Part 150

167 12 0
                                    

အခန်း-၁၅၀

ဟူအာ၏ နတ်အသက်ဓာတ် ထိန်းချုပ်မှုက နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပြန်လည် ဖြည့်တင်းနိုင်မှုကလည်း မြင့်မားသည်။ ထို့ကြောင့် ဟူအာက သူ့မိခင်ကို အသက်ဓာတ်များစွာ လွဲပြောင်းပြီးသွားသည့်တိုင် အားနည်းသည့်အခြေအနေသို့ မရောက်ရှိသွားပေ။

နေ့တစ်ဝက်ခန့် သူ့မိခင်ထံသို့ အသက်ဓာတ်ကို ထိန်းညှိပေးခြင်းကို ပြုလုပ်ပြီးနောက် သူမ၏ မျက်နှာက ဖြူရော်နေရာမှ အရောင်ပြန်၍ စိုပြေလာသည်။ ဟူအာ ယခုတွင်မှ သက်ပြင်းချလိုက်မိတော့သည်။ သူမကို လဲအိပ်နေစေလိုက်ပြီးမှ သူ့ခမည်းတော်ကို မော့ကြည့်လိုက်မိသည်။

သူ့ခမည်းတော်က သူ့မိခင်ကိုသာ တွေဝေစွာ ငေးမောကြည့်နေ၏။ သူ့ခမည်းတော်ထံတွင် သူ့အား ဆူပူလိုစိတ် အနည်းငယ်မျှ မရှိသည်ကို ခံစားရမိသဖြင့် ဟူအာကပင် အနည်းငယ် အားတုံ့အားနာ ဖြစ်မိလေသည်။

ဟူအာထံတွင် အကြောင်းပြချက် မည်မျှ ရှိသည် ဖြစ်ပါစေ။ ဟူအာက သူ့မိခင်ကို ခေါ်သွားပြီး ရှုပ်ထွေးမှုကို ပြုလုပ်စေခဲ့သူဟူသည့် အချက်ကိုကား မပြောင်းလဲနိုင်တော့ပေ။

သူ့ခမည်းတော်လို ဇနီးကို စောင့်ရှောက်တတ်သူ အနေဖြင့် ဟူအာကို သေအောင် ရိုက်ချင်လျှင်ပင် မည်သူကမျှ ဆွဲလွဲ တားဆီး၍ မရစကောင်းပေ။

ဟူအာက ချက်ချင်းပင် ထိုဇနီးမောင်နှံ၏ အရှေ့မှ ထွက်ပြေးသွားလိုပေသည်။ သို့သော် သူက ချက်ချင်း ပြေးသွားသည်ကလည်း မသင့်လျော်ပေ။ ထို့ကြောင့် မော့ကြည့်လိုက်ခြင်း ဖြစ်သည်။

ပြီးနောက် ဟူအာ ခံစားရလာသည်မှာ သူ၏ နတ်စွမ်းအားက ယခင်ကထက် ပို၍ နက်ရှိုင်းလာပြီး အဆများစွာ ပိုသာလာသလိုပင် ခံစားရလာသည်။ နတ်အသက်ဓာတ်၏ ထိန်းချုပ်ပင်လယ်ကလည်း ထိုနည်းတူပင်။

"ကျွန်တော့်ခန္ဓာကိုယ်က ထူးဆန်းနေတယ်။ ခမည်းတော် ကျွန်တော် အရင်ဆုံး စစ်ဆေးကြည့်လို့ ရမလား"

ဟူအာ သူ့ခမည်းတော်ကို မေးလိုက်မိသည်။ အိမ်ရှေ့မင်းသားက ဟူအာကို တစ်ချက်မျှ ငုံ့ကြည့်လာပြီးနောက်၊

"မင်းရဲ့သန္ဓေအိမ်နဲ့ မင်းရဲ့နတ်ခန္ဓာပေါင်းစပ်မှုကြောင့် နတ်အသက်ဓာတ်နဲ့ နတ်စွမ်းအားက စဉ်ဆက်မပြတ် တိုးပွားလာနေတာ။ မင်း အရင်ဆုံး ထိန်းညှိဖို့ လိုတယ်။ မင်းရဲ့နန်းဆောင်ကို ပြန်သွားလို့ ရပြီ"

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး"

