ဇွန်ဘီမလေး ယန်ဟန်

155 17 0
                                    

Chapter 65

ခဏအကြာတွင် လူနည်းလာသောအခါ အတွင်းရေးမှူးကျန်း ရောက်လာပြီး

"ကျင်းရှု...လာ.."

လင်းကျင်းရှု က ခေါင်းညိတ်ပြပြီး အတွင်းရေးမှူးကျန်း ခေါ်ဆောင်သွားသည့် လွတ်မြောက်လမ်း၏ ဝင်ပေါက်ဆီသို့ လိုက်သွားခဲ့သည်။အတွင်းရေးမှူးကျန်း သည် လင်းကျင်းရှု အတွက် လမ်းရှင်းရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း လူအုပ်ကြီးမှာ ကြပ်သိပ်နေသဖြင့် တိုးမပေါက်နိုင်ဘဲ ရှိလေသည်။

အတွင်းရေးမှူးကျန်း သည် အချိန်အတော်ကြာအောင် လမ်းရရန် ပြောဆိုနေရသဖြင့် မျက်နှာနီမြန်းကာ ချွေးများထွက်နေသော်လည်း မည်သူမှ လမ်းမဖယ်ပေးကြချေ။ အတွင်းရေးမှူးကျန်း က လူအုပ်ကြီးကို လှမ်းအော်ပစ်လိုက်သည်။

“မင်းတို့ ငါ့ကို ဘာလို့ တွန်းထုတ်နေရတာလဲ.....အခု တန်းစီကြ..."

အတွင်းရေးမှူးကျန်း ၏ အသံသည် ကျယ်လောင်လွန်းသဖြင့် အထဲဝင်ရန် ကြိုးစားနေသူများ အံ့အားသင့်သွားကြသည်။

"လမ်းဖယ်...လမ်းဖယ်..."

လူအုပ်ကြီးက ခဏတာ ကြောင်သွားကြသဖြင့် အတွင်းရေးမှူးကျန်း က လူအုပ်ကို အမြန်တွန်းဖယ်ကာ လင်းကျင်းရှု ကို လွတ်မြောက်လိုဏ်ခေါင်းထဲသို့ သွားခွင့်ပေးလိုက်သည်။

လင်းကျင်းရှု သည် မြေအောက်လမ်းအတိုင်း ဆင်းသွားခါနီးတွင် အနောက်မှ တံတောင်ဖြင့် တစ်စုံတစ်ယောက်က တွန်းဆောင့်လိုက်ရာ မြေပြင်ပေါ် ဟပ်ထိုးလဲမတတ်ဖြစ်သွား၍ အားကနဲ နာကျင်စွာ အော်လိုက်သည်။ သူမ အော်သံမဆုံးမီ နွေးထွေးသည့် လက်တစ်စုံက သူမကို လဲကျမသွားအောင် တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပေးလိုက်လေ၏။

လင်းကျင်းရှု ထိတ်လန့်သွားပြီး သူမနောက်က လူအုပ်ကို ကြည့်လိုက်သော်လည်း သူမကို မည်သူက တွန်းလိုက်သည်ကို မမြင်ရတော့ပေ။

"မင်းအဆင်ပြေရဲ့လား..."

အလွန်သာယာသော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုမှသာ လင်းကျင်းရှု သည် သူမအား အချိန်မီ ဖမ်းထားပေးသူကို ကြည့်လိုက်လေသည်။ထိုလူငယ်သည် ရုပ်ရည်ချောမော၍ ဖြူဖွေးသော အသားအရေရှိပြီး ရွှေရောင်မျက်မှန်ကို တပ်ထားလေသည်။သူ၏ မျက်လုံးများသည် ပင်လယ်ရေကဲ့သို့ နက်ရှိုင်းလွန်းသဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအကြည့်တို့၏ အဓိပ္ပါယ်ကို နားမလည်နိုင်ပေ။ သူ၏ နှာတံမှာ ဖြောင်းစင်းနေပြီး နှုတ်ခမ်းများမှာလည်း လှပလေ၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now