မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 216
“လင်းရှောင်ရေခဲကျင့်စဉ်”
ပိုင်ရှင်းယွဲ့သည် သူမပြောခဲ့သည့် စကားများ၏ အဓိပ္ပါယ်များအား ပြန်စဉ်းစားနေမိသည်။
[ဘုရားရေ . . . ငါ့စိတ်ထဲ ဘာတွေ ဖြစ်နေတာလဲ၊ သူ့ကို ဒီလိုလူမျိုးလို့များ ဘာလို့ ထင်ခဲ့မိတာလဲ မသိဘူး၊ သူစိတ်ဆိုးတာလည်း မထူးဆန်းပါဘူးလေ။ ဘယ်သူမဆို ဒီလို ဖြစ်ကြမှာပဲ။ သူက ငါ့အပေါ် ကောင်းရဲ့သားနဲ့ ငါက အထင်မှားသွားတာကို . . .]
ဒေါသထွက်နေသည့် ဖန်ဇီလင်အားကြည့်ရင်း ပိုင်ရှင်းယွဲ့ အားတုံ့အားနာ ဖြစ်သွားသည်။ ထို့နောက် လေသံတီးတိုးဖြင့် -
“စိတ် . . . စိတ်မဆိုးပါနဲ့၊ ကျွန်မ နားလည်မှု လွဲသွားမိတာပါ။ ရှင့်ရဲ့ သိက္ခာကို အထင်မှားသွားမိခဲ့တယ်။ အဲဒါကလည်း ကျွန်မ စိတ်တွေ ရှုပ်ထွေးနေခဲ့လို့ပါ။ တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါနော်. . .”
ပြောခဲ့မိသည့် စကားများအတွက် ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် နောင်တအကြီးအကျယ် ရနေမိသည်။ ခေါင်းမဖော်နိုင်အောင်ပင် ရှက်နေမိသည့်အတွက် အပြင်သို့ ချက်ချင်းပင် ထွက်ခွာသွားလေသည်။
ဝမ်ရမ်ချူးချူးသည်လည်း ဆရာဖြစ်သူနှင့် ဖန်ဇီလင်တို့နှစ်ဦး စကားအချေအတင် ဖြစ်နေသည်ကို နားလည် သဘောပေါက်သွားသဖြင့် ပြုံးမိလိုက်သည်။ ယခုအကြိမ်တွင်မူ ပိုင်ရှင်းယွဲ့အား သူမ မတားဆီးတော့ချေ။
ဆရာဖြစ်သူ၏ အလှအပများအောက်တွင် ဖန်ဇီလင်တစ်ယောက် ကျဆုံးသွားလေမလား ဟူ၍ စောင့်ကြည့်နေမိခဲ့သည်။ သို့သော်လည်း သူမ၏ အထင်နှင့်အမြင်သည် တက်တက်စင်အောင်ပင် လွဲခဲ့ရသည်။
ဝမ်ရမ်ချုးချုးသည် ရဲရှောင်ရှိရာသို့ လျှောက်လာရင်း -
“နောင်ကြီးဖန် . . . ဆရာ့ကို ကုဖို့အတွက် တခြားနည်းလမ်း မရှိတော့ဘူးလား . . .”
ဖန်ဇီလင် စိတ်ပြေစေရန်အတွက် စကားလမ်းကြောင်း လွှဲပေးလိုက်ခြင်း ဖြစ်သည်။ ဝမ်ရမ်ချူးချူးအတွက် အရေးကြီးဆုံးအချက်မှာ ဆရာဖြစ်သူ ပိုင်ရှင်းယွဲ့ ၏ အသက်ရှင်ရေးပင် ဖြစ်သည်။ ရဲရှောင်သည် မည်မျှပင် စိတ်ဆိုးနေစေကာမူ ဆရာဖြစ်သူအပေါ် တပည့်ဖြစ်သူမှထားသည့် စေတနာအား အသိအမှတ်ပြုသည့်အနေဖြင့် ကောင်းကောင်းမွန်မွန်ပင် ပြန်ပြောလိမ့်မည်ဟု ဝမ်ရမ်ချူးချူးဘက်မှ တွေးနေမိသည်။
YOU ARE READING