သူ့ခမည်းတော်က ဟူအာ ထွက်သွားတော့မည်ဟု ဆိုလိုက်သည်နှင့် ဟူအာကို လျစ်လျူရှုလိုက်ပြီဖြစ်ကာ သူ့ဇနီး လဲလျောင်းနေသော သလွန်နဘေးတွင် ဝင်ထိုင်လိုက်ပြီး တိတ်ဆိတ်နေသည်။

ဟူအာက ဆက်နေလျှင် အနှောင့်အယှက်ပေးရာသာ ကျတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သောကြောင့် ထပ်မံ၍ နှုတ်ဆက်စကား မဆိုတော့ဘဲ ထွက်ခွာလာခဲ့တော့သည်။

ဟူအာ နန်းဆောင်ခန်းမအပြင်သို့ ခြေလှမ်းချရုံသာ ရှိသေးသည်။ ကောင်းကင်နဂါးအမျိုးသမီးက ဆင်းလာပြီး ပြောသည်။

"မင်းက သူ့သားမို့ တော်သေးတယ်။ တခြားသူသာ ဆိုရင်တော့ ငါတို့သခင် အသေရိုက်သတ်တာကို ခံရမှာပဲ"

သူမ၏ ဝေဖန်သုံးသပ်ချက်ကို ဟူအာ မငြင်းဆန်မိပေ။ အကယ်၍သာ ဟူအာက သူတို့၏သားတစ်ယောက် ဖြစ်မနေခဲ့ပါက သူမ၏ သုံးသပ်ချက်နှင့် သိပ်မကွာမည်မှာ မလွဲမသွေပင်။

"သခင်က ပြောတယ်လေ။ နင့်အမေက မကျန်းမာဘူးဆိုတာကို ဘယ်လို ဖြစ်ပြီးတော့ သူမကို နတ်အသက်ဓာတ်ကို အသုံးပြုရတဲ့အထိ ဖိအားပေးမိရတာလဲ"

"ကျွန်တော်လည်း သိပ်မရှင်းလင်းဘူး။ ဒါပေမဲ့ သူမက ကျွန်တော့်အမေပါ၊ ကျွန်တော်က သိသိနဲ့ ဒီလို ဖြစ်စေချင်မှာ မဟုတ်ဘူး"

အနည်းဆုံးတော့ ဟူအာက သူ့နာမည်ကို ရှင်းလင်းလိုဟန်ဖြင့် ရှင်းပြမိသေးသည်။ ထိုကောင်းကင်နဂါးအမျိုးသမီးက ဟူအာ၏ စကားကို လက်သင့်မခံလိုဟန်ဖြင့် မျက်လုံးလှန်လိုက်ပြီးနောက် မည်သည့်စကားကိုမှ မဆိုခဲ့ပေ။

ဟူအာ မိုးကြိုးနီနန်းဆောင်သို့ ရောက်တော့ လုံဆစ်က ရောက်လာပြီးနောက် ပြောသည်။

"အရှင့်သား.. ပိုင်ဒေသမှာ လက်မှုပညာသည်တွေ ပျောက်ဆုံးနေပါတယ်"

"ဘာဖြစ်တာ.."

ပိုင်ဒေသနှင့် ဟူအာက မည်သို့ပင် သွေးသားတော်စပ်ခြင်း မရှိပါစေ၊ ပိုင်ဒေသက သူ၏ မွေးဖွားကြီးပြင်းရာ ဒေသ ဖြစ်နေဆဲပင် ဖြစ်လေသည်။ ထို့ကြောင့် ဟူအာက လက်လွှတ်စပယ် ပြုမူမည် မဟုတ်ပေ။

"ဒီကိစ္စကို မင်းသားလေးက ကိုင်တွယ်ပါတယ်။ အရှင့်သား ဝင်ပါဖို့ ခက်မှာပါ။ အိမ်ရှေ့မင်းသားတောင်မှ မင်းသားလေးရဲ့ ကိစ္စတွေမှာ မလိုအပ်ဘဲ ဝင်ပါလေ့ မရှိပါဘူး"

"ငါ နားလည်ပြီ"

ဟူအာက သက်ပြင်းသဲ့သဲ့သာ ချလိုက်မိတော့သည်။ ကောင်းကင်မင်းသားများ၏ တာဝန်ကဏ္ဍများက တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထို့နည်းတူပင် တစ်ဦး၏ လုပ်ဆောင်ချက်ကို ကျန်တစ်ဦးမှ ဝင်စွပ်ဖက်ရန်မှာ မသင့်လျော်ပေ။

