Part 138

225 20 1
                                    

unicode

အခန်း-၁၃၈

အလင်းဖျော့ဖျော့ တောက်ပနေသော ထိန်းချုပ်ပုလဲ နှစ်လုံးက လေထဲတွင် မျောလွင့်နေပြီး ထိုထိန်းချုပ်ပုလဲနှစ်လုံးက အရောင်မတူညီပေ။

အိမ်ရှေ့မင်းသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်တွင် ထိန်းချုပ်ပုလဲ နောက်ထပ် တစ်လုံးက ပေါ်လာသည်။ ထိန်းချုပ်ပုလဲ သုံးလုံးက တစ်လုံးက ပန်းရောင်ဖျော့နေရာမှ တောက်ပသွားလိုက် ဖျော့ကျသွားလိုက် ဖြစ်နေ၏။

ကျန်သည့် နှစ်လုံးကလည်း ထို့နည်းတူစွာဖြင့် တဖျပ်ဖျပ် လင်းလက်နေသော အရောင်က ဖျော့သွားလိုက် တောက်ပလာလိုက်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။

“အိမ်ရှေ့မင်းသား အနောက်မြောက်ပင်လယ်ကနေ ထိန်းချုပ်ပုလဲကို သွားယူလာတုန်းက အနောက်မြောက်ပင်လယ် ဘုရင်က ပြောပါတယ်။ အနောက်ပင်လယ်ရဲ့ လှုပ်ရှားမှုက အရင်ကထက်ကို ပိုပြီးတော့ လျှို့ဝှက်လာတယ်တဲ့။ တချို့ကိစ္စတွေကို အနောက်မြောက်ပင်လယ်ဘက်က စုံစမ်းလို့ မရနိုင်တော့ဘူးလို့ ပြောပါတယ်”

အိမ်ရှေ့မင်းသားက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ခေါင်းညိတ်သည်။ ထိန်းချုပ်ပုလဲ သုံးလုံးက သိမ်းဆည်းခံလိုက်ရပြီးနောက် ခန်းမတစ်ဝက်လောက် ထွန်းလင်းနေသော သူတို့၏ အလင်းရောင်ကလည်း ပျောက်ကွယ်သွားသည်။

အိမ်ရှေ့မင်းသားနှင့် သူ၏ ကောင်းကင်နဂါးများ၏ ဆွေးနွေးမှုက အရေးကြီးမှန်း သိသာသည်။ သို့သော် ဟူအာက ထိုအတွင်းမှ မည်သည့်အကြောင်းအရာကိုမှ မဆုပ်ကိုင်လိုက်မိပေ။

အိမ်ရှေ့မင်းသားက ဟူအာ၏ တည်ရှိနေခြင်းကို အမှတ်တမဲ့ဟန်ဖြင့် လှမ်းကြည့်ပြီးနောက် ပြောသည်။

“ထပ်စုံစမ်းဖို့ ပြောထားလိုက်ပါ၊ ပိုတိကျတာ တစ်ခုခုကို လိုချင်တယ်။ ပြီးတော့ လုံတကို မက်မုံချောင်ကို လွှတ်ထားတဲ့ ကိစ္စက ဘယ်လိုနေလဲ”

အိမ်ရှေ့မင်းသား၏ စီမံမှုက အကွက်ကျသည်ဟု ဟူအာ ခံစားလိုက်မိသည်။ မြောက်ပင်လယ်မှာ ဆွေးနွေးခဲ့သော ထုံလုတောင်အရေးက အိမ်ရှေ့မင်းသား ကိုယ်တိုင် အမိန့်ပေး ကိုင်တွယ်ပြီး ဖြစ်နေသည်မှာ ထင်ရှားလှ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now