကျော်ကို ပစ်သွားတာ..., တချက်ကလေးတောင် မနားဘူး။''
မြားတွေကို လိုက်လံရေတွက်နေတဲ့ လူက ပြောလိုက်တယ်။
"ငကြောင်..., တကယ်လား...''
"မယုံရင်... လာပြီးကြည့်လေ...''
မကြာမီ...
ဘူးစ်အိုင်းမြားတပ်အဖွဲ့ဝင်တွေဟာ ဟန်ဆန်း မြားပစ်တာကို လာပြီး ဝိုင်းကြည့်ကြပါတော့တယ်။ ကြည့်ပြီး ခဏကြာသော် အားလုံး အံ့အားသင့်ကုန်ကြပါတယ်။
"ပစ်မှတ်သုံးခုစလုံးမှာ ပြည့်ကုန်ပြီ...။ ဒါ သူ တယောက်တည်း ပစ်တာလား။''
"ဟုတ်တယ်...။ စူးရှကွေးရိုက ဆယ်ချောင်းကျော်ပဲ ပစ်ရသေးတယ်။ ပြီးတော့ ပစ်မှတ်ကို တချောင်းမှ မထိသေးဘူး။''
"မဖြစ်နိုင်ဘူး။ ဒါ နံပါတ် ၄ လေ့ကျင့်ရေး လေးပဲ ဖြစ်ရမယ်။''
"မင်းက နံပါတ် ၄ နဲ့ နံပါတ် ၇ ကိုတောင် မခွဲတတ်ဘူးလား။ အဲ့ဒီနှစ်ခုက နည်းနည်းလေးတောင် မဆင်ဘူး။''
မြားချက်တွေကို ရေတွက်နေတဲ့လူက ပြောလိုက်တယ်။
ဘူးစ်အိုင်းအဖွဲ့ဝင်တွေဟာ ထပ်,ထပ်ပြီး ရောက်လာကြတယ်။ အခုထိ မရပ်မနား မနားတမ်း မြားပစ်နေတဲ့ ဟန်ဆန်းကို ဝိုင်ပြီး စိုက်ကြည့်နေကြပါတယ်။ လူဟွန်ထို က ''ရပ်မနေကြနဲ့'' လို့ ပြောလည်း တားမရတော့ပါ။
"မြားတွေ ထပ်ပေးဦး...''
ဟန်ဆန်းက စူးရှကွေးရိုကို ပြောလိုက်တယ်။
ဟန်ဆန်းဟာ လေးပညာသင်ယူနေတာ ကြာပြီ ဖြစ်သော်လည်း တခါမှ ဒီလို မပျော်ဘူးပါ။
"သူငယ်ချင်း..., အရမ်းကောင်းတယ်။ ဒါ ဒုတိယအထုပ်ပဲ။''
စူးရှကွေးရိုက မြားထုပ်ကို ဖြည်လိုက်တယ်။ မြားတွေကို လက်နဲ့ ဆုပ်ယူလိုက်ပြီး ဟန်ဆန်းရဲ့မြားကျည်တောက်ထဲ ထည့်ပေးလိုက်တယ်။
"သွေးပူနေတုန်း... အခုပဲ... ဆက်ပစ်ကြ တာပေါ့...။''
ဟန်ဆန်းက ပြုံးပြီး မြားတချောင်းကို ယူပြီး ပစ်လိုက်ပါတယ်။
"ဆန်း..., ဒီနေ့ မြားတွေအားလုံး မင်းပစ်လို့ ကုန်ရင်... ငါတို့.. မနက်ဖြန်အမဲလိုက်ထွက်တဲ့ အဖွဲ့ထဲပါပြီ။ ဒါဆို ငါ မင်းအတွက် တခုခု လုပ်ပေးမယ်။''
စူးရှကွေးရိုက အော်ပြောလိုက်တယ်။
"တခုခု ပေးစရာ မလိုပါဘူး။ ပိုက်ဆံပေးလည်း ရပါတယ်။''
ဟန်ဆန်းက ရယ်ပြီး ပြောလိုက်တယ်။
"ငွေအကြောင်းပြောတာက ငါတို့ရဲ့ သူငယ်ချင်း ခင်မင်မှုကို ထိခိုက်နိုင်တယ်ကွ။''
စူးရှကွေးရိုက ပြန်ပြောလိုက်တယ်။
ဟန်ဆန်းဟာ မြားငါးဆယ်ဆက်တိုက် ပစ်ပြီးတိုင်း ခဏနားပါတယ်။ ဟန်ဆန်းဟာ ဘယ်လက်,ညာလက် တလှည့်စီ သုံးမယ့်အစား လေးကြိုးကို ညာလက်ဖြင့်သာ ဆွဲပါတယ်။
-------- --------- -------- ------- ---------
🐱🐱🐱🐱🐱

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now