နတ်ဘုရားတစ်ပါးနှင့် သာမန်နတ်တစ်ပါး၏ ကွာဟမှုကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးနောက် ဟူအာ ပထမဆုံး ခံစားမိလာသည်မှာ သန်မာရန်သာ ဖြစ်သည်။ ထို့ကြောင့် အတတ်ပညာနှင့် ပတ်သတ်သော ကိစ္စရပ်အတွက် ဆစ်ကျီနတ်မင်း၏ သလင်းနန်းဆောင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ဟူအာ ဆစ်ကျီနတ်မင်း၏ သလင်းနန်းဆောင် ရှေ့တွင် ရပ်လိုက်ပြီးမှ နန်းဆောင်သခင်ထံသို့ ခွင့်တောင်းရန် လူလွှတ်လိုက်ရန် တွေးလိုက်မိသည်။ သို့သော် မကြာမီတွင် အပြေးအလွှား ရောက်ရှိလာသော နတ်တစ်ပါးကြောင့် ဟူအာ ခြေလှမ်းတို့ တန့်ခနဲ ရပ်တန့်သွား၏။

ထိုနတ်ကို ဟူအာ သိသည်။ ထိုနတ်က ကျိုးလျန်နတ်မင်း၏ ဒုတိယသားဖြစ်ကာ ကျိုးယွီဟု ခေါ်ဆိုနိုင်သည်။ ထိုနတ်သားက ကျိုးမျိုးနွယ်နတ်များနှင့် ခြားနားသည်ဟု ဆိုလျှင် မှန်ပေသည်။

မျက်ဝန်းများက ပြာနေပြီး ဖြောင့်စင်းသော ဆံနွယ်များရှိသည်။ ကြံ့ခိုင်သော ကိုယ်နေဟန်ထားဖြင့် ရွှင်ပျမှုကိုလည်း မျက်နှာတွင် အတိုင်းသား တွေ့မြင်နိုင်၏။ ထိုသူက ကျိုးဖုန်းက အစ်ကိုလည်း ဖြစ်သေးသည်။

"ဟူအာက ဝမ်းကွဲအစ်ကိုကို အရိုအသေပြုပါတယ်"

"မလိုပါဘူး မလိုပါဘူး မင်းက ကောင်းကင်က နတ်မင်းသားဘွဲ့ရတဲ့သူလေ ငါက ဘယ်လို လုပ်ပြီးတော့ လက်ခံနိုင်မှာလဲ"

"ဆစ်ကျီနတ်မင်း ရှိမလား"

ဟူအာက အနည်းငယ်မှုပင် တုံ့ဆိုင်းမနေဘဲ ထိုမျက်ဝန်းပြာနတ်သားကို လိုရင်းကို ကွက်တိမေးမြန်း လိုက်သည်။

"ဆရာ ရှိတယ်။ ဒါပေမဲ့ ဆေးတိုက်နေတယ်"

ဆေးတိုက်နေတယ်။ ဆစ်ကျီနတ်မင်းရဲ့နန်းဆောင်မှာ ထင်ရှားတဲ့လူနာ ရှိနေတာလား။ ဘာလို့ ကောင်းကင်နန်းတော်က ဆေးသမားတော်တွေက မလာရတာလဲ။

အတွေးများ ပြေးလွှားသွားသော်လည်း ဟူအာ ခေါင်းညိတ်လိုက်သည်။ မတိုက်နဲ့ဟု တား၍ မရနိုင်ပေ။ ထိုအစား လာတွေ့ရန် သင့်တော်သည့် အကြောင်းကိုသာ ပြောသင့်ပေသည်။

"အရင်လတုန်းက နတ်မင်းသားတင်မြောက်တဲ့ ပွဲတော်မှာ မသင့်တော်တဲ့ လက်ဆောင်တွေ ပေးခဲ့မိတယ်။ အဲဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ပိုပြီး သင့်တော်တဲ့ လက်ဆောင်နဲ့အတူ ရောက်လာတာပါ"

"အာ.. အဲလိုလား.."

