Chapter 87
နောက်တစ်နေ့တွင် လျန့်ချောင် သည် သုတေသီများကို အုပ်စုများခွဲလိုက်သည်။ ဟန်ခိုင် က စာရင်းကိုယူကြည့်လိုက်သောအခါ လျန့်ချောင် သည် ကျိုးဝမ်လုံ ကို သူနှင့်အတူ တွဲထားခြင်း ဖြစ်သည်။ ယန်ဟန်သည် ကျိုးဝမ်လုံ မှာ လျန့်ချောင် ထည့်ပေးလိုက်သော မျက်လုံးများဖြစ်မည်ဟု တွေးကာ ဟွမ်ကျစ်ပင်း ကို အလွန်ဒေါသ ထွက်သွားရသည်။
ထိုနေ့က သူမ၏ မွေးစားဖခင် ဟွမ်ကျစ်ပင်း ၏ စကားအဓိပ္ပါယ်မှာ ထင်ရှားလှပြီး သူမကို ကာကွယ်ဆေး မတီထွင်စေချင်ကြောင်း သိသာလှ၏။ ထိုနည်းအားဖြင့် ကျိုးဝမ်လုံ သည် သူမတို့၏ ဓာတ်ခွဲခန်းအတွင်း အခြေအနေများကို သေချာပေါက် အနှောင့်အယှက်ပေးမည်ဖြစ်သည်။
"ကျိုးဝမ်လုံ က ကျွန်မတို့ ဓာတ်ခွဲခန်းထဲမှာ နေလို့မဖြစ်ဘူး..."
ယန်ဟန်က စာရင်းကိုကိုင်ထားရင်း ဒေါသတကြီးပြောလိုက်သည်။
"ပြဿနာတိုင်းမှာ အဖြေကိုယ်စီရှိပါတယ်... အခုတော့ သူ့ကို မောင်းထုတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး... သူ့ကို ဓာတ်ခွဲခန်းထဲမှာ အရင်နေခိုင်းပြီးမှ တခြားအဖွဲ့ကို လွှတ်လိုက်ဖို့ အကြောင်းပြချက် ရှာရမယ်...”
"သူက ကျွန်မတို့ကို နှောင့်ယှက်နေရင် ဘယ်လိုလုပ်မလဲ..."
"ရပါတယ်... ငါဒီမှာ ရှိနေမှာပဲလေ... သူ မနှောင့်ယှက်နိုင်ပါဘူး...”
ဟန်ခိုင် က ယန်ဟန်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အင်း...တခြားနည်းလမ်း မရှိဘူးလေ... ကျွန်မ စမ်းသပ်မှုအပေါ်ပဲ ပိုပြီး အာရုံစိုက်လိုက်မယ်..."
သူတို့စကားပြောနေစဉ် ကျိုးဝမ်လုံ က ပြုံးရွှင်စွာ ရောက်လာလေ၏။
“ပရော်ဖက်ဆာ ဟန်...ပရော်ဖက်ဆာယန်...”
ယန်ဟန် ဒေါသထွက်သွားသဖြင့် စားပွဲပေါ်ရှိ စမ်းသပ်မှတ်တမ်း စာအုပ်ကို ကောက်ကိုင်ကာ စာရွက်ကို လှန်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ဟန်ခိုင် က သူ့ကို လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး စမ်းသပ်ကိရိယာကို ယူရန် လှည့်ထွက်လိုက်သည်။ ကျိုးဝမ်လုံ သည် တံခါးဝမှာ ရပ်ပြီး လူနှစ်ယောက်ကို အေးစက်စွာကြည့်လိုက်ပြီး သူ့ကို မျက်နှာသာမပေးသဖြင့် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။