အခန်း(၈) ကံကောင်းခြင်းကိုသယ်ဆောင်လာတဲ့ခန္ဓာကိုယ် (၁)

4.9K 473 1
                                    

အခန်း(၈) ကံကောင်းခြင်းကိုသယ်ဆောင်လာတဲ့ခန္ဓာကိုယ် (၁)

အကယ်၍ သူ၏ ကြီးကျယ်မြင့်မြတ်ပြီး ဖိနှိပ်နိုင်စွမ်းရှိသည့် အရှိန်အဝါကို လျစ်လျူရှုလိုက်မည်ဆိုလျှင်တောင် ရယ်ဖေးချန်၏ ပြစ်ချက်မရှိ ပြီးပြည့်စုံနေသည့် မျက်နှာက မိန်းကလေး ပရိသတ်များကို အုံအုံကြွကြွ အော်ဟစ်နိုင်အောင်လုပ်နိုင်စွမ်းရှိပေသည်။

ချောင်မော့ယွီက ထိုသို့ အဘက်ဘက်က ပြည့်စုံနေသည့်လူမျိုးက ဘာလို့ ဒီကမ္ဘာ၏ အဓိကဇာတ်လိုက် မဖြစ်ရတာလဲဟု အတွေးများနေစဉ် အပြင်ဘက်မှ ပရိသတ်များ၏ အော်သံက သူမ အာရုံအား ဖမ်းစားသွားခဲ့သည်။

နောက်ထပ် ကားတစ်စီးက ရိုက်ကွင်းရှိရာဆီသို့ ဆိုက်ရောက်လာပြီး အနီးအနားဝန်းကျင်၌ ပါကင်ထိုးလိုက်သည်။ လက်ထောက်က ကားပေါ်မှဆင်းလာပြီး အနောက်ခန်း၌ ထိုင်နေသည့် အမျိုးသမီးအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။ ချောင်မော့ယွီက ကားပေါ်မှ ဖြူဖွေးနေသည့် လက်တစ်စုံနှင့် ဒေါက်ဖိနပ် ဝတ်ထားသည့် ခြေတံဖြူဖြူတစ်စုံ အရင်ထွက်လာသည်ကို မြင်လိုက်သည်။

ထိုအချိန်၌ ရိုက်ကွင်းဆီသို့ ရောက်လာသည့် မိန်းကလေးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုမိန်းကလေး၏ မျက်နှာက ရှင်းရီချန်နှင့် တော်တော်များများ တူသော်လည်း သူမအစ်ကိုကဲ့သို့ အေးစက်ပြီး တည်ငြိမ်သည့် အရှိန်အဝါတော့ သူမတွင် ရှိမနေခဲ့ပေ။ သူမအစ်ကိုနှင့် ဆန့်ကျင်စွာ ရှင်းဝမ်ရွှမ်းက သွက်လက်ပေါ့ပါးပြီး ပျော်ပျော်နေတတ်သည့်ပုံပင်။ သူမ၏ ရှည်လျားသွယ်လျသည့်ပုံရိပ်ဟာ ငယ်ရွယ်မှုကို ပိုမိုထင်ပေါ်လာအောင် ပံ့ပိုးပေးနေသယောင်။

ထိုမိန်းကလေးက ပထမဦးစွာ ပရိုဂျူဆာဆီသို့ အရင်သွားလိုက်ပြီး နွေးထွေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ရယ်ဖေးချန်ဆီသို့ လှည့်ကာ အပြုံးလေးဖြင့် ခေါင်းညိတ်ပြသည်။ နောက်ဆုံး၌ သူမ အကြည့်များက ချောင်မော့ယွီဆီသို့ ကျရောက်လာခဲ့သည်။

မူလ ခန္ဓာကိုယ်ပိုင်ရှင်က ရှင်းရီချန်ကို ရူးရူးမူးမူး စွဲလမ်း နေခဲ့သောကြောင့် ရှင်းရီချန်၏ ညီမဖြစ်သူ ရှင်းဝမ်ရွှမ်းအား မြင်လိုက်တိုင်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လိုက်ကပ်စမြဲပင်။ သို့သော် ယခုလက်ရှိ ချောင်မော့ယွီကတော့ ရှင်းဝမ်ရွှမ်အား မည်သည့် ခံစားချက်မှ မပါဘဲ ရိုးရိုးလေးသာ ပြန်စိုက်ကြည့်ခဲ့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now