"တခြားကျိုးမျိုးနွယ်နတ်တွေ ဆီကို လည်ပတ်ပြီးပြီမို့ ဆစ်ကျီနတ်မင်းတစ်ဦးတည်းပဲ ကျန်နေခဲ့တာပါ"

"ကောင်းပြီ ဆရာ့ကို အကြောင်းကြားပေးမယ်။ မင်း နန်းဆောင်ကို ရောက်ဖူးတယ် မဟုတ်လား။ ကြာနီကန်မှာ စောင့်နေလိုက်ပါလား၊ ဆရာက သလင်းဂူထဲမှာ ရှိနေတာ ငါ သွားခေါ်ပေးမယ်"

သူ အမှတ်ရမိသည်မှာ သူ ကောင်းကင်နန်းတော်သို့ ရောက်လာကာစတွင် ညောင်အာက ဆစ်ကျီနန်းမင်း၏ သလင်းနန်းဆောင်မှ ဖြစ်သည်။ ထို့ကြောင့် သူက ဆစ်ကျီနတ်မင်း၏ သလင်းနန်းဆောင်အား ခိုးဝင်ရန် အကြိမ်ျားစွာ ကြိုးပမ်းခဲ့ဖူးသည်။ ထိုမျှသာမက ခိုးကြည့်ရန်လည်း ကြိုးစားခဲ့ဖူးသေး၏။

ညောင်အာဟု ဆိုလိုက်ပြီးနောက် ရင်ဘတ်မှ သွေးပုလင်းကို စမ်းလိုက်မိသည်တွင် မရှိတော့သည်ကို ပြန်လည် သတိပြုလိုက်မိ၏။ မနေ့က ထိုသွေးပုလင်းသည် ကောင်းကင်ဧကရီ၏ နန်းဆောင်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဟူအာ ချက်ချင်းပင် လှုပ်ရှားရှား ဖြစ်သွား၏။ နောက်ပြန်လှည့်ရန် ပြင်လိုက်သည်တွင် ဆစ်ကျီနတ်မင်းက ထွက်လာပြီဖြစ်ကာ သူ့အား အေးစက်စွာဖြင့်သာ လှမ်းကြည့်လာသည်။

"မင်းမှာ ကိစ္စရှိလို့လား.."

ဆစ်ကျီနတ်မင်းက အမှန်တကယ်ကို ရေခဲမျက်နှာနတ်မင်း ဖြစ်ပုံရသည်။ စပြောလာကတည်းက ရိုက်ပစ်ချင်စဖွယ်သော စကားကို ဆိုနိုင်သူလည်း ဖြစ်၏။

"ဒီနှောင်းမျိုးဆက်က ဆစ်ကျီနတ်မင်းကို အရိုအသေပေးပါတယ်"

"မင်း လာရင်းကိစ္စက ဘာလဲ.."

ဟူအာမှာ ပြင်ဆင်ထားပြီးသား လက်ဆောင်ပစ္စည်း အနည်းငယ်ကို စေတသိတ်အိတ်ထဲမှ မထုတ်လိုက်ရသေးခင် ထိုနတ်မင်းက မေးမြန်းလာသည်။ ဟူအာက ဆစ်ကျီနတ်မင်းနှင့် ဒီတစ်သက် စကားအကောင်း ပြောနိုင်ပါ့မလားဟုပင် သံသယဝင်လာပြီဖြစ်သည်။

ထိုဆစ်ကျီနတ်မင်းက သူ၏တပည့်မကို အလွန်ပင် ချစ်မြတ်နိုးသည်ဟု သိသာသည်။ သူ့ခမည်းတော်ငယ်စဉ်က ဆစ်ကျီနတ်မင်းကို အမှန်ပင် ရင်ဆိုင်ရခက်နိုင်ပေလိမ့်မည်။ ဟူအာက ရုတ်တရက် သူ့ခမည်းတော်ကို သနားစိတ် အနည်းငယ် ဝင်လာမိတော့၏။

"ကျွန်တော်က ဆစ်ကျီနတ်မင်းကို လက်ဆောင်တချို့ပေးဖို့ ရှိပါတယ်"

"ကျိုးမျိုးဆက် အနေနဲ့လား။ ဒါဆိုရင်တော့ မင်းရဲ့လက်ဆောင်ကို မင်းဖာသာ ပြန်ယူသွားလိုက် ငါ့နာမည်က ဆစ်ကျီပဲ.."

@@@@@

Telegram မှာ အပိုင်း ၂၃၀အထိ ရောက်ပါပြီနော်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now