part 81

211 29 0
                                    

unicode
အခန်း (၈၁)
“ဘာကို ကြောက်နေဖို့ လိုလို့လဲ၊ မင်းတို့က အမြဲတမ်း မေ့လျော့နေခဲ့ကြတာပဲ၊ ကောင်းကင်တည်ခဲ့တာက သက်ရှိနတ်မင်းတွေချည်းပဲ၊ ပြီးတော့ သတ်မှတ်ချက် ဆိုတာကလည်း သက်ရှိနတ်မင်းတွေကပဲ အသက်ဝင်အောင် မန္တန်တွေနဲ့ စည်းချထားခဲ့ကြတာ၊ မင်းတို့ နှောင်းပိုင်းက နတ်တွေက ဆန်းကြယ်ချက်ပဲ၊ အသက်မရှိတဲ့ မန္တန်တွေကို နာနာခံခံနဲ့ ထိတ်လန့်နေကြတယ်တဲ့၊ မင်းတွေးကြည့်လေ၊ အဓိပ္ပာယ်ရှိရဲ့လား၊ ငါ အများကြီး မပြောချင်ဘူး၊ တချို့ကိစ္စတွေက မျက်လုံး တစ်ဖက်ကို မှိတ်ပြီး တစ်ဖက်ကို ဖွင့်ကြည့်ပေးရတယ်”
“မင်ရှီ ဉာဏ်ပညာ နုံနဲ့လို့ တချို့အရာတွေကို မတွေးမြင်နိုင်ပါဘူး”
“အင်း.. မင်းက ဉာဏ်ပညာနုံနဲ့မှန်းတော့ ငါ သိသေးတယ်၊ သွားတော့.. သူ့အဖေကို သွားပြောချေ၊ နောက်တစ်လနေရင် ဖြစ်လာမဲ့ ကိစ္စကို သူက ဘယ်လို ဖြေရှင်းမှာလဲ ဆိုတာ ငါ စောင့်ကြည့်လိုက်အုံးမယ် အမှောင်ကိုးပါးကောင်းကင်ဆိုတာ အမှန်တရားကို ဖုံးဖိကွယ်ဝှက်ထားလို့ ရနိုင်တာမျိုး မဟုတ်ဘူးဆိုတာ သူလည်း သေချာတော့ နားလည်လောက်မှာပါ”
“ဒါဆို နတ်မင်း ကျွန်တော့်ကို ခွင့်ပြုပါအုံး”
“သွားပါ”
ကျန်းမင်ရှီ ထိုနေရာကနေ ထွက်လာပြီးနောက် ကောင်းကင်အကာအကွယ် နန်းဆောင်အတွင်းသို့ တန်းသွားလိုက်သည်။ နန်းဆောင်တွင်ပင် အိမ်ရှေ့မင်းသားက စောင့်ဆိုင်းနေ၏။
“ကျန်းမင်ရှီ နတ်မင်း ရောက်လာတာနဲ့ အတော်ပဲ ယီမင်လည်း နတ်မင်းကို သွားရှာဖို့ တွေးထားပါတယ်”
“ချီးရှီနတ်မင်းက သတိပေးစကား ဆိုလိုက်ပါတယ်၊ တကယ်လို့ အဲဒီနေ့မှာ ကျိုးရင်းနတ်ဘုရားမရဲ့ တုံ့ပြန်မှုက ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါးနေခဲ့မယ် ဆိုရင်.. ကောင်းကင်အတွက် အခက်အခဲ ဖြစ်လာစေနိုင်မလားဆိုတာ ငါ စိတ်ပူမိတုန်းပဲ”
“ရင်းအာက နောက်ထပ် ကိုယ်ဝန်လွယ်ထားရပြီ ဆိုတော့ သူ့ကို စိတ်ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး၊ ဒါပေမဲ့ ဒီအခြေအနေကိုမှ သူ လက်မခံနိုင်ဘူးဆိုရင် ငါတို့ နောက်ထပ် ပြောပြဖို့ အခွင့်အရေး မရှိမှာကိုလည်း စိတ်ပူမိတယ်၊ ဒါပေမဲ့ ရင်းအာက ရင့်ကျက်နေပါပြီ”
“အင်း..”
