တကယ်တော့ ကျိုးရီ ကိုယ်တိုင်ပင် သူ၏ ဂုဏ်သတင်း ဤမျှအထိ ပြန့်နှံ့နေမှန်း မသိလိုက်ပေ။
အတွင်းရေးမှူး တာခန်းနှင့် ဆက်ဆံရေးမရှိလျှင်ပင် သူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ကျိုးရီက ကျော်ကြားနေခဲ့သည်။
လွန်ခဲ့သော ခြောက်နှစ်က ကမ္ဘာခြား ဖြစ်ရပ်အပြီးတွင် သူက ကျောင်းပေါင်း ၁၀၀ ၏ အထွေထွေ အုပ်ချုပ်ရေး လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တရားဝင် ဖြစ်လာသည်။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က အရိပ်အဖွဲ့ခေါင်းဆောင်၏ ညီမဖြစ်သူ ကျန်းလျှိုယင်းမှာ အဖမ်းခံရပြီးမှ ထောင်ဖောက်၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
သို့သော် မကြာခင်မှာပင် ပြန်လည် ဖမ်းဆီးရမိသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ကြောက်စရာအကောင်းဆုံးမှာ မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးခြင်းပင်လျှင် သူနှင့် ပတ်သက်မှု တစ်ခုခု ရှိနေသည်။
ကျိုးရီက သူ၏ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်းတွင် မယုံနိုင်ဖွယ် အောင်မြင်မှုများကို ရလာခဲ့သည်။
အချို့သောသူများ အနေဖြင့် ၎င်းတို့၏ ဘဝတစ်ခုလုံးကြိုးစားလျှင်ပင် အောင်မြင်နိုင်မည် မဟုတ်သည့် ကိစ္စကြီး တစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။
ထိုကိစ္စက တွေးကြည့်ရုံဖြင့်ပင် လူတစ်ယောက်၏ ဆံပင်တွေကို အဆုံးစွန်ထိ ထောင်ထသွားစေနိုင်၏။
ထို့ကြောင့် ကျိုးရီ၏ မျက်နှာကို မြင်သောအခါ ရဲဦးလေးကြီး၏ တုံ့ပြန်မှုမှာ ဆံပင် အဆုံးစွန်ထိ ထောင်ထသလောက် မရိုးရှင်းတော့ပေ။
သူ့ခေါင်းက ပေါက်ကွဲထွက်တော့မလို ခံစားခဲ့ရသည်။
"ကျိုး.. ကျိုး.. ဒါရိုက်တာကျိုး မဟုတ်လား.. ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"
ရဲဦးလေးကြီးက အတော်လေး တုန်လှုပ်နေသည်။
"ကျနော် အကြီးအကဲကို ခေါ်လိုက်မယ်"
ဤသည်က ပေါ့သေးသေး ကိစ္စမဟုတ်ပေ။
စုန့်ဟိုင်မြို့နှင့် ဆောင်းဥတုမြို့တို့က တစ်မြို့နှင့် တစ်မြို့ ဝေးကွာသော်လည်း ရဲဦးလေးကြီးက သူ့ကို လုံးဝ မစော်ကားရဲပေ။