part98

184 25 0
                                    

unicode
အခန်း ၉၈

ဟူအာ အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီးနောက် ခါးညွှတ် အရိုအသေပြုလိုက်သည်။

“ဒါဆိုရင် ဟူအာ ရေခဲချောက်ကို သွားမလို့ ခွင့်ပြုပါအုံး”

“ငါ့အထင် ဖုန်းယွဲ့မင်းသမီး မီးဖွားတော့မှာမို့လို့ ကျိုးလျန်က အလုပ်ရှုပ်နေလောက်တယ်၊ ဒါပေမဲ့ မင်း ကျိုးလျန်ဆီကို မသွားခင် မင်းအမေရဲ့ စိမ့်စမ်းပြာကျွန်းကို ဝင်လည်ပါလား၊ သူမ စိတ်နည်းနည်း မကြည်တုန်းက ကျွန်းကို ပိတ်ထားခဲ့တာ၊ မင်းက သဘာဝလွန်စွမ်းအားကို ဆက်ခံထားတယ်တဲ့ ဒါဆိုရင်တော့ မင်း ကျွန်းပေါ်ကို သွားလို့ ရလောက်မယ်၊ ကျိုးလျန်ရဲ့ ရေခဲချောက်နဲ့ ထုံလုတောင်ကြားမှာ ရှိတာ ဆိုတော့ မင်း ကျိုးလျန်ဆီကို သွားရင်းနဲ့ ဝင်ကြည့်လိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် မင်းက ကျိုးရင်းရဲ့ သားပဲလေ”

ဟူအာ ထပ်မငြင်းနိုင်တာနဲ့ဘဲ ခေါင်းညိတ်လိုက်မိသည်။ လမ်းသင့်သည် ဆိုမှတော့ ဝင်လိုက်လည်း မဆိုးဘူးဟု တွေးလိုက်မိသည်။

“ဒါဆို ဟူအာကို ခွင့်ပြုပါအုံး”

“သွားပါ”

နှစ်တစ်ထောင် မပြည့်သေးသော ထိုနတ်သားငယ်လေး ထွက်သွားမှ ကျိုးဖန့်သုန် သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

“သခင်ကြီး ဘာတွေ ပူပန်နေတာလဲ”

ကျိုးဖန့်သုန်နတ်မင်း၏ အနားမှ ဖျောက်အာက မေးသည်။ ကျိုးဖန့်သုန်နတ်မင်းက ဇနီးသည်၏ လက်ကလေးကို ဖြည်းညင်းစွာ ပုတ်ပေးရင်း ပြောပြသည်။

“သူက ဝိညာဉ်တွေ မငြိမ်မသက် ဖြစ်နေတယ်၊ ပြီးတော့ သူ့ဝိညာဉ်မငြိမ်မသက်မှုက သူ့အသက်ဓာတ်ကို ထိပါးနေတယ်၊ သူ့အသက်ဓာတ်ကို သူ့အမေက မမွေးခင်ကတည်းက ဟူဟွာပန်းတွေနဲ့ ချိတ်ဆက်ထားပေးတယ်၊ သူအသက်ရှင်နေသမျှ ကာလပတ်လုံး အဲဒီပန်းတွေက ရှင်သန်နေလိမ့်မယ်၊ အဲဒီပန်းတွေရဲ့ ရနံ့က သူ့ဝိညာဉ်ကို တည်ငြိမ်စေလိမ့်မယ်၊ ဒါကြောင့် သူ့အနားမှာ အဲပန်းတွေ များများထားတာ ပိုကောင်းတယ်”

“ဒါဆိုရင် ရှင်က ဘာလို့ သူ့ကို ဒီအကြောင်း မပြောပြလိုက်တာလဲ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now