အခန်း(၈၂) ကံကြမ္မာအလိုအရ ထားလိုက်ပါ

3.2K 508 4
                                    

အခန်း(၈၂) ကံကြမ္မာအလိုအရ ထားလိုက်ပါ

အနက်ရောင်ကားသည် စွေ့တင်းချန်၏ ကားဖြစ်လေ၏။

စွေ့တင်းချန်သည် ကားထဲမှ ချက်ချင်းမထွက်လာဘဲ ဆေးလိပ်သောက်ရင်း ကားပေါ်တွင်ထိုင်ကာ ရွှီကျောက်၏နောက်ကျောကို စောင့်ကြည့်နေလေ၏။ စီးကရက်တစ်ဝက်လောက် သောက်ပြီးနောက် တွန့်ချိုးနေသည့် သူ့မျက်ခုံးများ ပြေလျော့သွားလေ၏။ စီးကရက်ကို ကား၏ပြာခွက်ထဲသို့ ထိုးချေလိုက်၏။  အခြားသူများကို အနှောင့်အယှက်ဖြစ်နိုင်သည့် ဆူညံသံမျိုး မဖြစ်စေလိုသကဲ့သို့ ကားတံခါးကို တွန်းဖွင့်ကာ ဖြည်းညင်းစွာထွက်လာခဲ့သည်။

သူ ရွှီကျောက်နှင့် ရွှီဖန်၏ဘေးသို့ လျှောက်သွားသောအခါ နောက်ဆုံးတော့ ရွှီကျောက်သည် စွေ့တင်းချန်ကို သတိထားမိသွားလေသည်။

" ရှောင်ရှု" ရွှီကျောက် အဲ့ဩစွာ အော်လိုက်၏။

" အင်း" စွေ့တင်းချန်သည် ရွှီကျောက်၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

"ခင်ဗျား ဒီမှာ ဘာလာလုပ်နေတာလဲ"  ရွှီကျောက်သည် စွေ့တင်းချန်၏ကားသည် သူ့စက်ဘီးရှေ့မှာတွင် ရပ်ထားသည်ကိုသာ သိလိုက်လေ၏။

စွေ့တင်းချန်သည် အမှန်အတိုင်းဖြေလိုက်၏။ " ကိုယ် ဒီကို မင်းတို့နောက်ကနေလိုက်လာတာ "

" ကျွန်တော်တို့ နောက်ကို လိုက်လာတာလား "

" အင်း " စွေ့တင်းချန် ခေါင်းညိတ်ပြလိုက်၏။

" ဘယ်အချိန်ကတည်းက စပြီး ကျွန်တော်တို့နောက်ကိုလိုက်လာတာလဲ "

စွေ့တင်းချန်က ညသ်သာစွာ ဆိုလေ၏။ “ကိုယ် မင်းတို့ကို ရုပ်ရှင်ရုံမှာ တွေ့လိုက်တဲ့ အချိန်ကစပြီး မင်းတို့ ဘာတွေလုပ်နေသလဲဆိုတာကြည့်ဖို့နဲ့ ကိုယ် မင်းကို ကူညီနိုင်တာတစ်ခုခုရှိမလားဆိုပြီး ကိုယ် မင်းတို့နောက်ကို လိုက်လာတာ”

ရွှီကျောက် ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ အဓိပ္ပါယ်မှာ သူ ရွှီဖန်ကို ကျိုးရှန့်ချင်နှင့် မျက်မမြင်ချိန်းတွေ့ရန် ခေါ်ဆောင်လာခဲ့သည်ကို စွေ့တင်းချန် သိသည်။ သူနှင့် ‌ကျိုးရှန့်ချင်တို့ မလိုက်ဖက်ခဲ့ဘူးဆိုသည်ကိုလည်းသိခဲ့သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Opowieści tętniące życiem. Odkryj je teraz