အချိန်က ဇွန်လ ၈ ရက်နေ့.. နံနက် ဆယ်နာရီခန့်သာ ရှိသေးသည်။
ဆရာဝမ် စာသင်နေတုန်း အချိန်တွင် အခြားတစ်နေရာရှိ ကျန်းလျှိုယွဲ့က သူမ၏ ရွှံ့စေး ကိုယ်ပွား ပျက်စီးခြင်းမှ ဖြစ်ပေါ်လာသော ဒဏ်ရာများကို သုံးရက်ကြာ ကုသခဲ့ရသည်။
ထို့နောက် ကျန်းလျှိုယွဲ့က သူမ စီစဉ်ထားသည်ထက် စောပြီး အပြင်သို့ ထွက်လာခဲ့သည်။
မြေအောက်ခန်းမှ ထွက်လာသောအခါတွင် ပူပြင်းသော နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။
အဆင့်သတ်မှတ်ချက် စာရင်းမှာပါသည့် လူသတ်သမား အားလုံးက သူမ ကိုရှာနေကြပြီ ဆိုသည်ကို သူမ သိသည်။
ထိုအထဲတွင် သူမက တစ်လက်မမီးခိုးရောင်ကို အထူး သတိထားရမည် ဖြစ်သည်။
သူမကို ဖယ်ရှားပြီးသည်နှင့် စာရင်းတွင် ပါဝင်သော သူမအဆင့် အောက်ရှိ လူသတ်သမား အားလုံးက အဆင့် တစ်ဆင့်စီ တက်သွားလိမ့်မည် မဟုတ်ပါလား။
သို့သော် မရေမတွက်နိုင်အောင် များပြားသော လူများထဲတွင် သူမကို ခြေရာခံဖို့ဆိုသည်မှာ လွယ်တော့ မလွယ်ကူပေ။
သူမ လက်ရှိတွင် အသုံးပြုနေသည့် မြေအောက်ခန်းမှာ ကျင့်ဟွာမြို့၏ မြို့လယ်တွင် ဖြစ်သည်။
ထိုအခန်းက မြေအောက် ကားပါကင် တစ်ခုရှိ အရောင်းဆိုင်မှအတွင်းအကျဆုံး အခန်းလည်း ဖြစ်သည်။
အရောင်းဆိုင်ပိုင်ရှင်နဲ့ သူ့ခယ်မတို့က ပိုက်ဆံတွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားသည့်အခါ အိမ်ခြံမြေ စီမံခန့်ခွဲမှုလုပ်ငန်းက ထိုနေရာကို ငှားရမလိုက်၏။
ယင်းနောက်ပိုင်းတွင် ကျန်းလျှို့ယွဲ့က ထိုနေရာကို မျက်စိကျခဲ့ပြီး စပေါ်ငွေနှင့် နှစ်ငါးဆယ်စာ အိမ်ငှားခကို တစ်ခါတည်းပေးကာ တိုက်ရိုက် ငှားရမ်းခဲ့သည်။
ဤသည်မှာ ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများက ကျင့်ကြံသည့်နေရာ ရွေးချယ်ရာတွင် အလွန် ဇီဇာကြောင်တတ်ကြပြီး စိတ်ဝိညာဥ်ချီ ပေါများသော ဝိညာဥ်မျက်လုံး ရှိသည့် နေရာများကိုသာ ရွေးချယ်လေ့ ရှိကြသည်။
![](https://img.wattpad.com/cover/355266511-288-k871373.jpg)