ကျန်းမင်ရှီက အင်းဆိုတာကို အသံရှည်ဆွဲပြီး ပြောလိုက်မိပေမဲ့ ထိုရက်ရောက်လာမည်ကို အမှန်တကယ်ပင် ထိတ်လန့်နေပြီဟု ဆိုနိုင်သည်။ အကယ်၍သာ.. ကျိုးရင်းနတ်ဘုရားမက စိတ်တော်အလိုမကျသဖြင့် ကောင်းကင်နန်းတော်ကြီးတစ်ခုလုံးကို မှောက်လျက်လုပ်လိုက်မည် ဆိုပါက.. သူက ဇောက်ထိုး လမ်းလျှောက်သည့် နည်းလမ်းကို မသင်ထားရသေးပါဟု ဇောဒဂ တက်ခွင့်ပင် ရှိလိုက်မည် မဟုတ်ပေ။
@@@@@@
“ဆစ်ကျီနတ်မင်းကို ခေါ်ထားမလား”
ကျိုးလျန်နတ်မင်းက ထိုစကားကို ယီမင်အား တီးတိုးမေးမြန်းလာ၏။ ဆစ်ကျီနတ်မင်း၏ သလင်းနန်းဆောင်က အခုလိုအချိန်မှာ ရှုပ်လို့ ကောင်းသော နေရာတစ်ခုတော့ မဟုတ်ပေ။ ထို့ကြောင့် ယီမင် ခေါင်းယမ်းလိုက်မိသည်။
“သူက အားမှာ မဟုတ်ဘူး”
ကျိုးလျန် ခေါင်းညိတ်လိုက်မိသည်။
“ထားလိုက်တော့ မင်း ရှိနေတာပဲလေ”
“အင်း..”
@@@@@
ကောင်းကင်နန်းတော်၏ တလီခန်းမဆောင်မှ ဆင်းသွားလျှင် လှေကားထစ် သုံးထောင်ခြောက်ရာရှစ်ဆယ့်တစ်ခုကို ကျော်လွန်၍ အောက်ခြေ၌ ကောင်းကင်နန်းတော်၏ ရင်ပြင်တည်ရှိသည်။ ထိုရင်ပြင်အပေါ်ဘက် ကောင်းကင်၏ အခြေအနေက ထူးခြား ပြောင်းလဲလာကာ တိမ်ဆိုင်တို့ စတင် စုဝေးမှုကို ပြလေသည်။
တိမ်ဆိုင်များ အထပ်ထပ် အဆင့်ဆင့် ဖြစ်တည်လာပြီးနောက် ကောင်းကင်ယံ၌ စတင်အက်ကွဲမှု ဖြစ်လာသည်။ လေပြည်နုနုက ကြမ်းတမ်းစွာ တိုက်ခတ်မှု ဖြစ်ပေါ်လာပြီးနောက်၊ အနက်ရောင် လက်တံတစ်ခုက ထိုအတွင်းမှ နေ၍ စတင်၍ ဖြစ်ပေါ်လာနေသည်။
“ဒါ.. ဒါ”
“ဒါက အမှောင်ကိုးပါး မဟုတ်လား”
“ဒါက ဘာသဘောလဲ အမှောင်ကိုးပါးက ရုတ်တရက် ထွက်ပေါ်လာတာလား”
“အမှောင်ကိုးပါး.. နတ်မင်းသားတစ်ပါးက နှစ်တစ်ထောင် သက်တမ်း ပြည့်သွားပြီလို့ ဆိုလိုတာ မဟုတ်လား..”
