အပိုင်း (၉၂) တန်ပြန်တိုက်ခိုက်ခြင်း ပထမခြေလှမ်း (၃)

3.5K 419 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၂) တန်ပြန်တိုက်ခိုက်ခြင်း ပထမခြေလှမ်း (၃)

ထိုယောကျ်ားသည် ပြန်ထလာပြီး ပြန်ချရန် ပြင်လိုက်သည်။

ချောင်မော့ယွီတွင် ကိုင်စရာ ဝါယာကြိုး သို့မဟုတ် မည်သည့်ပစ္စည်းများ မရှိသော်လည်း သူမ၏ လေထဲမှ ဆက်တိုက်ကန်ချက်များက ထိုလူ၏ပခုံးနှင့် ရင်ဘတ်ပေါ်သို့ လေးဘက်လေးတန်မှ ကျရောက်လာကာ မြေပေါ်သို့ပြန်မကျမှီ တဖန် လွင့်ထွက်သွားလေတော့သည်။

သူသည် ထရန်ကြိုးစားသော်လည်း အရိုးများ ကျိုးလောက်အောင် နာကျင်မှုဝေဒနာကို ပြင်းစွာခံစားလိုက်ရသည်။ သူသည် ပါးစပ်နှင့်အပြည့် သွေးများ အန်ထုတ်လိုက်ပြီး မြေပေါ်သို့ ပြိုလဲကျသွားကာ မလှုပ်နိုင်တော့ချေ။

ချောင်မော့ယွီသည် မြေပြင်ပေါ်သို့ ပုံမှန်အတိုင်း ဆင်းလာလိုက်သည်။ အလင်းရောင်အောက်တွင် သူမ၏အနက်ရောင်ဆံပင် နှင်းကဲ့သို့ဖြူဆွတ်သော အသားအရည်နှင့် ရိုးရိုးရှင်းရှင်းအဝတ်အစားက သူရဲကောင်းမလေးအရောင်အဝါကို ထုတ်ပေးနေသည်။

သူမသည် လေထဲတွင် ကျွမ်းထိုးလိုက်ပြီး ထိုယောကျ်ားဘေးတွင် ပြန်ကျလာပြီး ခြေတစ်ဖက်ကို ထိုလူ၏ရင်ဘတ်ပေါ်သို့ ဖိကာ တင်ထားလိုက်သည်။

“ ရှင့်ကို ရှင်းရီချန်လို သရုပ်ဆောင်ပြီး ကျွန်မကို မြှူဆွယ်ခိုင်းတာ ဘယ်သူလဲ”

ထိုယောကျ်ားသည် ပြန်မဖြေဘဲ သူမကို ကြောက်စရာကောင်းလောက်အောင် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

“ ရှင် မပြောရင် ကျွန်မ ရဲခေါ်လိုက်တော့မယ်”

ချောင်မော့ယွီသည် ထိုလူ၏ဒေါသကို ဆွရင်း ကိုယ့်ဟာကိုယ် အမွှမ်းတင်လိုက်သည်။ မျက်ခုံးတဖက်ကို ပင့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ကျွန်မကို စတိုက်ခိုက်တဲ့သူက ရှင်နော်”

အစောပိုင်းတွင် သူတို့နှစ်ယောက်သည် အလွန်နီးကပ်လျက်ရှိရာ နောက်ကင်မရာတစ်လုံးဖြင့် သူတို့ကို ရိုက်ကူးထားလျှင်တောင် သူမက သူကို ကျောက်တုံးဖြင့် စတင်တိုက်ခိုက်ခဲ့သည်ကို မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ချေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now