အခန်း ၂၄

258 40 1
                                    

အခန်း (၂၄)
“တစ်ခါတစ်လေ.. ငါ တွေဝေတတ်တယ်..”
သူ ခပ်တိုးတိုး ပြောလိုက်တော့.. သူမက သူ့စကားကို ကိုယ်လေး ကိုင်းလျက် နားထောင်သည်။ သူမ ပါးပြင်မှ အနံ့ ခပ်သင်းသင်းက သူ့နှာဝသို့ လာပြီး ရိုက်ခတ်သဖြင့် သူ လဲအိပ်နေရာမှ ထရပ်လိုက်ပြီး..
“ငါ မင်းကို ငါ လုပ်နိုင်တာ တချို့ပြမယ်..”
သူမ လက်ကို ဆွဲလျက် ပယင်းရေကန်သို့ ဆင်းလာတော့.. သူမက
“သခင့်ဆီမှာ ကောင်းကင် အရောင်ဝါ တွေ့တယ်..”
“ဟုတ်တယ်.. ထူးဆန်းတယ် မဟုတ်လား.. ငါက မြေနတ်လေ ဘယ်လို ဖြစ်ပြီး ကောင်းကင်အရောင်ဝါ ဖြစ်တာလဲ ငါလည်း သိပ်မရှင်းဘူး..”
“သခင်.. ဘာလုပ်မလို့လဲ..”
ပယင်း ရေကန်မှ ရေတချို့ကို ဆင့်ခေါ်လိုက်ပြီး ရေခဲလက်နက်ပုန်း အဖြစ်သို့ ပြောင်းလိုက်ကာ.. လက်ကို ဝှေ့ယမ်းလိုက်တော့.. ရေခဲလက်နက်ပုန်း တချို့က မြေပြင်ပေါ်တွင် အနှံ့အပြား စိုက်ဝင်သွား၏။ ရှောင်ညောင်က.. အားပါးတရ လက်ခုတ်တီးသည်။ ဝမ်းသာအားရနေသည့် မျက်နှာလေးက မီးစများပင် တဖျတ်ဖျတ် တောက်လာတော့မလိုဖြင့်..
“သခင်.. အရမ်းတော်တာပဲ.. လာခဲ့.. မနက်က သခင့်ကို လှောင်ခဲ့တဲ့လူတွေကို သွားပြီး ပညာပေးရအောင်..”
“မလိုဘူး.. မနက်က ငါ တမင် အဲဒါကို လက်နက်အဖြစ် မပြောင်းခဲ့တာ..”
“ဟုတ်လား.. ဒါပေမယ့် သူတို့က သခင့်ကို မလေးစားဘူး..”
“မလိုဘူး.. မင်းသိရင် ရပြီ.. စိတ်မကောင်း မဖြစ်နဲ့တော့.. ငါ တမင် သူတို့ကို မမြင်စေတာမို့.. ငါ့အတွက်နဲ့ မင်း စိတ်ထဲမှာ နာကျင်ဖို့ မလိုဘူး..”
“ရှောင်ညောင် သိပါပြီ.. ဝူး!!..”
သူမက လက်နှစ်ဖက်ကို ဆန့်ကာ.. အတောင်ပံ ခတ်ဟန်ဖြင့်.. ခေါင်းမော့လျက် အော်သည်။ ဒါကို သူမ ပျော်တိုင်း ပြုလုပ်နေကျမို့ သူ့အတွက်ကတော့ ရိုးနေပါပြီ။
“ငါ ကျောင်းကနေ ထွက်သွားရပြီ ဆိုရင်.. မင်းရဲ့ မိသားစုကို ရှာပေးမယ် ညောင်အာ..”
သူ ပြောလိုက်တာကို သူမက မျက်လုံးလေး ဝင်းလာပြီး ခေါင်းညိတ်သည်။ သူမ ခေါင်းလေးကို ပုတ်လိုက်တော့ သူမက ကြက်ပေါက်စလေးလို သူ့လက်ကို သူမခေါင်းလေးနှင့် လိုက်ထိုးနေ၏။ သူ့သမာဓိကို လိုက်စမ်းနေသလို ခံစားရလာတာမို့ သူ့လက်ကို လျင်မြန်စွာ သိမ်းလိုက်ပြီးမှ..
“မင်းက ငတုံးမလေးပဲ.. ဘာမှလည်း မသိဘူး..”
