အခန်း(၂၁) အနက်ရောင်ဦးထုပ် (၃)

4.3K 439 0
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း(၂၁) အနက်ရောင်ဦးထုပ် (၃)

"ကောင်းပြီ နောက်တစ်ခန်းအတွက် အဆင်သင့်လုပ်ထားရအောင်"

ဒါရိုက်တာက အားပါးတရရယ်နေကြသည့် ရိုက်ကူးရေး အဖွဲ့သားများကို သတိပေးသလို ကြည့်လိုက်ပြီး ချောင်မော့ယွီဆီသို့ ချဉ်းကပ်ကာ အကြံပေးသည့်အနေဖြင့်

"တကယ်လို့ မင်းချစ်သူက မင်းအဖေ အတွက် လက်တုံ့ပြန်ပေးပြီး  ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ လဲနေမယ်ဆိုရင် မင်းမျက်နှာပေါ်မှာ ဘယ်လိုခံစားချက်ရှိသင့်တယ်လို့ထင်လဲ"

ချောင်မော့ယွီက ဒါရိုက်တာမှ သူမကို မည်သည့် ခံစားချက်များ ထည့်ရမလဲဆိုသည်ကို သွယ်ဝိုက်သည့်နည်းဖြင့် ဉာဏ်အလင်းပြပေးနေသည်ကို သိလေသည်။ ချောင်မော့ယွီက လေးနက်နေသည့်အသွင်ဖြင့်

"အသည်းထဲ နှလုံးထဲက ဝမ်းနည်းကြေကွဲတဲ့ ခံစားချက်မျိုးလား"

"ဇာတ်ကောင်အရဆိုရင် မင်းက သူ့ရဲ့ရည်ရွယ်ချက်တွေကို အထင်မှားခဲ့တာကို နောက်ဆုံးတော့ သဘောပေါက်သွားတယ်လေ။ သူ့ရဲ့ သွေးစို့နေတဲ့ဒဏ်ရာတွေကိုလည်း မင်းမြင်ခဲ့ရပြီး မင်းကိုယ်စားလည်း မင်းအဖေအတွက် လက်တုံ့ပြန်ပေးခဲ့တာလေ"

ဒါရိုက်တာက သက်ပြင်းချလိုက်ပြီး

"ကောင်းပြီကောင်းပြီ အဆင်သင့်ပြင်ထားတော့။ ဒီညနေ အိမ်ပြန်ရင် ဇာတ်ညွှန်းကို သေချာလေး လေ့လာထားလိုက်နော်။ တကယ်လို့ ရိုက်ကူးရေးစခါနီးအထိ မင်း နားမလည်တဲ့အပိုင်းရှိရင် စီနီယာတွေကို မေးဖို့ မတုံ့ဆိုင်းနေနဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့"

သူမက နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နောက်ဇာတ်ဝင်ခန်းမှာ လမ်းကျဉ်းလေးထဲ၌ ရိုက်ကူးကြရမည်ဖြစ်သည်။ ချောင်မော့ယွီက လမ်းတစ်လျှောက် ယဲ့ဖေးချန်းကို မြင်ရသည်အထိ စိတ်လောစွာ ပြေးသွားခဲ့သည်။

ယဲ့ဖေးချန်းကလည်း ချောင်မော့ယွီ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုစုံတွဲမှာ လမ်းတစ်ဖက်တစ်ချက်မှ တစ်ယောက် မျက်ဝန်း တစ်ယောက် နက်ရှိုင်းစွာ စိုက်ကြည့်နေကြသည်။ ထိုလူက သွေးများဖြင့် စိုရွဲနေပြီး သူ့ဓားကို မြေပြင်နှင့် တရွတ်တိုက်ဆွဲကာ အားတင်း လျှောက်နေရသော်လည်း သူမကို မြင်လိုက်ရသည်နှင့် ပြုံးပြရန် ကြိုးစားပေသေးသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now