Chapter 83
ယန်ဟန်သည် ဇွန်ဘီ အကုတ်ခံထားရသော်လည်း သူမမှာ အလွန်တည်ငြိမ်နေသဖြင့် တံခါးစောင့် အံ့အားသင့်သွားရသည်။
" မင်းတို့ နှစ်ယောက်ကို ဝင်ခွင့်မပြုနိုင်ဘူး..."
ဟန်ခိုင် က ရှေ့သို့တိုးလိုက်ပြီး တံခါးစောင့်ကို ပြောလိုက်၏။
"လီနန်ရှန့် ကို ခေါ်ပေးပါ... ကျွန်တော်သူ့ကို ပြောစရာရှိလို့ပါ..."
"မင်းလည်း ဇွန်ဘီကိုက်ခံထားရတာလား..."
"မကိုက်ခံရပါဘူး..."
တံခါးစောင့်မှာ ပို၍ပင် စိတ်ရှုပ်သွားရသည်။
“သူမကို ဇွန်ဘီတစ်ကောင်က လက်သည်းနဲ့ ကုတ်ပစ်လိုက်တယ်...ဒါပေမယ့် မင်းက သူမနဲ့ အတူ လမ်းလျှောက်လာတယ် ဟုတ်လား... နောက်ခဏနေရင် သူမ ဇွန်ဘီ ဖြစ်လာလိမ့်မယ်..."
ဟန်ခိုင် က တံခါးစောင့်သည် သဘောကောင်းသူဖြစ်ကြောင်း သိသော်လည်း အသေးစိတ် ရှင်းပြမနေတော့ပေ။
“အစ်ကို... လီနန်ရှန့် ကို ခေါ်ပေးပါလား...အရေးကြီးလို့ပါ..."
တံခါးစောင့်က ဤလူနှစ်ယောက်ကို ထူးဆန်းသည် ဟု တွေးမိလိုက်သည်။ တစ်ယောက်က ဇွန်ဘီ ကိုက်ခံရသော်လည်း ခြင်ကိုက်ခံရသကဲ့သို့ပင် တည်ငြိမ်နေပြီး ကျန်တစ်ယောက်မှာပို၍ပင် ဆန်းနေသေးသည်။အဖော်ဖြစ်သူက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံသော်လည်း အေးအေး ဆေးဆေး စခန်းကို အတူတွဲ၍ ပြန်လာ၏။ သူတို့နှစ်ဦးစလုံးသည် သေခြင်းတရားကို တွေ့ကြုံဖူးသူများဖြစ်ကြောင်း သူ တွေးလိုက်မိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် တံခါးစောင့်သည် သူတို့ တွေ့ချင်သည့်လူကို ခေါ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
"မင်းတို့နှစ်ယောက် ဒီမှာစောင့်နေ... ငါခေါ်ပေးမယ်..."
ထို့နောက် သူက လီနန်ရှန့် နှင့်အတူ ပြန်ထွက်လာသည်။
တံခါးဝမှာ ဟန်ခိုင် ရပ်နေသည်ကိုမြင်လျှင် လီနန်ရှန့် က တံခါးကိုဖွင့် ပေးရန် အမြန် လျှောက်သွားလိုက်သည်။
လီနန်ရှန့် တံခါးဖွင့်တော့မည်ကို တံခါးစောင့်က မြင်လိုက်သောအခါ သူက အမြန်တားထားလိုက်သည်။