❤️ အပိုင်း 12 ❤️

14.1K 499 8
                                    

❤️ Love & Fortune ❤️

အပိုင်း 12

"ဂျယ်ဂျူကျွန်းဟုတ်လား....."

"အင်း ဟုတ်တယ်.... ကိုယ် အားစိုက်ခဲ့တဲ့ ကိုရီးယား-မြန်မာ ရင်းနှီးမြှုပ်နှံမှု projectအတွက် လာမယ့်အပတ်မှာ ကိုရီးယားက ဂျယ်ဂျူကျွန်းကို
သွားဖို့ရှိတယ်.....ဒီ project ထဲမှာ ပါ၀င်ထားတဲ့ လုပ်ငန်းရှင်တွေအားလုံးက အပန်းဖြေရင်း အလုပ်ကိစ္စအကြောင်းကိုအေးအေးဆေးဆေး ဆွေးနွေးကြမှာမို့ ကိုယ်ပါ မဖြစ်မနေသွားရမှာ..... အဲ့တာ မင်းတို့ သားအမိရော ကိုယ်နဲ့ အတူလိုက်ခဲ့ချင်လား.....  "

ဂျယ်ဂျူကျွန်းဆိုတာနဲ့ ကိုရီးယား drama တွေထဲမှာ မကြာခဏ မြင်ရလေ့ရှိသည့် သိပ်ကို လှပလွန်းတဲ့ အပြာရောင်ပင်လယ်ကြီးရယ်၊ အမြင်အေးဖွယ် မြက်ခင်းပြင် စိမ်းစိမ်းစိုစိုကြီးတွေရယ်၊ အရောင်အသွေးစုံလင်လှတဲ့ ပန်းခင်းကြီးတွေရယ်ကို ပိုးရုံ အာရုံထဲမှာ မြင်ယောင်လာရသည်။

အမှန်တိုင်း ပြောရရင် ဂျယ်ဂျူကျွန်းဆိုတာ ပိုးရုံ အရမ်းရောက်ဖူးချင်ခဲ့တဲ့ နေရာတစ်ခုဆိုလဲ မမှားပေ။

ပိုးရုံ Seoul ကို သုံးကြိမ်တိတိရောက်ဖူးခဲ့ပေမယ့် ဂျယ်ဂျူကျွန်းကိုတော့ အခွင့်မကြုံတာနဲ့ တစ်ခါမှ မရောက်ဖြစ်ခဲ့ပါ။

အခုသူက လိုက်မလားဟု ခေါ်နေတော့ လိုက်သွားချင်မိတာကြောင့် သားလေးကို တစ်ချက်လှမ်းကြည့်မိသည်။

"သားရော သားဒယ်ဒီပြောတာကို ဘယ်လိုသဘောရလဲဟင်...."

"သားက မာမီသဘောပါ..... အကယ်၍ မာမီလိုက်မယ်ဆို သားလဲ လိုက်မယ်လေ...."

"သားရဲ့ ကျောင်းကရော ခွင့်ယူလို့ဖြစ်ရဲ့လား.... နောက်အပတ်ထဲ သားဖြေရမယ့်စာမေးပွဲတွေ ဘာတွေရှိသေးလားဟင်....."

"ခွင့်ယူလို့ ဖြစ်ပါတယ် မာမီရဲ့.... နောက်အပတ်ထဲကို ကျောင်းမှာလဲ ဘာစာမေးပွဲမှ မရှိပါဘူး....."

သားလေးအဖြေကိုနားထောင်ပြီးနောက် ပိုးရုံ ကျေနပ်စွာပြုံးလိုက်မိသည်။

အဟွန်း .... ဒါဆို မကြာခင်မှာ သူမ ဂျယ်ဂျူကျွန်းကို ရောက်ဖူးရတော့မည်ပေါ့။

❤️ Love & Fortune ❤️Where stories live. Discover now