အခန်း(၇၄) ရေနုတ်မြောင်းထဲ ပြုတ်ကျခြင်း

3.4K 608 9
                                    

အခန်း(၇၄) ရေနုတ်မြောင်းထဲ ပြုတ်ကျခြင်း


ရွှီဇွာချန်း ဘာစီစဉ်နေတာပါလိမ့်။

ဟင်းသီးဟင်းရွက်တွေ ခိုးဖို့လား။

လျှို့ဝှက်ဖျက်စီးဖို့ ကြိုးစားနေတာလား။

ရွှီဇွာချန်းသည် အားလပ်သောကြောင့် လမ်းလျှောက်ရုံမျှသာဖြစ်ကြောင်း ရွှီကျောက်မယုံချေ။ လမ်းလျှောက်နေရုံသာဖြစ်လျှင်တောင် ဖန်လုံအိမ်ကြီးရှေ့တွင် လျှောက်သွားနေမည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် သံသယများရှိနေခဲ့သည်။ သူသည် ကြက်သွန်နီစိမ်းများ ရွေးချယ်ရန် ဖန်လုံအိမ်ကြီးထဲသို့ ၀င်သွားလိုက်ကာ သူ့အရိပ်ကလေး ရွှီဖန်ကိုခေါ်ပြီး အိမ်ပြန်သွားခဲ့သည်။

ကြက်သွန်နီကို လှီးဖြတ် ဆေးကြောပြီး ရွှီမားမားကို ပေးလိုက်၏။ သူ့စိတ်ထဲရှိ သံသယစိတ်သည် ပိုကြီးမားလာခဲ့ကာ အပြင်ဘက်သို့ ပြန်ထွက်သွားပြီး ဖန်လုံအိမ်ကြီးဆီသို့ တိုက်ရိုက်သွားလိုက်၏။ သူ့မျက်လုံးထောင့်မှ ရွှီဇွာချန်း "လမ်းလျှောက်" နေပြန်သည်ကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။

သူတကယ်ကြီး အားယားနေတာဖြစ်ရမယ်။

ရွှီကျောက်သည် ယခုအချိန်တွင် ရွှီဇွာချန်း၏ "အပန်းဖြေလမ်းလျှောက်ခြင်း" ကို မနှောင့်ယှက်ခဲ့ချေ။ ထိုအစား သူသည် ဖန်လုံအိမ်ကြီးထဲသို့ ဝင်ကာ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်၏။ အိမ်ပြန်ရောက်သောအခါတွင် သူ့မိသားစုနှင့် နေ့လည်စာစား‌လေ၏။ နေ့လည်စာစားပြီးနောက် လူတိုင်းသည် ညနေခင်းအထိ အနားယူကြလေ၏။ ရွှီကျောက်သည် သကျွမ်းတို့ မိသားစုတစ်ခုလုံးကို ဖန်လုံအိမ်ကြီးထဲသို့ ခေါ်ဆောင်သွားခဲ့ကာ ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းခူးဆွတ်ကြလေ၏။

ဖန်လုံအိမ်ကြီးသို့သွားရာလမ်းတွင် ရွှီကျောက်သည် ရွှီဇွာချန်းကို ထပ်တွေ့လိုက်ပြန်လေ၏။ ရွှီဇွာချန်းသည် အခြားသူများနှင့် စကားစမြည်ပြောနေသော်လည်း ရွှီကျောက်တို့ဘက်ဆီသို့ သူ့မျက်လုံးများက ဆက်တိုက်စိုက်ကြည့်နေလေသည်။ ရွှီကျောက်သည် မမြင်ချင်ယောင်ဆောင်ကာ ဖန်လုံအိမ်ကြီးထဲသို့ဝင်သွားခဲ့လေသည်။ သူသည် သကျွမ်းအဖေအား ဇာတိမြေခွေးများနှင့်ပတ်သတ်ပြီး မေးမြန်းခဲ့ကာ ယနေ့ညတွင် ချက်ချင်း သကျွမ်းတို့အိမ်နှင့် ကျွမ်းကျွမ်းတို့အိမ်မှ ခွေးတချို့ကို ဖန်လုံအိမ်ကြီးအား စောင့်ကြည့်ဖို့ငှားမည်ဟု ဆုံးဖြတ်လိုက်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now