တလီခန်းမဆောင်၏ ညီလာခံအတွင်းမှ နတ်မင်းအများ၏ ရေရွတ်သံတို့က စီစီညံသွားသည်။ လက်ရှိကောင်းကင်မင်းကြီး၏ သားတော် ဒါမှမဟုတ် ကောင်းကင်မင်းကြီးနှင့် ဆက်စပ်ပတ်သတ်နေသော တော်ဝင်မင်းသားများ၏ သားသမီးများအနက် ယောက်ျားလေးများသည် မဖြစ်မနေ အမှောင်ကိုးပါးကို ကျော်ဖြတ်ရမည် ဖြစ်၏။
ထိုသည်က ရှေးကတည်းက ဟုန်လျန်နတ်မင်းမှ ချမှတ်ထားပေးသော စည်းမျဉ်း ဖြစ်ပေသည်။ တော်ဝင်မျိုးဆက်ကို ကောင်းကင်၏ သတ်မှတ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်သော်လည်း လက်ရှိအုပ်ချုပ်မှုတွင် ပါဝင်ခွင့် အပြည့်အဝရှိသော တော်ဝင်မျိုးဆက်အနေဖြင့် နတ်စွမ်းအား အရာတွင် နိမ့်ပါးမှု မရှိစေရန် ဟုန်လျန်နတ်မင်းက အစီအမံတစ်ခုကို ကောင်းကင်တည်ရာ၌ မန္တာန်ဖြင့် ထည့်သွင်းထားခဲ့သည်။
ထိုသည်က ကောင်းကင်၌ နတ်မင်းသားတစ်ပါးသည် နှစ်တစ်ထောင် မပြည့်မီတွင် အမှောင်ကိုးပါးကို ကျော်ဖြတ်ရမည် ဖြစ်ပြီး အကယ်၍သာ နှစ်တစ်ထောင် ပြည့်သည့်တိုင် ကျော်ဖြတ်ခြင်း မရှိပါက အမှောင်ကိုးပါး တည်ရှိရာ အမှောင်တိုက်တံခါးက အလိုလို ပွင့်လာပြီး ကျော်ဖြတ်ရမည့် နတ်မင်းသားကို အမှောင်တိုက်အတွင်းသို့ စုပ်ယူဆွဲငင်လိမ့်မည် ဖြစ်သည်။
ယနေ့တွင် ကောင်းကင်နန်းတော်၌ အမှောင်တိုက်တံခါး ပွင့်လာခြင်းက နတ်မင်းအများနှင့် တော်ဝင်နတ်မျိုးနွယ်ကို ရိုက်ခတ်သွားစေသည်။ ကောင်းကင်မင်းကြီး တလီချင်းယွင်က ကောင်းကင်ရင်ပြင်တိုင်သို့ ဆင်းသက်လိုက်ပြီးနောက် တော်ဝင်မျိုးနွယ်များကို စုဝေးစေလိုက်သည်။
တလီချင်းယွင်က သားတော်ကိုးပါး သမီးတော်တစ်ပါး ရှိသည့်တိုင် သမီးတော်တစ်ပါးနှင့် သားတော်သုံးပါးသည်သာ အိမ်ထောင်ပြုပြီး ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် မြေးတော်အနေဖြင့် တလီယီမင်မှလွဲ၍ ကျန်သော သားတော်များအနက် တစ်ပါး၏ နတ်သခင်မက မမွေးလာသေးသလို ကျန်သည့်နှစ်ဦးသည်က နတ်သမီးငယ်များ ဖြစ်သည်မှာ ရှင်းလင်းလွန်းလှသည်။
သို့နှင့် ဆိုရလျှင် လက်ရှိကောင်းကင်မင်းကြီး၏ မျိုးဆက်အတွင်း တော်ဝင်မျိုးနွယ်၏ နောက်ဆုံးသော တော်ဝင်မင်းသားမှာ တလီယီမင်ဖြစ်သော အိမ်ရှေ့စံမင်းသား ဖြစ်နေသည်မှာ ရှင်းလင်းလွန်းပေသည်။ သို့တိုင် အဘယ်ကြောင့် အမှောင်တိုက်တံခါးက ရုတ်တရက် ပွင့်ဟလာရသနည်း။
“ဘယ်သူလဲ၊ ဘယ်သူ့သားက နှစ်တစ်ထောင် ပြည့်သွားတာလဲ”
