Chapter (409)"အနိုင်ရမည်လော"

214 16 0
                                    

Chapter (409)
“အနိုင်ရမည်လော”

အားလုံးစိတ်ထဲ အတွေးကိုယ်စီ ရှိနေကြ၏။ သို့သော် တကယ်တမ်းတွင် ထိုသို့ အလဟဿ အင်အား အသုံးမပြုခြင်း ဆိုသည်မှာ ကောင်းကင်အဆင့် ၇ အထက် ပညာရှင်များ၏ သဘောဆန္ဒကြောင့်သာ ဖြစ်သည်။
ထိုလူများ၏ စိတ်ထဲတွင် -
(ငါတို့လို ကောင်းကင်အဆင့် ၇ နဲ့အထက် ပညာရှင်တွေက ဒီလို အမှိုက်လို အဆင့်နဲ့ ကောင်တွေကို ဘာလို့ တိုက်ခိုက်ရမှာလဲ . . .)
ထို့ကြောင့်ပင် ဂျိမိန်ဇန်သည် ထိုအကြံပြုချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
. . .
ဂျိမိန်ဇန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ ရဲရှောင်အား မျက်လုံးမှေးစင်းလျက် ကြည့်ကာ အေးစက်စက်လေသံဖြင့် -
“ဖန်ဧကရာဇ်က စွမ်းအင်တွေကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ တကယ်ကို အံ့ဩစရာ ကောင်းတယ်။ ခင်ဗျားကိုတော့ လေးစားမိပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ ကံကြမ္မာကိုက ဒီနေ့ဒီနေရာမှာ သေရမဲ့ ကံပါလာတာလေ။ ဘာကြောင့်များ ငြင်းဆန်နေချင်ရတာလဲ . . .”
ရဲရှောင်လည်း အဖြူရောင် လက်ကိုင်ပဝါတစ်ထည်အား ထုတ်လိုက်ပြီးနောက် လက်ကိုသုတ်ကာ ခပ်ဝေးဝေးသို့ လွှင့်ပစ်လိုက်သည်။ ဝုဖိုင်၏ လည်ပင်းအား ကိုင်လိုက်ရခြင်းကိုပင် သူ့လက် ညစ်ပေသွားသည်ဟု ယူဆနေဟန်ပါပင်။
ထို့နောက် ဒေါသထွက်နေကြသည့် လူများအားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ဂျိမိန်ဇန်အား -
“ကျုပ်က ရလဒ်ကို စိတ်မဝင်စားပါဘူး။ ကျုပ်က စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ လူတစ်ယောက်ဗျ။ ကျုပ်ကို သတ်ဖို့ ကြိုးစားတဲ့လူကို ကျုပ်ကလည်း ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ရမှာပဲ။ ဒါကျုပ်ရဲ့ ခံယူချက်ပဲ။ လူတွေသတ်ရင် ပြင်းပြင်းထန်ထန် သတ်ဖြတ်တတ်တယ် ဆိုပေမဲ့ ဂရုတော့ စိုက်ပါတယ် . . .”
နားထောင်နေသူများ အားလုံးသည် သွေးအန်လုမတတ် ဖြစ်သွားကြသည်။
(ဒီလူက တော်တော်ကို လေလုံးထွားပါလား။ တကယ့်ကို လေကြီးတဲ့ နေရာမှာ ဆရာကြီးပဲ . . .)
(ပြင်းပြင်းထန်ထန် သတ်ဖြတ်တတ်တယ် ဆိုပေမဲ့ ဂရုစိုက်ပါတယ်တဲ့လား . . .)
ဂျိမိန်ဇန်သည် သူ့ဘေးရှိ အဘိုးကြီး ၂ ဦးအား လေသံတီးတိုးဖြင့် -
“သူက အဆင့် ၂ ဆိုတာ သေချာပါတယ်နော် . . .”
