အပိုင်း (၁၇၀) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)

2.3K 279 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၇၀) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)

ရှင်းရီချန်၏နှလုံးခုန်နှုန်းတို့သည် မြန်ဆန်လာတော့သည်။ သည်တစ်ကြိမ်တွင် အမှန်တရားကို သိလိုသောဆန္ဒသည် သူရခဲ့ဖူးသည့် အရှက်ခွဲခံရသည့်ဗွီဒီယိုကို ဖုံးကွယ်သွားတော့သည်။

ရှင်းဝမ်ရွှမ်းသည် ရှင်းရီချန်၏ ထိုသို့ တုံ့ပြန်လိမ့်မည်ကို မျှော်လင့်မထားမိခဲ့ပေ။ သို့သော် သူ၏အလျင်လိုနေသည့်ပုံကို မြင်လိုက်ရပြီးနောက် သူမသည် အားတက်သရော ပြောလိုက်၏။

“ ညီမလေး ချောင်မော့ယွီရဲ့ တိုက်ခန်းကို ဖြတ်မောင်းနေတဲ့အချိန်မှာ ယဲ့ဖေးချန်းရဲ့ကားကို မတော်တဆ တွေ့လိုက်တာ၊ သူက အိမ်ရာဘက်ကို မောင်းသွားမလို့ပဲ၊ ဒါပေမဲ့ ရုတ်တရက် ကားကို ရပ်လိုက်တယ်၊ အဲနောက်မှာ မော့ယွီက ကလေးတစ်ယောက်လက်ကို တွဲထားတာ တွေ့လိုက်ရတာ၊ ကြည့်ရတာ သူတို့တွေ အနီးနားက စူပါမားကတ်မှာ စျေးဝယ်ပြီး ထွက်လာတာထင်တယ်၊ အဲကနေပြီး သူတို့တွေ ယဲ့ဖေးချန်းရဲ့ကားထဲ ကိုဝင်သွားတာ”

ရှင်းဝမ်ရွှမ်းသည် နောထပ်စကားနှစ်ခွန်းကို ထပ်ပြောလိုက်၏။

“ ကလေးက ကောင်လေးသေးသေးလေးတစ်ယောက်ပဲ၊ သူကျောပေးထားလို့ သူ့ပုံကို မမြင်ရဘူး၊ ဒါပေမဲ့ အရမ်းထူးဆန်းတယ်၊ ချောင်မော့ယွီမှာ ကလေးတစ်ယောက်ရှိတယ်လို့ တစ်ခါမှ မကြားမိပါဘူး၊ ဒီကလေးက ဘယ်က ရောက်လာတာလဲ မသိဘူး”

ရှင်းရီချန်သည် သူ့ခေါင်းထဲတွင် တစ်ဝီဝီမြည်သံကိုသာ ကြားနေတော့သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ချောင်မော့ယွီသည် သူ့ဘဝထဲတွင် နှစ်ဝက်ခန့်ပျောက်ကွယ်သွားခဲ့သည်ကို သတိရသွားတော့သည်။ ထိုသို့ မဖြစ်ပျက်မီ သူမသည် သူ့ရှေ့သို့  အမြဲလိုလို ရောက်လာလေ့ရှိပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးခဲ့၏။

ထိုအချိန်က သူသည် သူမ မရှိတော့မှ တည်ငြိမ်သွားခဲ့သည်ဟုသာ ခံစားရသဖြင့် သိပ်များများ ဂရုမစိုက်ခဲ့ပေ။

သို့သော် ယခု ပြန်တွေးမိလိုက်ချိန်မှ ချောင်မော့ယွီသည် ပျောက်သွားပြီး သူ့ကို တစ်ဖန်ပြန်လာရှာချိန်က အနည်းငယ် ပြည့်ပြည့်ကလေး ဖြစ်နေသည်ကို သတိရမိလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now