တလီချင်းယွင်က လက်ရှိတွင် အလိုမကျဟန်ဖြင့် မိန့်ကြားခြင်း ဖြစ်သည်။ အကြောင်းမှာ တော်ဝင်မျိုးနွယ်မှန်လျှင် မျိုးရိုးကို အထူးပြုခြင်း မပြုခြင်းထက် ကောင်းကင်မှ စီမံထားသည်များ ရှိသဖြင့် နတ်စွမ်းအား တစ်စက်မျှ မရှိသည့်တိုင် ထိုနတ်ငယ်က နတ်မင်းသားသာ ဖြစ်ရမည် ဖြစ်သည်။
နတ်မင်းသားငယ်၏ မိခင်အား ကောင်းကင်၏ တော်ဝင်မျိုးနွယ်အဖြစ် အသိအမှတ်မပြုသည့်တိုင် နတ်မင်းသားငယ်ကိုတော့ ကောင်းကင်နန်းတော်မှ စောင့်ရှောက်ကို စောင့်ရှောက်ရပေမည်။
ယခုတွင် သိသိသာသာပင် နတ်မင်းသားတစ်ပါးမှ ရှုပ်ထွေးမှုကို ပြုလုပ်ခဲ့ပြီး မိမိ၏ သွေးသားကို ဖုံးကွယ်ထားခြင်း ဖြစ်ပေမည်။ ထိုသည်က ကောင်းကင်မင်းကြီးကို ဒေါသထွက်စေသည်။
ကောင်းကင်မင်းကြီးမှ ဒေါသထွက်နေပြီမို့ ယခုတိုင် အိမ်ထောင် မပြုရသေးသော ဒုတိယမင်းသား တလီချင်းရန်က သူ့ခမည်းတော် အနားသို့ တိုးသွားလိုက်သည်။
“ခမည်းတော် စိတ်လျော့တော်မူပါအုံး၊ ဒါက ရုတ်တရက် သွေးသားအဖြစ် ပေါ်ထွက်လာမဲ့ တော်ဝင်သွေးသားငယ်ကို စိုးထိတ်စေနိုင်ပါတယ်”
ကောင်းကင်နန်းတော်၏ ရင်ပြင်ထက်၍ ပြောင်းလဲမှုများကြောင့် ကောင်းကင်နန်းတော်မှ သီးသန့် နန်းဆောင်များ၌ စံမြန်းနေကြသော ဒုတိယမျိုးဆက်နတ်မင်းများပင် ရင်ပြင်သို့ ရောက်ရှိလာကြလေသည်။
“ဘယ်သူ့ရဲ့သား ဖြစ်နိုင်မလဲ”
“ဘယ်သူက ဒီလို ရှုပ်ထွေးမှုကို လုပ်ခဲ့တာ ဖြစ်နိုင်မလဲ”
“ငါတော့ မင်းသားလေးက ဒီလို ရှုပ်ထွေးရတာကို သဘောကျတယ်လို့ ကြားတယ်”
နတ်မင်းအများ တီးတိုးပြောနေသော အချိန်တွင် အပြာရောင်အလင်းတစ်စက ဖြတ်ခနဲ ရောက်လာပြီးနောက် တော်ဝင်မျိုးနွယ်များ အားလုံး၏ အရှေ့တွင် ရပ်လိုက်လေသည်။ မကြာမီတွင် ထိုအနီး၌ ရွှေရောင်အလင်းတစ်စက ဖြတ်ခနဲ ပေါ်လာပြန်သည်။
“ကောင်းကင်အိမ်ရှေ့စံနဲ့ ကျိုးရင်းနတ်ဘုရားမကို အရိုအသေပေးပါတယ်”
နတ်မင်းအများနှင့် အားလုံးသော နတ်တို့၏ အရိုအသေပေးသံက ထွက်ပေါ်လာသည်။
“ဒေါ်လေးလည်း ရောက်လာတာလား”
ကောင်းကင်မင်းကြီးက မြေးတော်၏ ဇနီးသည်ဟုသည့် အနေအထားတွင်ပင် ကျိုးရင်းနတ်ဘုရားမကို နှုတ်ဆက်စကား ဆိုလိုက်သည်။
“ကောင်းကင်နန်းတော်က မစည်ကားတာ ကြာပြီ မဟုတ်လား၊ ဒီနေ့ အသံတချို့ ကြားလိုက်ရလို့ ငါက လာပြီးတော့ ကြည့်ကြည့်တာပါ မင်းတို့ အနေခက်ဖို့ မလိုပါဘူး”
“ရင်းအာ.. မင်းက နေမကောင်းဘူးလို့ ငါ့အနားမှာပဲ နေနော်..”