သူမလေးကို ကျောခိုင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ သူမ၏ အနားသို့ ပြေးလာသော ခြေသံကို ကြားလိုက်ရတာမို့.. ဟူအာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူမကို ဘာပဲ ပြောလိုက် ပြောလိုက် တစ်ခါတစ်လေ တခြားလူတွေ ရှေ့မှာ အော်မိရင်တောင် သိပ်မကြာခင်မှာ သူမက သူ့ထံသို့ အပြေးလွှား ပြန်ရောက်လာတာကို သူ နေသားကျနေပါပြီ။
@@@@@@@@@@
ကောင်းကင် တံခါးဝမှ ဝင်လာခဲ့ပြီ ပန်းတရာ နန်းဆောင်ကို စွေပင်မကြည့်ပဲ.. သူ ဆစ်ကျီ နတ်မင်း၏ တလင်း နန်းဆောင်သို့ ဦးတည်လိုက်မိသည်။ ဆစ်ကျီ နတ်မင်း၏ နန်းဆောင်သို့ ရောက်လာတော့..
“ကျန်းမင်ရှီ ဆစ်ကျီနတ်မင်းကို တွေ့ခွင့်တောင်းပါတယ်..”
ကျန်းမင်ရှီ ဆိုတာက ကောင်းကင်၏ဖခင် နတ်မင်းကိုးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သော.. ကျန်းရှီ နတ်မင်း၏ သားတော် ဖြစ်တာမို့.. ဆစ်ကျီ ကိုယ်တိုင်.. အရှေ့သို့ ထွက်ကြိုသည်။
“ပန်းတရာ နန်းဆောင် သခင်က ကောင်းကင် နန်းတော်ကို မနှစ်သက်ဘူးလို့ ကြားတာ.. သတင်းကမှားနေတယ်နဲ့ တူတယ်..”
စတင် နှုတ်ဆက်သော စကားက ပြေပြစ်နေတာလည်း မဟုတ် မာကျောနေတာလည်း မဟုတ်..၊ ကျန်းမင်ရှီကတော့.. ဆစ်ကျီ နတ်မင်း၏ နန်းဆောင်မှ ပန်းများကို လှည့်ပတ်ကြည့်နေရင်းမှ..
“ဒါပေမယ့် တပည့် တစ်ဦး ရှိလာတော့မယ် ဆိုတော့ အတည်တကျ နေဖို့ သင့်ပြီ မဟုတ်လား.. ပန်းတရာနန်းဆောင်က ပြန်ပြီး လှလာမှာပါ..”
ပြန်ပြီး လှလာမှာပါ ဆိုသည့် အကြောင်းအရင်းက လွန်ခဲ့သည့် နှစ်လေးသိန်းကျော် ကာလတုန်းကကို ရည်ညွှန်းနေမှန်း သိသာသည်။ ထိုကာလတုန်းက ကောင်းကင်တွင် ဆစ်ကျီနတ်မင်းက ချောမောသော ဆံဖြူနတ်အဖြစ် ကျော်ကြားချိန်တွင်.. ကျန်းမင်ရှီ နတ်မင်းကလည်း.. မျက်ဝန်းစိမ်းနှင့် ချိုသာသော နတ်တစ်ပါး အဖြစ် ကျော်ကြားသည်။
ကျိုးလွီဟူသော.. နတ်သား၏ တည်ငြိမ်မှုကို ဘယ်နတ်သားမျှ မယှဉ်နိုင်ခဲ့သလို.. ထိုစဉ်က တစ်လောကလုံးမှ အလှဆုံး ဟူသည့် ရင်းမျိုးနွယ်မှ တစ်ဦးတည်းသော ကျန်သည့် နတ်မင်းသမီး ရင်းဖန့်အော်.. ကိုလည်း ကျန်းမင်ရှီလက်အတွင်းမှ ရယူသွားနိုင်သေးသည်။
