အပိုင်း (၁၇၈) ကြယ်တွေစုံတဲ့ည (၃)

2.1K 264 1
                                    

ဘာသာပြန်သူ Yuuki

အပိုင်း (၁၇၈) ကြယ်တွေစုံတဲ့ည (၃)

ချောင်မော့ယွီ၏ ခေါင်းဆောင်မှုအောက်တွင် ချင်းချန်ချန်သည်လည်း အလုပ်အများအပြားကို လုပ်ခဲ့၏။ သူမသည် လေးလံသည့်ခွန်အားသုံးရသည့်အလုပ်များကို မသိသော်လည်း သူမသည် ရွာသားများကို အသီးအရွက်ဆေးကူပြီး ပဲပိစပ်များကို အစေ့ထုတ်ကူခဲ့သည်။ သူမသည် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားလေသည်။

ထိုနေ့ညက အားလုံးသည် ညစာကို အတူတူစားလိုက်ကြ၏။ ရွာတွင် နွားမရှိသဖြင့် ပြောင်းများကို ရွာသူကြီး၏မြေးလေးနှင့် ချောင်မော့ယွီက ကြိတ်ပေးလိုက်လေသည်။

ညပိုင်းတွင် ရွာသူကြီးသည် ရွာသားအားလုံးကို စုစည်းလိုက်၏။ သူသည် အစီအစဥ်အဖွဲ့ကို ကြိုဆိုကြောင်း ပြောလိုက်ပြီးနောက် မီးပုံငယ်လေးတစ်ခုကို ဖိုလိုက်လေသည်။ အားလုံးသည် မီးပုံကို ဝိုင်းကာ ထိုင်လိုက်ကြပြီး ပြောင်းဖူးဖြင့် လုပ်ထားသည့် မုန့်ပေါင်းကို စားလိုက်ကြသည်။

ချင်းချန်ချန်သည် လက်ထဲတွင် ဓာတ်ပုံထုတ်သည့်စာရွက်နှင့် ပိုလာရွိုက်ကင်မရာတစ်လုံး ဖြင့် ရောက်လာ၏။ ထိုအရာကိုမြင်လိုက်ပြီးနောက် အားလုံးသည်  သည်နေရာတွင် စုရုံးလာကြရာ သူမက ပြောလိုက်၏။

“ ကျွန်မ အားလုံးအတွက် ဓာတ်ပုံရိုက်ပေးမယ်နော်၊ တစ်ယောက်တစ်ပုံရမယ်၊ ဓာတ်ပုံကို ချက်ချင်းရမှာနော်”

ရွာရှိ တချို့လူများတွင် သူတို့မိတ်ဆွေဆီမှ လက်ဆောင်အဖြစ် ရရှိထားသည့် ကင်မရာများရှိကြ၏။ သူတို့သည် ကင်မရာကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားသော်လည်း သူတို့တွင် ရှိသည့်ကင်မရာမှာ ဓာတ်ပုံချက်ချင်းထွက်မလာပေ။ ချင်းချန်ချန်သည် ဓာတ်ပုံရိုက်လိုက်တိုင်း ကင်မရာထဲမှ ဓာတ်ပုံချက်ချင်းထွက်လာသည်ကို မြင်ရသည်မှာ သူတို့အတွက် ရှားပါးမြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

ချင်းချန်ချန်သည် တစ်ယောက်စီကို ဓာတ်ပုံရိုက်ပေးရန်အတွက် မီးပုံရှေ့တွင် မတ်တတ်ရပ်ခိုင်းလိုက်၏။ သူမသည် လူတစ်ယောက်ကို ဓာတ်ပုံရိုက်ပြီးတိုင်း သူတို့ကို ဓာတ်ပုံချက်ချင်း ထုတ်ပေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now