“ကောင်းပြီလေ ငါ မင်း အနားမှာပဲ နေမယ်”
အိမ်ရှေ့စံမင်းသားက သူ့ဇနီးကို အထူးတလည် အလေးပေးဆက်ဆံတတ်မှန်း ကောင်းကင်နန်းတော်မှ မည်သူမဆို အသိဖြစ်သည်။ ထို့ကြောင့် ထိုစကားကို ပေါ့လျော့စွာဖြင့်သာ နားလည်လိုက်ကြသည်။
“ဒီနေရာကို ဘယ်သူကမှ မထွက်လာဘူးလား”
ကောင်းကင်မင်းကြီး၏ အသံက ထွက်ပေါ်လာပြန်၏။
ထိုတွင် အနီရောင်မိုးကြိုးငယ်တစ်ခုက ကောင်းကင်ရင်ပြင်ပေါ်သို့ ကျဆင်းလာသည်။ နတ်အများက အနောက်သို့ ဆုတ်လိုက်သော်လည်း ထိုနေရာတွင် ကောင်းကင်မင်းကြီးရှေ့မှောက်၌ နတ်ငယ်တစ်ပါးက အနီရောင်ဝတ်ရုံဖြင့် ထွက်ပေါ်လာ၏။
“ဒါ.. ဒါ.. ပိုင်ဟုန်ဟူ မဟုတ်လား.. သူက ဘယ်လို ဖြစ်ပြီးတော့..”
“ထားလိုက်တော့ ခဏနေ သူ နတ်စွမ်းအား သုံးတာနဲ့ သူ့မိဘကို သိနိုင်မှာပဲလေ”
ကျိုးဟူ ကောင်းကင်၏ အမှောင်တိုက်အတွင်းသို့ ဝင်ကို ဝင်ရမည် ဖြစ်သည်။ ဒါက ကျိုးဟူ ဟန့်တားခွင့် မရှိနိုင်သော အရာသာ ဖြစ်ပေသည်။
အဖေကို လှည့်ကြည့်လိုက်တော့ အဖေက ကျိုးဟူကို တစ်ချက်မျှ ခေါင်းညိတ်ပြသည်။
ထားလိုက်တော့ ဖြစ်ချင်တာသာ ဖြစ်တော့ကွာ..။
ကောင်းကင်၏ အမှောင်တိုက်တံခါးက ကျိုးဟူ ခုန်ဝင်လိုက်သည်နှင့် ပြန်လည် စေ့ပိတ်သွားခဲ့သည်။ သို့သော် ကောင်းကင်၏ အပြောင်းအလဲက ကျိုးဟူ အမှောင်ကိုးပါးနှင့် တိုက်ခိုက်ပြီးသည့်အထိ နတ်စွမ်းအားကို မြင်တွေ့နိုင်မည် ဖြစ်သည်။
ပထမဆုံးသော ရောက်လာသည့် အမှောင်ထုက ကျိုးဟူကို တင်းကျပ်စွာ ရစ်ပတ်လေသည်။ ကျိုးဟူ နဂါးအသွင်ကို ကူးပြောင်းလိုက်ပြီးမှ အမှောင်ထုအတွင်းပါဝင်လာသော မိုးကြိုးအချက်ရေကို တောင့်ခံလိုက်နိုင်သည်။
“နဂါး.. သူ့ရဲ့ မူလအသွင်သဏ္ဌာန်က နဂါးလား”
အမှောင်တိုက်အတွင်းမှ အရောင်အဝါအားလုံးကို မြင်တွေ့သူများက နဂါးတစ်ကောင်၏ အရိပ်အငွေ့ကို ခံစားနိုင်ကြသည်။
ဒုတိယမြောက် အမှောင်တိုက်အတွင်း မိုးကြိုးများ ပါဝင်သည့်အပြင် မီးတောက်ပါ ပါဝင်နေသည်။ သို့သော် ကျိုးဟူ၏ မူလအသွင်သဏ္ဌာန်သည်က အားကောင်းသော ရွှေရောင်နဂါး ဖြစ်သည်မို့ မီးတောက်နှင့် မိုးကြိုးနှစ်မျိုးလုံးကို ချိုးဖျက်နိုင်သည်။
တတိယမြောက် အမှောင်ထုက ပို၍ အားကောင်းသည်။ ကျိုးဟူက နတ်စွမ်းအား အသုံးချမှုမှာ အားနည်းသည်။ လက်အတွင်း နတ်စွမ်းအားကို ထုတ်ဖော်ရာတွင် မထင်မှတ်ဘဲ မိုးကြိုးမျှင် အနည်းငယ်က ထွက်ပေါ်လာ၏။ သို့နှင့် ထိုမိုးကြိုးမျှင်ကိုသာ အသုံးပြု၌ ရိုက်ခတ်လာသမျှ လေပြင်းဒဏ်ကို ကာကွယ်ရသည်။
