အပိုင်း (၁၇၁) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)

2.6K 329 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၇၁) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)

ဖေကြီးယဲ့သည် ထိုစကားကို မျှော်လင့်ခဲ့သည်မှာ ကြာမြင့်လှပြီဆိုသော်လည်း တစ်နေ့၌ သူ့သားအငယ်ထံမှ ထိုစကားကို အမှန်တကယ်ကြားလာရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ယဲ့ဖေးချင်းသည်လည်း သူ့သားဖြစ်သော်ငြား စင်စစ်တွင် ယဲ့ဖေးချန်းသည် သူချစ်ရသည့်သား ဖြစ်ပေသည်။ ထို့အပြင် သူသည် ငယ်ငယ်ကတည်း မိခင်မရှိဘဲ ကြီးပြင်းလာရသဖြင့် ဖေကြီးယဲ့သည် ယဲ့ဖေးချန်းကို အလွန်ချစ်ပေသည်။

သူ့စိတ်ထဲတွင် မိသားစုပိုင်ဆိုင်မှု အမွေခံရန် သူ့ကို လေ့ကျင့်ပေးခဲ့ချင်သော်လည်း ယဲ့ဖေးချန်းသည် အမြဲလိုလို သူနှင့် ဆန့်ကျင်ဘက်တွင် ရပ်လေ့ရှိခဲ့ရာ နောက်ဆုံးတွင် သူသည် သူ့သားငယ်နှင့် အလွန်တင်းမာသည့် ဆက်ဆံရေးတစ်ခု ရှိလာတော့သည်။

သို့သော် ယနေ့တွင် သူသည် ယဲ့ဖေးချန်းထံမှ မိသားစုအမွေကို ဆက်ခံရန် ဆန္ဒရှိသည်ဟု ကြားသိလိုက်ရလေတော့သည်။

ဖေကြီးယဲ့၏နှုတ်ခမ်းများသည် တုန်ယင်နေ၏။

“ ဖေးချန်း သား ဆုံးဖြတ်ပြီးပြီလား”

“အင်း”

ယဲ့ဖေးချန်းသည် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ”

ဖေကြီးယဲ့၏ နှလုံးသားသည် ခံစားချက်လှိုင်းများ ရိုက်ခတ်နေတော့သည်။

“ မနက်ဖြန်ကစပြီးတော့ အချိန်ရတိုင်း ကုမ္ပဏီကိစ္စတွေကို ကိုယ်တိုင်ရင်းနှီးလာအောင် သားကို ခေါ်သွားပေးမယ်”

သို့ရာတွင် ယဲ့ဖေးချန်းသည် ခေါင်းခါပြလိုက်ပြန်၏။

“ အဖေ ကျွန်တော် အခုလောလောဆယ်တော့ ကုမ္ပဏီကို သွားအုံးမှာမဟုတ်ဘူး၊ အခုက ကုမ္ပဏီမှာ အစ်ကိုကြီးရဲ့လူတွေ အများကြီးရှိနေတယ်၊ ပြီးတော့ ကျွန်တော် မိသားစုကို ဆိုးဝါးတဲ့ဆက်ဆံရေးမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် အဖေ ကျွန်တော့်ကို ကုမ္ပဏီက အချက်အလက်တွေကိုပဲ ပေးပါ၊ အဲဒါတွေကိုပဲ အရင်ဆုံး လေ့လာထားလိုက်မယ်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now