ရင်းဖန့်အော် ဆိုတာက ရင်းမျိုးနွယ်တွင် တစ်ဦးတည်းကျန်သော နတ်သမီး တစ်ပါး ဖြစ်သည်။ ရင်းမျိုးနွယ်က ကောင်းကင်နတ် စစ်စစ် မဟုတ်သော်လည်း.. ကောင်းကင်အား တည်ထောင်တော့.. ရင်းမျိုးနွယ် တစ်ခုလုံး ပျက်စီးခဲ့ရသည်။
ထို့အတွက်.. ကောင်းကင်မင်းကြီးအပါဝင်.. နတ်မင်း ကိုးပါးမှ ရင်းမျိုးနွယ် ဖြစ်သည့် မြေနတ်အား.. ကောင်းကင်နတ်အဖြစ် ခေါ်ဆောင်ခဲ့စေသည်။ ပညာသင်ပြီး မင်းသမီး တစ်ပါးကဲ့သို့ နေစေခဲ့သည်။ ဆွေမျိုး မရှိသော နတ်မင်းသမီးအား ကျန်းမင်ရှီ ဆိုသည့် နတ်သားငယ်က အဖော်ပြုပေးသည်။
သို့နှင့် နှစ်ဦးသား ခင်မင်ရင်းနှီးခဲ့သည်။ ကျန်းမင်ရှီသည် ကျိုးလွီ၏ဖခင် ကျိုးရှီ နတ်မင်းထံတွင် ပညာသင်ကြားရသူ ဖြစ်သဖြင့်.. ကျိုးလွီနှင့် ဆရာတူ ညီအစ်ကိုတော်သည်။
ကျိုးလွီက တည်ငြိမ်သော နတ်ဖြစ်သော်လည်း ကျန်းမင်ရှီက နတ်အားလုံး လက်လန်ရသော နတ်ဖြစ်သည်။ အရွယ်ရောက်တော့.. ကျိုးလွီနှင့် ရင်းဖန့်အော်အား မိတ်ဆတ်ပေးမိရာမှ.. ကျန်းမင်ရှီက အသည်းကွဲနတ် ဖြစ်သွားတော့၏။ ကျိုးလွီက ဆရာတူအစ်ကို ရင်းဖန့်အော်က ငယ်ကတည်းက ချစ်ခင်ရသော မိန်းကလေး..၊
ထိုသူ နှစ်ဦး၏ ပေါင်းစည်းမှုက သူ့ကို ဝမ်းသာ ဝမ်းနည်း ဖြစ်စေသည်။ ကျန်းမင်ရှီ ကောင်းကင်နန်းတော်မှ ပေးအပ်သော နယ်မြေခွဲခြားရေး တာဝန် အားလုံးကို ကောင်းကင်မင်းကြီးထံတွင် ပြန်လည်အပ်နှင်းတော့.. ကျိုးဖန့်သုန်အား.. မမွေးသေးခင်.. ဖြစ်သည်။
ကျိုးလွီကို အပြစ်မတင်ရက်သလို ပျော်နေတာကိုလည်း သူ မကြည့်နေနိုင်ပေ။ ထို့ကြောင့် ကောင်းကင် နန်းတော်မှ ထွက်သွားရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ကျိုးလွီနှင့် ဖန့်အော်က သူ့ကို လာပြီး တားမြစ်သေးသည်။ သို့သော်.. ချစ်ရသူက တခြားသူနှင့် ပျော်နေတာကို နေ့စဉ် နေ့တိုင်း ထိုင်ကြည့်နေတာက သူ့ပုံစံ မဟုတ်သဖြင့်.. သူ ခေါင်းယမ်းလိုက်သည်။ ပြီးမှ..
~~ကျိုးလွီ.. မင်းရဲ့ ကလေးတွေ အတွက်.. ငါက ခေါင်းကိုင် အဖေ လုပ်ပေးမယ်.. ခေါင်းကိုင်အဖေ ဆိုတာကို မင်းသိတယ် မဟုတ်လား.. သူတို့ ငါ့ဆီက အမွေ တောင်းခွင့် ရှိတယ်.. ဒါပေမယ့်.. ငါ ကောင်းကင်မှာ မနေနိုင်တော့ဘူး.. ငါ့ကို မတားပါနဲ့ .. ရမလား..~~
~~ငါတို့တွေ အစကတည်းက ပွင့်လင်းခဲ့သင့်တာ.. မင်ရှီ..~~
