Chapter 85
ယန်ဟန်က သူမခေါင်းကို ဖယ်လိုက်ပြီးနောက် ဟန်ခိုင် ချက်ချင်း မျက်လုံးဖွင့်လိုက်လျှင် နှစ်ယောက်သား ရှက်သွားကြမည် စိုး၍ မျက်လုံးမဖွင့်ဘဲ ခဏလောက် စောင့်နေလိုက်ရသည်။ ထို့နောက် သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ယန်ဟန်က လက်မောင်းမှ ဒဏ်ရာကို လက်ညိုးနှင့် ထိုးနေသည်ကို တွေ့လိုက်ရသဖြင့် သူ အမြန်ထရပ်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
“ယားတယ်...”
ဒဏ်ရာက အမှန်တစ်ကယ် ယားနေသော်လည်း သူမက မကုတ်ဝံ့သဖြင့် ယားယံမှုကို သက်သာစေရန် လက်ချောင်းများနှင့်သာ ခပ်ဖွဖွထိုးနေခဲ့သည်။
"မကူးစက်နိုင်လောက်ဘူး မလား..."
ဟန်ခိုင် သည် ယန်ဟန်၏လက်မောင်းကို စိုးရိမ်တကြီး ကိုင်ကာ ကြည့်လိုက်သော်လည်း ဒဏ်ရာကို ပိတ်စများဖြင့် တင်းကြပ်စွာ ပတ်ထားသဖြင့် ဘာမှမမြင်ရပေ။ ပိတ်စပေါ်၌ ခြောက်သွေ့နေသည့် သွေးကွက်များသာရှိပြီး ဖုထွက်နေခြင်းမရှိ၍ ရောဂါကူးစက်ပုံ မပေါ်ပေ။
"အားခိုင်...ပိတ်စကို ချွတ်ပြီး တစ်ချက်ကြည့်လိုက်ပါလား..”
လီနန်ရှန့် က ရောက်လာပြီး ပြောလိုက်သည်။ ယန်ဟန်က လီနန်ရှန့် စကားကို သဘောတူလိုက်ပြီး ခေါင်းညိတ်သည်။ ဟန်ခိုင် ၏ အိတ်ကပ်ထဲတွင် ပိတ်စများနှင့် ရောင်ရမ်းမှုကို သက်သာစေသည့် ဆေးဝါးများစွာ ကျန်နေသေးသဖြင့် သူမလက်မောင်းမှ ပိတ်စကို ဖြည်လိုက်သည်။ ပိတ်စကို ဖယ်ရှားပြီးနောက် ယန်ဟန်သည် သူမ၏ ဒဏ်ရာမှာ အနာကျက်သွားပြီး အသားအသစ်များ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
“အို...ဘုရား..ဘုရား...ဒီဆေးက မှော်ဆေးများလား...ဒဏ်ရာက ကျက်တာ မြန်လိုက်တာ...”
လီနန်ရှန့် က ယန်ဟန်၏ ဒဏ်ရာ ပျောက်ကင်းသွားသည်ကို မြင်လိုက်ရသောအခါ သူ့မေးရိုးများ ပြုတ်ကျသွားမတတ် အံ့သြသွားရသည်။
ဟန်ခိုင်က ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
"ဟင့်အင်း...ဒီဆေးက သာမန် ရောင်ယမ်းတာကို ပျောက်စေတဲ့ ဆေးပါပဲ...၂၄ နာရီအတွင်း ဒီလို ဒဏ်ရာအနက်ကြီးကို ဘယ်ဆေးမှ ကုနိုင်မှာ မဟုတ်ဘူး...."