Part 155

84 10 0
                                    

အခန်း-၁၅၅

"အရှင့်သား ဒီလို မလုပ်ပါနဲ့ ဒါ မသင့်တော်ပါဘူး"

လုံဆစ်က အနောက်မှနေ၍ သတိပေးစကားပြောသည်။ ကျိုးဟူက ချက်ချင်းပင် ခေါင်းခါငြင်းဆန်ပစ်လိုက်၏။ ပြီးနောက် ထပ်မံ၍ အော်ဟစ်ပြန်သည်။ ဤတစ်ကြိမ်တွင် သာမန်လေသံဖြင့် အော်ဟစ်ခြင်း မဟုတ်တော့ဘဲ နတ်စွမ်းအားဖြင့် အသံကို ချဲ့ထားသည် ဖြစ်ရာ ကျိုးဟူ၏ အသံက အနီးအနားရှိ နန်းဆောင်များထံသို့ပင် ပျံ့လွှင့်သွားမည် ဖြစ်သည်။

"မယ်တော်.. ကျိုးဟူက မယ်တော်ကို လာတွေ့ပါတယ်"

လုံအယ်က ထိုမင်းသားငယ်လေးကို ရိုက်ဖို့ရာ မစောင့်နိုင်တော့ပေ။ သူမက လက်တပြင်ပြင် ဖြစ်နေပြီဖြစ်၏။ လုံစန်းက လုံအယ်ကို ဆွဲတားလိုက်ပြီးနောက် သူကိုယ်တိုင် အရှေ့သို့ လှမ်းထွက်လာသည်။

"အရှင့်သား ဒီလို မလုပ်ပါနဲ့ ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့"

လုံဆစ်က အမှန်ပင် ခေါင်းတစ်ခြမ်း ထိုးကိုက်နေသလို ခံစားနေရပြီ ဖြစ်ကာ မျက်လုံးတွေကို စုံမှိတ်လိုက်သည်။

ကျိုးဟူက ဝတ်ရုံလက်စကို အပေါ်သို့ ဆတ်ခနဲ ဆွဲတင်ပစ်လိုက်သည်။ ပြီးလျှင် လုံဆစ်ကို ကိုယ်တစ်ခြမ်းစောင်းလျက် အသင့်အနေအထားဖြင့် ရင်ဆိုင်လိုက်ကာ။

"မင်းတို့တောင်မှ ငါ့ကို ခက်ခဲအောင် လုပ်နေတာပဲလေ။ ငါက မင်းတို့ကို ဘာလို့ ခက်ခဲအောင် မလုပ်ရမှာလဲ။ ငါ သဘောမတူဘူး ငါ မင်းတို့ကို သေချာပေါက် ခက်ခဲအောင် လုပ်မှာပဲ။ လုံဆစ် သူတို့ကို ချ.."

"သူတို့ကို ချ.. တကယ်ကြီးလား"

လုံဆစ် ကျိုးဟူကို လှမ်းမေးလိုက်မိသည်။ ထိုကလေး၏ အတွေးထဲတွင် ကောင်းကင်နဂါးနှစ်ကောင်၏ တိုက်ခိုက်မှုကို မြင်ချင်သည်မှာ သေချာသလောက် ရှိပေသည်။ သို့သော်တွင် ကောင်းကင်နဂါးနှစ်ကောင်၏ အစစ်အမှန်တိုက်ပွဲကို မဆိုထားနှင့် လက်ရည်စမ်းသော တိုက်ပွဲကပင် ကောင်းကင်ကြိုးကို လှုပ်ယမ်းစေနိုင်မည်ကို ထိုနတ်သားငယ်က သိပါ၏လော။

သေချာပေါက်ပင် ထိုကလေးက သိမည် မဟုတ်ပေ။ သိခဲ့ပါကလည်း ဂရုစိုက်မည်ဟု မမျှော်လင့်သင့်ပေ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now