လေပြင်းတိုက်နေသည့် ကြားမှ တစ်ချက် တစ်ချက် ထွက်ပေါ်လာသော မိုးကြိုးပစ်ချက်များက တဖြည်းဖြည်း စိတ်လာသည်။ ကြည့်ရသည်မှာ တတိယအမှောင်ထုအတွင်းပင် ကျိုးဟူက သေဆုံးသွားနှင့်တော့မည်နှင့် တူသည်။
>>မင်း ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး၊ မြန်မြန် ငါ့ကို ခေါ်လိုက်တော့<<
“မင်း ပါးစပ်ပိတ်ထားစမ်း၊ ငါ တတ်နိုင်တယ်”
ကျိုးဟူ၏ အတွင်းစိတ်မှ ပိုင်ဟုန်ဟူ၏ အသံက ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အကုန်လုံး ပြာကျသွားစမ်းကွာ”
ကျိုးဟူ အော်ဟစ်ပစ်လိုက်ပြီးသည်နှင့် အမှောင်ထုတည်ရှိရာ နေရာတစ်ခုလုံးအတွင်း မိုးကြိုးလျှပ်စီးများ ပြင်းထန်စွာ ဖြစ်ပေါ်လာပြီးနောက် ကျိုးဟူ၏ တစ်ကိုယ်လုံးတွင် အနီရောင်လျှပ်စီးများ စီးဆင်းသွားတော့၏။
အမှောင်ထု အတွင်း ကျေပျက်မှုများ ဖြစ်ပေါ်လာပြီးနောက် အမှောင်တိုက်၏ တံခါးက ရုတ်တရက် ကွဲအက်လာလေသည်။
“အမှောင်တိုက်တံခါးက ကွဲအက်လာတယ်၊ ဘယ်လို ဖြစ်တာလဲ”
“ဒါက ဘယ်လောက်တောင် ပြင်းထန်တဲ့ စွမ်းအားလဲ”
“ဒါက.. သူက ချီးရှီနတ်မင်းရဲ့စွမ်းအားနဲ့ ဟုန်လျန်နတ်မင်းရဲ့ မန္တန်ကို ချိုးဖျက်နေတာလား”
“သူက တကယ်ပဲ ဘယ်သူ့ရဲ့သားလဲ”
နတ်အများ၏ တီးတိုးပြောသံများက ထွက်ပေါ်လာပြန်သည်။
ကျိုးဟူက လက်နှစ်ဖက်ဖြင့် ရှိသမျှ နတ်စွမ်းအားကို ထုတ်သုံးလိုက်ပြီ ဖြစ်လေရာ ကျန်ရှိသေးသော အဆင့်များအတွက် ကျိုးဟူသည် ပိုင်ဟုန်ဟူကို ခေါ်ထုတ်ရန်သာ ရှိတော့သည်။ ပိုင်ဟုန်ဟူ ထွက်လာပြီးနောက် သူက မည်သည့်အချိန်တွင် ပြန်လည် ထွက်ပေါ်လာမည်မှန်းကို သူ မသိတော့ချေ။
“ပိုင်ဟုန်ဟူ မင်း အမေ့ကို သေချာ စောင့်ရှောက်ရမယ်၊ မရိုမသေ မလေးမစား မလုပ်ရဘူး”
>>မင်းအမေက ဘယ်သူလဲ<<
“ငါ့အမေ ကျိုးရင်း.. သူ့ကို ထိခိုက်အောင် မလုပ်ရဘူး”
နတ်သားငယ်လေ၏ အနီရောင်မျက်ဝန်းများက မှေးမှိတ်သွားပြီးနောက် မျက်ဝန်းပြာပြာများက ပွင့်ဟလာခဲ့သည်။ လက်အတွင်းမှ နတ်စွမ်းအားက ရုတ်တရက် ပြောင်းလဲသွား၏။ အနီရောင်မိုးကြိုးမျှင်များမှ အပြာရောင် အငွေ့အလင်းများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်၊
“ငါက ဘာလို့ ဒီအမှောင်ထုအတွင်းမှ ဆက်တိုက် ယှဉ်ပြိုင်တိုက်ခိုက်နေရမှာလဲ၊ ငါ မတိုက်ခိုက်ဘူး”
ရှင်းလင်း ပြတ်သားသော အမိန့်သံနှင့်အတူ၊ ထိုအပြာရောင်အငွေ့များက အမှောင်ယံကောင်းကင်ကို ရစ်သိုင်းသွား၏။
“ဒါ.. ဒါက ကျိုးရင်း နတ်ဘုရားမရဲ့ စွမ်းအားတွေ မဟုတ်လား၊ ဒါက..”