အဘိုးကြီး ၂ ဦးသည် ရဲရှောင်အား စေ့စေ့စပ်စပ်ကြည့်ကာ အကဲခတ်နေ၏။ တခဏအကြာတွင် ခေါင်းညိတ်လိုက်ကြပြီး အဘိုးကြီး တစ်ဦးမှ -
“သေချာပါတယ်။ အဆင့် ၂ ရဲ့ အလယ်အလတ် အဆင့်ထက် မပိုဘူး။ ဝုဖိုင်ကို သတ်နိုင်တယ် ဆိုတာကလည်း ကြိုပြီး လေ့လာထားတာ ဖြစ်နိုင်တယ်။ ဝုဖိုင် သူ့ရဲ့ ကြာပန်းစွမ်းအင်တွေ ထုတ်တော့မဲ့ အချိန်မှာပဲ အချိန်ကိုက် တိုက်ခိုက်ခဲ့တယ်လေ။ ကျုပ်ခန့်မှန်းကြည့်ရသလောက်တော့ ချန်နိုင်ငံတော်က ကျုပ်တို့ကို ဟိုးကတည်းက စောင့်ကြည့်နေခဲ့ကြတာ ထင်တယ် . . .”
ဂျိမိန်ဇန်သည် အဘိုးကြီး၏ စကားကြောင့် စိုးရိမ်သွားမိ၏။
ထို့နောက် စိတ်ကို တည်ငြိမ်အောင် လျော့ချလိုက်ရင်း -
(ဒီလူသေတာနဲ့ ငါလည်း မြန်မြန်သွားမှ ဖြစ်မယ်။ ချန်နိုင်ငံတော်က အချိန်ဘယ်လောက်ထိပဲ ကြာအောင် ပြင်ဆင်ထားထား သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ငါ့ကို ဘာများလုပ်နိုင်မှာမို့လဲ . . .)
ထို့နောက် သူသည် ကျယ်လောင်သော အသံဖြင့် -
“ချင်ဝု . . .”
ယခုအကြိမ်မှာတော့ ကောင်းကင်အဆင့် ၄ ပညာရှင်ကို စေလွှတ်တော့မည် ဖြစ်သည်။
ချင်ဝုသည် အဆင့် ၄ ၏ နောက်ဆုံးအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။
“မင်းဖန်ဧကရာဇ်ကို မသတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သင့်ပြီ . . .”
ဂျိမိန်ဇန် အေးစက်စက် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင် . . . ကျုပ်ဒီလူ့ကို မနိုင်ရင် ကမ္ဘာမြေပေါ်မှာ အသက်ရှင်ထိုက်ခွင့်ကို မရှိတော့ပါဘူး။ ဈေးထဲက တို့ဟူးတွေဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် သေတဲ့ထိ ရိုက်ပစ်မယ် . . .”
ချင်ဝုသည် လူကောင်ထွားထွားဖြစ်ပြီး တောင်ငယ်တစ်လုံးနှင့်ပင် တူနေပါသေးသည်။
ချင်ဝု ပြုံးလိုက်သည့် အပြုံးသည်လည်း အလွန်ထိတ်လန့်ဖွယ် ကောင်းလှ၏။
တတိယအကြိမ်မြောက် တိုက်ခိုက်ခံရတော့မည့် ရဲရှောင်သည် မူလရပ်နေသည့် နေရာတွင်ပင် အေးဆေးတည်ငြိမ်စွာ ရပ်နေတုန်း ဖြစ်သည်။ သတိထား၍ ထိတ်လန့်နေသည့် ပုံစံမျိုး မပေါက်ဘဲ စိတ်အေးလက်အေး အမူအယာမျိုးသာ ရှိနေ၏။
သူသည် အယောက်တစ်ရာလောက်ရှိသည့် ရန်သူများ၏ အလယ်တွင် ရပ်နေရင်း ဆွံ့အနေမိသည်။
(ဂျိမိန်ဇန်က ဘယ်လိုဖြစ်တာလဲ။ သူ့မှာ လူအင်အားတွေ အများကြီး ရှိနေတာလား။ တစ်ယောက်ပြီး တစ်ယောက် သေအောင် ငါ့ဆီ လွှတ်နေတာလား . . .
သူလွှတ်တဲ့ လူတွေအားလုံးကလည်း အရည်အချင်း၊ တိုက်ရည်ခိုက်ရည်၊ စိတ်ဓာတ် အားလုံးမှာ ပြောစရာ မရှိဘူး။
နတ်ဘုရားသတ်အဖွဲ့က ဒီလိုပဲ ခေါင်းမာကြတာလား။ ဝုဖိုင်ကလည်း ငါ့ကို သေချာပေါက် အနိုင်ရမယ်လို့ပဲ ထင်နေပုံပဲ။ စလာကတည်းက အပြင်းထန်ဆုံး တိုက်ကွက်နဲ့ စတိုက်ခဲ့တယ်။ သူ့ကြာပန်းခုတ်ချက် ဘယ်လောက်ပဲ အစွမ်းထက်ထက် အားနည်းချက် ရှိနေတာ အသိသာကြီးကို၊ သူ့သေတွင်း သူတူးခဲ့တာပဲ . . .
