ဇွန်ဘီမလေး ယန်ဟန်

151 14 0
                                    

Chapter 70

ကံ‌ကောင်းစွာနှင့် ယွင်ကျင့် မြို့သို့ ပထမဆုံး လှေဖြင့်လိုက်ပါလာသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ကျွန်းဧရိယာတွင် တည်ရှိသော ယွင်ကျင့်တက္ကသိုလ် ဗိုင်းရပ်စ်သုတေသနဌာနတွင် ဘေးကင်းစခန်းတစ်ခုကို တည်ထောင်ခဲ့လေသည်။ ကျီကျောက်ယန် သည် ကျွန်းပေါ်သို့ ဇွန်ဘီ အများအပြားကို ခေါ်လာသောကြောင့် ယွင်ကျင့်မြို့ဧရိယာတွင် ဘေးကင်းစခန်း တစ်ခုကို တည်ထောင်ရန် ပိုမိုလွယ်ကူလာသည်။

ပင်လယ်မှ ယွင်ကျင့်မြို့သို့ ရောက်လာကြသူ အများစုမှာ နာမကျန်း ဖြစ်ခဲ့ကြပြီး ငယ်ရွယ်ပြီး ကြံခိုင်သော လူအနည်းငယ်သာ နာမကျန်း မဖြစ်ကြသော်လည်း အအေးမိခြင်းဝေဒနာကို ခံစားရလေသည်။

ဟန်ခိုင် ၏ဖခင်မှာ လှေပေါ်ကတည်း အဖျားကြီးနေခဲ့ပြီး ယွင်ကျင့်မြို့ကို ရောက်သည့်အခါ ဟန်ခိုင် က ဖခင်ဖြစ်သူ၏ အဝတ်အစားများကို လဲပေးပြီး ရေပတ်တိုက်ပေးခဲ့သည်။သို့သော်လည်း ဖခင်ဖြစ်သူမှာ မသက်သာဘဲ ရက်အတော်ကြာအောင် ဖျားနေခဲ့သည်။ ထိုအချိန်က အဖျားပျောက်စေသော ဆေးဝါးများ မရှိပေ။ အကယ်၍ ‌ဆေးဝါးများ တွေ့ရလျှင်ပင် အများစုမှာ သက်တမ်းကုန်နေသော ဆေးဝါးများသာ ဖြစ်လေသည်။

ဟန်ခိုင် သည် ဖခင်ဖြစ််သူ၏ အိပ်ရာဘေးတွင် လှဲနေကာ ဖခင်ဖြစ်သူ၏ ကယောင်ကတမ်း စကားများကို နားထောင်နေခဲ့သည်။ ထိုအချိန်က သူလုပ်နိုင်သမျှမှာ သူအ‌ဖေ အနားတွင်ရှိနေပေးပြီး ရေပတ်တိုက်ပေး၍ နှိပ်ပေးရုံသာ တတ်နိုင်ခဲ့သည်။

ညနေစောင်းချိန်တွင် မြို့ကို ရောက်သည့်အခါ ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ ပူနွေးနေဆဲရှိပြီး သေဆုံးပြီးသည့်နောက် သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အေးလာလေ၏။ ဟန်ခိုင် သည် ငြိမ်းချမ်းစွာ သေဆုံးသွားပြီ ဖြစ်သော ဖခင်ကို အသာငေးကြည့်နေမိသည်။ သူ မငိုကြွေးခဲ့သော်လည်း စိတ်ဓာတ်ကျနေမိသည်။ ယခု သူ၏ တစ်ဦးတည်းသာ ကျန်ရှိနေသော သွေးသားရင်းချာက သူ့ကို တစ်ယောက်တည်း ထားခဲ့လေပြီ။

တကယ်တမ်းတွင် လွန်ခဲ့သည့် သုံးနှစ်ကတည်းကပင် ဟန်ခိုင်၏ ဖခင်ဖြစ်သူမှာ လောကကြီးတွင် အသက်မရှင်သန်ချင်တော့အောင် ဖြစ်နေခဲ့လေသည်။ သူ့ဖခင်မှာ မိခင်ဖြစ်သူ ဇွန်ဘီဖြစ်လာသည့် အချိန်မှစ၍ အကြိမ်ကြိမ်ပင် သေချင်သည့်အကြောင်း ပြောဆိုဖူးလေသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ဖခင်ဖြစ်သူမှာ စိတ်ကျရောဂါဖြင့် နေထိုင်ခဲ့ရသဖြင့် သေခြင်းတရားသည် သူ့အတွက် စိတ်သက်သာရာရသွားခြင်း ဖြစ်လေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now