ညီအစ်ကိုလို နေခဲ့ကြသော်လည်း.. တစ်ယောက်ရင်ထဲက ကိစ္စ တစ်ယောက် မပြောဆိုပဲ မျိုသိပ်ကာ.. ဖြစ်ချင်တော့ နှစ်ယောက်လုံး ကြိုက်နေမိသော မိန်းကလေးက တစ်ဦးတည်း ဖြစ်နေတာကို ကျိုးလွီက ဆိုလိုခြင်း ဖြစ်သည်။
သို့သော် မင်ရှီ ခေါင်းသာ ခါယမ်းပြလိုက်သည်။ ဖွင့်ပြောမိကြတယ် ဆိုအုံးတော့.. သူမ၏ နှလုံးသားက တခြားသူအတွက် မဟုတ်လား..၊ ကျိုးလွီကို ချစ်နေတာကို သူ့အတွက် ကျိုးလွီက နောက်ဆုတ်ပေးမယ် ဆိုတာက အဓိပ္ပါယ် မရှိတာလေ..၊
ဆစ်ကျီကို မြင်လိုက်မှ အရင်က အဖြစ်ပျက်တွေကို သတိတရဖြင့် မင်ရှီ ငေးငိုင် သွားမိသည်။ ~~လေးသိန်း.. နှစ်ပေါင်း လေးသိန်း ရှိပြီ.. ဖန့်အော်..၊ ငါ့နှလုံးသားက ပူနွေးနေတုန်းပဲ..၊ မင်းကို ကောင်းကောင်း မစောင့်ရှောက်နိုင်တဲ့ ကျိုးလွီကို ငါ စိတ်ဆိုးမိသေးတယ်..၊ အဲဒါကြောင့်.. ငါ သူ့သားသမီးတွေကို ပစ်ထားတယ်..၊ ငါ မှန်တယ်လို့ မပြောပါဘူး.. ငါပစ်ထားမိတာ မင်းရဲ့ သားသမီးတွေလည်း ဖြစ်သေးတယ်.. မဟုတ်လား ဖန့်အော်..၊~~
“နတ်မင်း..”
အနားမှ မိန်းကလေး တစ်ဦး၏ အသံကြောင့် သူ ဆတ်ခနဲ ဖြစ်သွားသည်။ ထိုမိန်းကလေးက သူ့အား အရိုအသေပေးရင်း..
“ဆစ်ကျီ နတ်မင်းက.. တလင်းရေကန်ကို ကြွလာပေးဖို့ ဖိတ်ကြားပါတယ်..”
“ရတယ်..”
ဆစ်ကျီက သူတို့ထက် ကောင်းကင်ကို ရောက်တာ နောက်ကျသော်လည်း.. သီးသန့်ဆန်လွန်းသော နတ်မို့လို့ ဆစ်ကျီ နတ်မင်း၏ နန်းဆောင်ကို သူ တစ်ခါမျှ မရောက်ဘူးပေ။ ထို့ကြောင့် အစေခံ နတ်သမီး ခေါ်ရာသို့ အနောက်မှ လိုက်သွားမိသည်။
“နတ်မင်း ထိုင်ပါအုံး..”
လူထိုင်၍ ရသော အရွယ်အစားရှိသည့် ကြာရွက်ကို ညွှန်ပြတော့ သူ ထိုနေရာတွင် တက်ထိုင်လိုက်သည်။ ဆစ်ကျီ နတ်မင်းက သူနှင့် မလှမ်းမကမ်း ကြာရွက်ပေါ်တွင် ဒူးတစ်ဖက် ချလျက် ထိုင်နေသည်။
“ဆစ်ကျီ.. မင်းက အရင်တုန်းက ဆစ်ကျီ အတိုင်းပါပဲ ချောမောခန့်ညားဆဲပါ..”
“ကျန်းမင်ရှီ နတ်မင်းကတော့.. အပူရုပ်ကို ဟန်လုပ်ထားလို့ အမှန်ပြောရရင် အပူသည်နဲ့ တူနေပါပြီ..”
ဘယ်လောက် ကြားမကောင်းတဲ့ စကားလဲ..၊ ဒီလိုမျိုး ကြားမကောင်းတဲ့ စကားတွေကို ဆစ်ကျီက မပြောင်းမလဲ ပြောနေဆဲလား..၊ မင်ရှီ ခေါင်းယမ်းလိုက်ရင်း..
“မင်း တကယ် မပြောင်းလဲသေးဘူးပဲ..”
“ဟုတ်သားပဲ.. အရင်ကအတိုင်း ငါ ဆစ်ကျီက ပညာရပ်တွေ တတ်မြောက်နိုင်ဆဲ ပါပဲ..”