“သူက.. ဒါ အမှောင်တိုက်ရဲ့တံခါးကို ချိုးဖျက်ဖို့ လုပ်နေတာလား”
“သူက ဘာဖြစ်ချင်နေတာလဲ”
အပြာရောင် အငွေ့မှုန်များက များပြားစွာ ဖြစ်တည်လာခဲ့ပြီးနောက် အမှောင်တိုက်၏ ကောင်းကင်တံခါးက စတင် အက်ရာထင်လာခဲ့သည်။ စတင်အက်ကွဲလာခဲ့ပြီးနောက် များပြားလှစွာသော အက်ကွဲမှု လှိုင်းငယ်များ ဖြစ်တည်လာခဲ့၏။
“ငါက အမှောင်ထုကို တိုက်ခိုက် ကျော်လွှားရမှာလဲ၊ အဓိပ္ပာယ်မရှိဘူး”
ထိုအသံက အမှောင်တိုက်တံခါးတည်ရှိရာ ကောင်းကင်ယံမှ ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။ နတ်မင်းအများနှင့် ကောင်းကင်မင်းကြီးပင်လျှင် အမှောင်ကိုးပါးနှင့် တိုက်ခိုက်မှုကို ငြင်းဆန်နေသော ထိုနတ်သားငယ်ကို မင်တက်နေမိကြတော့သည်။
“ဖထျစ် ထျစ်.. ဖြုန်း.. ဝုန်း..”
အားကောင်းလှသော သဘာဝလွန်နတ်စွမ်းအား၏ ဖျစ်ညှစ်မှု အောက်တွင် အမှောင်တိုက်နန်းတော်တံခါးက ကျိုးပျက်သွားလေတော့သည်။ အပြာရောင် အလင်းတန်းငယ်များ ရစ်သိုင်းနေသော နတ်သားငယ်တစ်ဦးက ကောင်းကင်နန်းတော်၏ ရင်ပြင်သို့ အသာအယာ ခုန်ဆင်းလာလေ၏။
“ဒါက.. ဒါ..”
ထိုအသံက တိတ်ဆိတ်နေသော ရင်ပြင်ကို ပြန်လည် သက်ဝင်လာစေ၏။ ကျိုးရင်းနတ်ဘုရားမက တုန်တုန်ယင်ယင် ဖြစ်နေသော စကားသံက နတ်အပေါင်းကို ပြန်လည် လှုပ်နိုးလိုက်သကဲ့သို့ ရှိလေသည်။
“ယီမင်.. သူလား.. သူ မဟုတ်လား”
ကျိုးရင်း နတ်ဘုရားမကား.. အရှေ့သို့ ခြေလှမ်းတို့ တိုးနေသည့်တိုင် အိမ်ရှေ့စံအား မေးမြန်းဖို့ရာကိုလည်း မမေ့လျော့သွားပေ။
“ဟုတ်တယ်.. သူက တလီကျိုးဟူပဲ.. မင်းရဲ့သား”
“ငါ့သား.. သူက ငါ့သား..”
ကျိုးရှီနတ်မင်း၏ မျိုးဆက်မှသာ ပိုင်ဆိုင်နိုင်သော သဘာဝလွန်နတ်စွမ်းအားကို အသုံးပြုနိုင်သွားပြီးသည့်နောက် ထိုနတ်မင်းသားငယ်၏ မိဘက မည်သူဆိုခြင်းကို နတ်တိုင်းက နားလည်သွားကြတော့သည်။
“မင်း လာပါအုံး.. အမေ မင်းကို ကြည့်အုံးမယ်.. မင်း.. ဘယ်တွေကို သွားနေတာလဲ”
ပိုင်ဟုန်ဟူ အနေဖြင့် တချို့သော အရာများကို နားမလည်သေးသည့်တိုင် သူက ကောင်းကင်နန်းတော်မှ နတ်တစ်ပါး ဖြစ်သည်ကို လက်ခံရမည်မှန်းတော့ သိသေးသည်။ အထူးသဖြင့် သူ့အရှေ့မှ မျက်ရည်ဝိုင်းနေသော နတ်ဘုရားမကို သူ မည်သို့ ငြင်းပယ်ရမည်ကို မသိချေ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now