အခန်း(၆၃) အာလူး

3.7K 600 14
                                    

အခန်း(၆၃) အာလူး

အို့၊ အဲဒါက အမှန်ပဲ- အကောင်းတွေဆို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေမယ့် အဆိုးကတော့ ဖြစ်လာတာပါပဲ။

[TN : ရွှီကျောက်က ပြုတ်ကျမယ်သတိထားလို့ ပြောလိုက်တာကို ပြောတာ။ ကောင်းတာပြောရင် တန်းမဖြစ်ဘဲ မကောင်းတာဆို တန်းဖြစ်လာတော့တာပဲ လို့ပြောချင်တာ ]

သူတို့ လဲကျကုန်ပြီ။ ဇလုံမှာပင် လူနှင့်အတူ လဲကျသွားလေ၏။

တကယ်ကို အံ့ဩစရာပါပဲ...

ရွှီကျောက်သည် အရှေ့သို့ အမြန်ပြေးသွားလိုက်၏။ သူမရောက်ခင်မှာပင် ရွှီဖန်သည် သူဘာသာသူ မှောက်လှန်ထားပြီးဖြစ်ကာ သူ့လက်တိုတိုလေးများနှင့် ခြေထောက်လေးများကို တစ်ချိန်တည်းမှာပင်သုံးပြီး မြေပြင်ပေါ်တွင် လေးဘက်ကုန်းနေလေ၏။ သူသည် သူ့ဘာသာသူ ကုန်းထရင်း ဟောဟဲလိုက်နေလေကာ အခိုင်အမာ ပြန်မရပ်နိုင်ခင် ခဏလောက် ယိမ်းထိုးနေလေ၏။

ထို့နောက် ခေါင်းငုံ့ကာ သူ့ကိုယ်ကိုကြည့်လိုက်၊ လက်ကိုကြည့်လိုက်၊ သူ့ဖိနပ်အသစ်ကို ကြည့်လိုက်နှင့် ရွှံ့များနှင့် ရေများဖုံးနေသည်ကို တွေ့လိုက်ရလေ၏။ သတိပေးခြင်းမရှိလေဘဲ သူသည် စတင်ကာ အလွန် အသံကျယ်လောင်စွာ အော်ငိုလေတော့သည်။

ထိတ်လန့်သွားပြီး ရွှီမားမားနှင့် ရွှီပါးပါးတို့သည် အခြေအနေကိုကြည့်ရန် မီးဖိုချောင်မှ ထွက်လာကြလေ၏။ ရွှီကျောက်သည် သစ်သားစင်မှ မျက်နှာသုတ်ပုဝါကို အမြန်ဆွဲယူကာ ရွှီဖန်အား ပင်မခန်းမထဲသို့ ဆွဲခေါ်သွားလေ၏။ ရေနံဆီမီးအိမ်ကို မျက်နှာမူကာ သူ့အား သေသေချာချာ သုတ်ပေးလိုက်သည်။

"ကောင်းပြီ၊ မငိုနဲ့" ရွှီကျောက်သည် နှစ်သိမ့်ပေးလိုက်၏။ "ကောင်းပြီ၊ သား ဘာမှ မကျိုးမကြေသွားပါဘူး၊ ဒါကြောင့် မငိုနဲ့တော့ "

ရွှီဖန်သည် အမြဲတမ်း မြန်မြန်ငိုပြီး အငိုလည်း မြန်မြန်တိတ်သူဖြစ်လေသည်။ ရွှီကျောက် ပြောလိုက်သည်ကို ကြားပြီး ချက်ချင်းအငိုတိတ်သွားလေကာ ငိုသံတိတ်အောင် သူ့နှုတ်ခမ်းကိုဖိပိတ်နေလေ၏။ သူသည် အရင်ဆုံး သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်ကာ ပြောလေ၏။ "ပါးပါး၊ သားဖိနပ်တွေ ညစ်ပတ်နေပြီ၊ အရမ်းညစ်ပတ်နေပြီ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now