ဆစ်ကျီက ကျိုးရင်းရဲ့ ဆရာ ဆိုတာကို သတိရသွားမိပြီး.. ဒီဆရာတပည့်က ကြားထားရတဲ့ သတင်းတွေ အတိုင်း စကားကို ဘယ်မျက်နှာမှ မကြည့် ပြောဆိုတတ်တာပဲ ဆိုတာကို တွေးမိသွားသည်။
“ဟုတ်တယ်.. မင်းက ချီးရှီ နတ်မင်းရဲ့ တပည့် ဆိုတော့ တခြားသူတွေထက် ထူးတာ အမှန်ပဲ.. ပြောရရင်.. ငါက မင်းကို အကူညီ တစ်ခု တောင်းချင်လို့ပါ..”
“ငါ ပေးမယ်လို့ အတိကျ မဆိုလိုပေမယ့် ပြောပါ..”
“ကျိုးမျိုးနွယ် နတ်တွေ အကြောင်းဆိုရင်တော့ မင်း တကယ့်ကို ကူညီမယ်လို့ ငါထင်ပါတယ်..”
“ကျိုးလော့အော် ဆိုရင်တော့ မင်း ပြန်သွားလိုက်တာ ပိုကောင်းမယ်..”
ကျန်းမင်ရှီ တအံ့တသြပင် ဖြစ်သွားမိသေး၏။ ဒီဆစ်ကျီက ကျိုးမျိုးနွယ်တွေကို စောင့်ရှောက်တာတောင်မှ မျက်နှာလိုက်သေးတာလား..၊ သူ တွေးမိတာကို ဆစ်ကျီက သိသွားဟန်ဖြင့်.. နှုတ်ခမ်းစွန်း တစ်ဖက်မျှကို တွန့်ကွေးရုံ ပြုံးလိုက်၏။ ဒီအမူအရာကို ဟိုနေ့တုန်းက ဟူအာဆီမှာ တွေ့ခဲ့လို့ သေလောက်အောင် မုန်းနေတာ..၊ ဘယ်လို ဖြစ်ပြီး တစ်ပုံစံတည်း ဖြစ်နေရတာလဲ..၊
“ငါ့မှာ ကျိုးဖန့်သုန် ကျိုးလျန်နဲ့ ကျိုးရင်း ဆိုတဲ့ တူ တူမ သုံးယောက် ရှိပေမယ့် သူတို့ဆီက မွေးလာတာတွေကို ငါ စိတ်မဝင်စားဘူး.. ဒါပေမယ့် ကျိုးယွီက ငါ့တပည့် ဆိုတော့ သူ့ကို ငါ မစောင့်ရှောက်လို့ မရဘူး မဟုတ်လား..”
အမျိုးတွေ စောင့်ရှောက်တာတောင်မှ ခွဲခြားနိုင်သော ဆစ်ကျီ ဆိုသည့် ခံစားချက်မဲ့ နတ်မင်းကို ကျန်းမင်ရှီ လက်ပင် လန်ချင်မိသည်။ ဒီထူးဆန်းသော မျိုးရိုး စောင့်ရှောက်သူ နတ်မင်းကြီးအား.. စနောက်လိုသော ဆန္ဒက ပေါ်လာတာမို့..
“တကယ်လို့ ကျိုးရင်းဆီက မွေးလာတဲ့ နတ်ဆိုရင်ကော.. မင်း ပစ်ထားနိုင်မလား သိချင်သေးတယ်.. တစ်လောကလုံးက သတ်မှတ်ထားတာ.. မင်းက ကျိုးရင်းကို သမီးအရင်းလို စောင့်ရှောက်တယ် ဆိုတော့..”
ဆစ်ကျီ နတ်မင်း၏ မျက်နှာတွင် တွန့်ကွေးနေသော.. မျက်ခုံးနှစ်ခုက ထိစပ်လုမတတ် ဖြစ်လာ၏။ ပြီးတော့မှ.. အေးစိမ့်သော လေသံဖြင့်..
“မင်း ကျိုးရင်းရဲ့ သားသမီးနဲ့ ပတ်သတ်တာ နောက်တစ်ခွန်း ထပ်ပြောကြည့်.. မင်းကို နတ်သက်မကြွေစေဘူး ဆိုရင်.. ငါ့အပြစ် ဖြစ်ပြီ..”
ကျန်းမင်ရှီ နားမလည်သလိုပင် ဖြစ်သွား၏။ သူ စနောက်လိုက်သော စကားတစ်ခွန်းက ဆစ်ကျီ နတ်မင်းအတွက်.. ဒီလောက် ပြင်းထန်ဖို့ လိုလို့လား..၊ ဆစ်ကျီ နတ်မင်း၏ ကောင်းကင် အရောင်ဝါ ခရမ်းရောင်က ရုန်းကြွလာတော့မလိုထိ အေးစိမ့်နေတာမို့..
