Part 163

63 10 0
                                    

အခန်း-၁၆၃

ပိုင်ဟုန်ဟူ၏ မှတ်ဉာဏ်မှတစ်ဆင့် ထိုရင်းနှီးနေပြီးသော ဝိညာဉ်ပန်းပင်များ ဝိုင်းရံထားသည့် မြေခွေးဂူက အလှဆင်ပစ္စည်းများဖြင့် ဆင်ယင်ထား၏။ ကျိုးဟူ ထိုဝိညာဉ်ပန်းပင်များအကြားသို့ လျှောက်ဝင်သွားလိုက်တော့သည်။

တက်ရောက်သူ နည်းပါးလှသည့် မင်္ဂလာပွဲက အတော်အတန်တော့ အခင်းအကျင်း ရှိသေးသည်။ ကျိုးဟူ၏ ရောက်ရှိသွားမှုက နတ်အများအပြားကို အံ့အားသင့်သွားစေပြီး မင်္ဂလာပွဲ တက်ရောက်ရန်လာသည့် အမတဘုံသား အနည်းငယ်ကိုလည်း မှင်သက်သွားစေ၏။

"ကောင်းကင်နန်းတော်က မြေးတော်နတ်မင်းသား တလီကျိုးဟူ"

နာမည်စာရင်း မှတ်သားသူထံ သူ့နာမည်ကို ပြောလိုက်တော့ ကောင်းကင်အရှိန်အဝါ အပြင် အလွန်အမင်း အံ့အားသင့်ရသည့် ဂုဏ်ပုဒ်ပါ တိုးသွားဟန် တူ၏။

"မြေးတော်နတ်မင်းသားကို ဂါရဝပြုပါတယ်"

ကောင်းကင်နန်းတော်မှ မြေးတော် နတ်မင်းသား ဟူသည့် အဆင့်အတန်းက ကောင်းကင်၏ မြင့်မြတ်လှသော အဆင့်အတန်းတစ်ခုဟု ဆိုနိုင်သည်။ နတ်မင်းသားဟူသည့် ဂုဏ်ပုဒ်ကို ထုတ်ပြောနိုင်စွမ်း ရှိသူမှာ အမှောင်ကိုးပါးကို ကျော်လွှားနိုင်သူ ဖြစ်ရမည် ဖြစ်သဖြင့် မည်သူမျှ အထင်မသေးဝံ့ကြပေ။

ကျိုးဟူ ရောက်နေသည်ကို မင်္ဂလာဇနီးမောင်နှံက ကြားသိသွားပြီးနောက် အပြေးအလွှား လာရောက် ကြိုဆိုနေသည်။

"နတ်မင်းသားက ကျွန်မရဲ့မင်္ဂလာပွဲကို လာပြီးတော့ ချီးမြှင့်ပေးမယ်လို့ မထင်ထားမိဘူး"

ကျိုးဟူ မင်္ဂလာဇနီးမောင်နှံကို ကြည့်လိုက်ပြီးမှ မည်သည့်လက်ဖွဲ့ပေးရမည်ကို သတိမရဖြစ်မိသွား၏။ ထို့ကြောင့် မယ်တော်လုပ်တတ်သည့်အတိုင်းပင် ဆံပင်တစ်မျှင်ကို နှုတ်ယူလိုက်သည်။ ပြီးနောက် ကမ်းပေးလိုက်ရင်း ပြောလိုက်၏။

"ငါက လောပြီးတော့ လာခဲ့တော့ မင်္ဂလာလက်ဖွဲ့အတွက် ပိုကောင်းတာ တစ်ခုခု ယူလာရမှာကို မယူလာခဲ့မိဘူး။ ဒါပေမဲ့ ငါတို့ ကျိုးမျိုးနွယ်နတ်တွေမှာ ဓလေ့တစ်ခု ရှိတယ်။ ဆံပင်တစ်မျှင်နဲ့ ကိစ္စတစ်ခုကို အလဲအလှယ် လုပ်နိုင်တယ်။ နောက်ကျရင် မင်း ငါ့ကို ဒီဆံပင်နဲ့ လာရှာနိုင်တာပေါ့"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now