အပိုင်း(၄၇)သူတို့ရိုက်တဲ့ ရုပ်ရှင်မျိုး မရိုက်ဘူး

5.1K 652 0
                                    

Unicode
ချန်ဝမ်ဒါက ဒေါကန်ပြီး ခြေထောက်ကို ဆောင့်ချလိုက်တယ်။ ရီလင်းက တစ်ခုခုကို ပြောချင်ပေမဲ့လဲ မပြောတာ ပိုကောင်းမယ်လို့ တွေးလိုက်တယ်။ ဒါပေမဲ့ ယန်ဟွမ်ကတော့ ဘာမှမခံစားရသလိုပဲ။ သူမကြည့်ရတာ လုံးဝကို အံ့ဩစရာ ကောင်းလောက်တဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ လူနဲ့မတူဘူး။ သူမ အချိန် နာရီဝက်လောက်ကို အသုံးမကျတဲ့ အရာတစ်ခုကို ကြည့်လိုက်ရလို့ အလဟဿ ကုန်သွားတယ်လို့ ထင်နေတဲ့ပုံစံဖြစ်နေတယ်။

တစ်ကယ်လည်းပဲ ယန်ဟွမ်က သူမအချိန်ကို ဖြုန်းလိုက်မိတယ်လို့ တစ်ကယ်ကိုတွေးနေတာဖြစ်တယ်။ နာရီဝက် မပြောနဲ့ ချန်ဝမ်ဒါလို ရွံစရာကောင်းတဲ့လူမျိုးနဲ့ အချိန် တစ်မိနစ်လောက်တောင် သူမ မဖြုန်းချင်ဘူး။ အဲ့ဒီ့အစား သူမ စိတ်ရှိတိုင်းသာဆိုလို့ကတော့ အိမ်မှာပဲ နေပြီး ကြောင်လေးနဲ့ပဲ ကစားနေချင်တယ်။

" ဟွမ်ဟွမ် ဘာဖြစ်လို့လဲ။ နင်ဘာလို့ အဲ့ဒီ့ ကမ်းလှမ်းတာကို မလုပ်ချင်ရတာလဲ။ "

ဒီမေးခွန်းကို ရီလင်းက အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ထပ်ခါထပ်ခါမေးလာတယ်။ သူမက ယန်ဟွမ်ကို အပြစ်တင်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်ထဲရောက်ပြီးမှ ချော်ထွက်သွားတာ စိတ်မကောင်း ဖြစ်နေရုံပဲ။ ချန်ဝမ်ဒါက စကားကို အရမ်းကိုပစ်ပစ်ခါခါကြီး ပြောလိုက်တာမှန်ပေမဲ့ သူပြောတဲ့ စကားကလဲ မှားတော့မမှားဘူး။ ဒီလိုအခွင့်အရေးမျိုး သူတို့ဆီကို ဘယ်အချိန်မှ ထပ်ပြီး ရောက်လာဦးမလဲ ဆိုတာ မသိနိုင်ဘူးလေ။

ယန်ဟွမ်က လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။ ပြီးတော့ ရီလင်းရဲ့ မျက်လုံးကို သေချာစိုက်ကြည့်လိုက်တယ်။ " ရီရီ နင် ချန်ဝမ်ဒါက ဘယ်လို ဇာတ်ကားမျိုးတွေရိုက်တာလဲ ဆိုတာ နင်သိလား။ "

ရီလင်းက မေးခွန်းကို ရုတ်တရက်ဆိုတော့ ပြန်မဖြေနိုင်ဘဲဖြစ်သွားတယ်။ " အမ်..... သူက ဒါရိုက်တာ အသစ်တစ်ယောက်လေ။ ဒီဟာက သူ့ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါသူ့ရဲ့ ဇာတ်လမ်းတိုကို တစ်ခါကြည့်ဖူးတယ်။ ငါ့အထင်တော့ မဆိုးပါဘူးဟ။ ဘယ်လိုပြောရမလဲ အနုပညာဆန်တာမျိုးလေ။ ဒီဇာတ်ကားကိုလဲ ဇာတ်ညွှန်းရေးတာရော ဒါရိုက်တာရော သူတစ်ယောက်ထဲလုပ်မှာဟ။ ရန်ပုံငွေကလဲ နည်းတယ်လေ။ သူ့မှာ ပိုက်ဆံလဲ အများကြီး မရှိဘူး။ စပွန်ဆာလဲ မရှိဘူးထင်တာပဲ။ အဲ့ဒါကြောင့်လဲ ငါတို့ကို ရွေးတာပေါ့။ မဟုတ်ဘူးလေ ငါပြောချင်တာက သူ့မှာသာပိုက်ဆံရှိရင် ပိုနာမည်ကြီးတဲ့ တစ်ယောက်ယောက်ကို ရွေးမှာပေါ့ ဟုတ်တယ်မလား။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now