“ငါက မင်းကို ဒီတိုင်း စနောက်လိုက်တာပါ.. မင်း ဒီလောက်ထိ ပြင်းထန်ဖို့ လိုလို့လား.. ငါ မပြောဘူး လို့ပဲ ထားလိုက်ပါ.. ငါ မေးချင်တာ တစ်ခု ရှိလို့ လာခဲ့တာ.. ပြီးတော့.. မင်းလည်း သိတယ်.. ငါက ကျိုးမျိုးနွယ် မောင်နှမ သုံးယောက်ရဲ့ ခေါင်းကိုင် အဖေ ဆိုတာကို..”
“မင်းဆီကနေ အမွေတောင်းဖို့ မလိုအောင် ရင်းအာက ပြည့်စုံတယ်.. ငါ ကျိုးလျန်နဲ့ ဖန့်သုန်ကို ပြောပြလိုက်မယ်..”
ဆစ်ကျီ နတ်မင်း၏ ပြောဆိုမှုကြောင့် ကျိုးရင်း၏ ခေါင်းကိုင်ဖခင် နေရာကို သူ့အား မပေးဘူးဟု ပြောနေခြင်းမို့ ကျန်းမင်ရှီ ညစ်ကျယ်ကျယ်လေး ပြုံးလိုက်မိသည်။ ~အဲ့လို ရမလား..~
“အမွေ တောင်းတောင်း မတောင်းတောင်း.. ငါက ငါ့ရဲ့ ခေါင်းကိုင် သားသမီးတွေကို တစ်ယောက် မကျန် စောင့်ရှောက်ဖို့ ဆန္ဒရှိတယ်..”
ဆစ်ကျီက သူပြောလိုက်တာကို ရေနွေးခွက်အား လှမ်းယူလိုက်ရင်း ထို နှုတ်ခမ်းတစ်ဖက်စွန်းကို တွန့်ကွေးအောင် ပြုရင်း ပြုံးပြန်သည်။ ပြီးမှ အေးဆေးလှသော လေသံဖြင့်..
“ရင်းအာ ဆီကနေ.. မင်းကို လေးစားဖို့များ မျှော်လင့်နေတာလား..”
ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ကျိုးရင်းနဲ့ ဆုံကတည်းက သူ သိပြီးသား ဖြစ်သည်။ သူ့ရဲ့ နတ်အစွမ်းက သူမထက် လျော့နည်းတဲ့အပြင်.. သူမ၏ ပုံစံအရ တခြားသူကို အရိုအသေပြု အသိမှတ်ပြုရန် ခက်ခဲပြီးသား ဖြစ်မှန်း သိသည်။
“သူက နဂိုရ်ကတည်းက နတ်စည်းမျဉ်းကနေ ကင်းလွတ်ခွင့် ရှိတာ.. ငါ့ကို လေးစားလာဖို့ ငါ မမျှော်လင့်ပါဘူး.. ငါ သိချင်တာက.. မင်း ကျိုးမျိုးနွယ်ထဲက နတ်တွေ အကုန်လုံးကို သိလား..”
ဆစ်ကျီ နတ်မင်းက အေးစက်စက် ကြည့်လာသော်လည်း ခေါင်းညိတ်ပြသည်။ ထို့ကြောင့် ကျန်းမင်ရှီ.. သူ့ရှေ့မှ ရေနွေးခွက် အဖုံးကို ဘေးသို့ ချလိုက်ပြီး.. သောက်ရန် ပြင်လိုက်၏။ တစ်ကျိုက်မှု သောက်လိုက်ပြီးမှ..
“မင်း ကျိုးဟူ ဆိုတဲ့ နာမည်ကို သိလား..”
“ဘာ!!..”
ဆစ်ကျီ နတ်မင်း၏ ဒေါသကြောင့် တလင်း ရေကန်မှ ရေများ အားလုံး ခဲသွားပြီး ကြာရွက် ပေါ်တွင် ထိုင်နေသော.. ကျန်းမင်ရှီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ ~~ကျိုးဟူ ဆိုတဲ့ နာမည်က ဘာလို့ ဒီ ခံစားချက်မဲ့ ဆစ်ကျီ နတ်မင်းကို ဒေါသတွေ ဖြစ်ပေါ်စေရတာလဲ~~
×××××××××
Paid Groupရှိပါတယ်

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now