part92

180 21 0
                                    

unicode
အခန်း ၉၂

မနေ့ကနှင့် ဒီနေ့ နှစ်ရက်အတွင်းမှာပင် သူ၏ ဘဝက အတက်အကျများလွန်းလှသည်။ အလှည့်အပြောင်းက ရှုပ်ထွေးလွန်းပြီး သူကိုယ်တိုင်ပင် လိုက်မမီနိုင်တော့ပေ။ ပိုဆိုးသည်မှာ ထိုအတက်အကျ အလှည့်အပြောင်းများက သူ့စိတ်ဆန္ဒပါမပါ ကိုပင် ထည့်တွက်ခွင့် မရှိပေ။

“ကောင်းပြီ သွားတာပေါ့”

“ကြည့်ရတာ ငါက လိုက်ဖို့ အဆင်မပြေဘူး ထင်တယ်နော်..”

ချင်းရန်နတ်မင်းက အနောက်ကနေ လိုက်လာပြီးနောက်မေးသည်။ ဟူအာ ခေါင်းညိတ်ပြလိုက်မိ၏။

“အင်း..”

“ကောင်းပြီလေ ငါက ချီရှန့်တောင်ကို သွားကြည့်မလို့ နောက်မှ ပြန်ဆုံကြမယ်”

ချင်းရန်နတ်မင်း၏ နတ်စွမ်းအားများစွာအနက် ခုန်လွှားသည့် စွမ်းရည်က အသာလွန်ဆုံး ဖြစ်မည်ဟု ဟူအာ တစ်ထစ်ချ ယုံကြည်သည်။

ချင်းရန်နတ်မင်းသည် ငြိမ်းချမ်းရေးနတ်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကာလများစွာ ရှိပြီးနောက် သူ၏ ခရီးသွားခဲ့သော နေရာများက ရေတွက်၍ပင် ရနိုင်မည် မဟုတ်ဟု ဟူအာ တွေးထင်မိသည်။

ယခုလည်း ဟူအာ၏ ယခင်မိသားစုများနှင့် နှုတ်ဆက်ပွဲကို အလိုက်သတိဖြင့် ရှောင်ထွက်သွားပေးသည်။ ချင်းရန်နတ်မင်း၏ အလိုက်သိမှုအား မနေနိုင်စွာပင် အသိအမှတ်ပြုလိုက်ရသည်။

ပိုင်ဒေသ၏ နယ်နိမိတ်အတွင်းသို့ ရောက်သည်နှင့် လုံဆစ်က ဟူအာအနားသို့ တိုးကပ်လာပြီး သတိပေးသည်။

“အရင်ရက်ကတည်းက အိမ်ရှေ့မင်းသားက အရှင့်သား စပြောရခက်မှာ စိုးရိမ်ပြီးတော့ အကြိုတော်နဲ့ ကြိုတင်ပြီးတော့ အနည်းအကျဉ်း ပြောပြထားပါတယ်၊ အရှင့်သားကို စောင့်နေကြမယ်လို့လည်း ထင်ရပါတယ်”

“ကောင်းပြီ”

ဟူအာ စိတ်အတွင်း တင်းကျပ်သွားမိသည်။ သို့သော် ဖြစ်လာရမည့် အရာက ဖြစ်လာမည် ဖြစ်ပြီး ရင်ဆိုင်ရမည့် အရာကလည်း ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ပိုင်ဒေသ၏ တောအတွင်းက စိမ်းလန်းစိုပြေလွန်းလှသည်။ ပိုင်မင်းကြီး၏ အုပ်ချုပ်မှုပုံစံက နတ်ဒေသများနှင့်မတူ ခြားနားသည်။ ဆိုရလျှင် ဈေးတန်းရှိသော အမတဘုံ မဟုတ်သည့် နတ်ဒေသစစ်ဖြစ်သည့် တစ်ခုတည်းသော နေရာဟုပင် ဆိုနိုင်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now