part 144

210 15 0
                                    

unicode

အခန်း-၁၄၄

ကျန်းမင်ရှီနတ်မင်းက ပျားရည်ပုလင်းငယ်ကို အဖုံးဖွင့်လိုက်ပြီး ခွက်အတွင်းသို့ လေးစက် ငါးစက်မျှ ချလိုက်ကာ ရေပူတချို့ကို လောင်းထည့်လိုက်သည်။ ပြီးနောက် ကမ်းပေးလာရင်း ပြော၏။

“တကယ့်ကို အိမ်ရှေ့မင်းသားရဲ့သားတော် ပီသတာပဲ။ မင်းမသိဘူး။ မင်းကို သင်ပေးနေတုန်းက မင်းအမေနဲ့ တူနေမှာကို ငါ ဘယ်လောက် စိုးရိမ်နေလဲ ဆိုတာကို မင်းသိမှာ မဟုတ်ဘူး။ မင်းအမေက ဒီနတ်စွမ်းအားအခြေခံကို နှစ်သုံးသောင်းကနေ လေးသောင်းလောက် အချိန်ယူ သင်ယူခဲ့ရတယ်။ မင်းအဖေကတော့ လဝက်အတွင်း တတ်မြောက်ခဲ့တာ။ မင်းမိဘတွေရဲ့ ကွာဟချက်ကြီးကို ငါက ဘယ်လောက် ကြောက်ခဲ့တာလဲ ဆိုတာ မင်းနားလည်နိုင်မှာ မဟုတ်ဘူး”

“ဒီနတ်စွမ်းအား အခြေခံက ပုံမှန်အားဖြင့်တော့ နတ်တစ်ပါးအတွက် နှစ်တစ်သောင်းခွဲကနေ နှစ်နှစ်သောင်း လေ့ကျင့် သင်ကြားရတာမျိုးပဲ။ ဒါပေမဲ့ မင်းအမေကတော့ နှစ်သုံးသောင်းကနေ လေးသောင်းအထိ သုံးခဲ့ရတယ်။ ဆစ်ကျီက သူ့တပည့်မကို တကယ်ချစ်တာလေ။ မန္တန်တစ်ခုချင်းဆီကို ဖြည်းဖြည်းချင်းစီ နည်းလမ်းမျိုးစုံနဲ့ မင်းအမေနားလည်ပြီး တတ်မြောက်အောင် သူ အချိန်ပေးတယ်။ စိတ်လည်းရှည်တယ်။ ငါသာဆို အဲလောက်အထိ စိတ်ရှည်ဖို့ တကယ်မလွယ်တာ”

ကျန်းမင်ရှီနတ်မင်း ကမ်းပေးလာသော ပျားရည်ခွက်ကို မော့သောက်လိုက်ပြီး ခွက်ကို ပြန်ကမ်းပေးလိုက်သည်။ ကျန်းမင်ရှီနတ်မင်းက လက်ကို ယမ်းလိုက်ပြီးနောက် ခွက်ကို ပျောက်ကွယ်စေလိုက်ပြီး ဆက်ပြော၏။

“မင်းအဖေကျတော့ လဝက်အတွင်း နတ်အခြေခံစွမ်းအားတွေကို နားလည်သွားရုံတင်မကဘူး။ အဲဒီတုန်းက သူ့မှာ ဆရာတောင်မှ မရှိသေးဘူး။ နောက်မှ ကောင်းကင်မင်းကြီးက သူ့ကို ချီးရှီနတ်မင်းရဲ့နန်းဆောင်ကို ပို့လိုက်တာ”

“ဒါပေမဲ့ မင်းအမေမှာ သူမတူတဲ့ ပါရမီရှိတယ်။ တတိယအဆင့် စိတ်စေညွှန်ရာ ဆေးကုသမှုကို နားလည်နိုင်စွမ်း ရှိပြီးတော့ ဆေးကုသမှု အတတ်ပညာနဲ့ ဆေးလုံး ဖော်စပ်ခြင်းမှာ သူမကို ဘယ်သူကမှ မတူဘူး။ ဒါပေမဲ့ သူမက အဲဒါကို စိတ်ပါလက်ပါ မလုပ်ဘူး။ သူမ ကုသပေးတဲ့ နတ်ကလည်း ရှားပါးတယ်။ ကံဆုံမှ ကုသပေးတာမျိုးပဲ။ ကောင်းကင်နန်းတော်နဲ့ နတ်လောကမှာ ဆိုရိုးစကားရှိတယ်။ စိမ့်စမ်းပြာရေတစ်စက်နဲ့ ကျိုးရင်းနတ်ဘုရားမရဲ့ အကြည့်တစ်ချက်သာ ရှိရင် နတ်သက်မကြွေတော့ဘူးတဲ့။ ဒါပေမဲ့ မင်းအမေက မင်းအဖေ အိမ်ရှေ့မင်းသားနဲ့ ချင်းရန်နတ်မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာ ဘယ်သူကမှ လွယ်လွယ် မတွေ့နိုင်ဘူး”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now