ဒီအဖွဲ့မှာတော့ အားသာချက်ရယ်လို့ မည်မည်ရရလည်း မတွေ့မိပါဘူး။ တွေ့ရသလောက်တော့ မျက်လုံးမှိတ်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်ချက် အပြည့် ရှိနေကြတာပဲ မြင်တယ် . . .
လူတွေဒီလောက် အများကြီးရှိတာ တစ်ခါတည်း ဝင်တိုက်ကြပါတော့လား။ အဲဒီလိုမှ ငါ့ကိုဖမ်းဖို့ ပိုလွယ်မှာ မဟုတ်လား။ ငါ့အတွက်လည်း လွတ်မြောက်ဖို့ ပိုလွယ်သွားမှာပဲ။ ငါတကယ်ကို လူအများကြီး မသတ်ချင်ပါဘူး။
ဒီကလူတွေ အားလုံးကို သတ်ဖြတ်ခိုင်းစေချင်တာလား။ ငါ့ကို သွေးဆာနေတယ်များ ထင်နေတာလား . . .)
ဂျိမိန်ဇန် ချင်ဝုအား ကြည့်လိုက်ရင်း လေသံတီးတိုးဖြင့် -
“ချင်ဝုကို ဒီလိုခိုင်းလိုက်တာ သင့်တော်တယ် မဟုတ်လား . . .”
သူ့ဘေးမှ အဘိုးကြီးလည်း -
“ချင်ဝု သေချာပေါက် နိုင်မှာပါ။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အကွာကြီးပါ။ ဒါပေမဲ့ ချင်ဝု အပြတ်အသတ်ကြီးတော့ မနိုင်လောက်ဘူး ထင်တယ် . . .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြန်ရင်း -
“ဒီဖန်ဧကရာဇ် လူငါးယောက်ကို တိုက်ခိုက်ခဲ့တုန်းက တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ ဝုဖိုင်ကိုလည်း တစ်ကွက်တည်းနဲ့ပဲ။ ဝုဖိုင်ရဲ့ အားနည်းချက်ကို သိလို့ ပြင်ဆင်ထားခဲ့ပြီးသား ဆိုပေမဲ့ ကျင့်စဉ်တိုက်ကွက်တွေနဲ့ ပတ်သက်ပြီး သူက တကယ်ကို နှံ့စပ်ပုံရတယ်။ ချင်ဝုသာ တည်တည်ငြိမ်ငြိမ်နဲ့ တိုက်ခိုက်နိုင်မယ်ဆိုရင် သေချာပေါက် နိုင်မှာပါ . . .”
အဘိုးကြီးသည် တမင်ကို လေသံမြှင့်၍ ချင်ဝုကြားအောင် ပြောလိုက်သည်။
သတိပေးလိုက်ခြင်းပင် ဖြစ်၏။
ချင်ဝုအား တိုက်ခိုက်ရာတွင် သတိလက်လွတ် မဖြစ်ဘဲ သေချာတိုက်ခိုက်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
ချင်ဝုသည် ကြီးမားလှသော ခန္ဓာကိုယ်ကြီးအား တရွေ့ရွေ့ဖြင့် တစ်လှမ်းချင်း လှမ်းသွားသည်။
သူသည် တည်ငြိမ်စွာဖြင့် တစ်လှမ်းခြင်း လျှောက်နေခြင်း ဖြစ်၏။
“ချင်ယုက တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးပုံပဲ။ အခုထိ ဘာလှုပ်ရှားမှုမှ မလုပ်သေးဘူး။ ဒါပေမဲ့ တကယ်စတိုက်ပြီ ဆိုရင်လည်း ဘယ်သူမှ ခံနိုင်လောက်မယ် မထင်ဘူး။ ဖန်ဧကရာဇ်ကတော့ အခုထိ အရူးတစ်ယောက်လို ရပ်နေတုန်းပဲ။ ချင်ယုကို အလစ်ဝင်တိုက်မယ် ဆိုတာမျိုးလည်း မတွေးမိဘူး ထင်ပါရဲ့။ သူ့ကို ကျင့်စဉ်တိုက်ကွက်တွေ အကြောင်း နှံ့စပ်တယ်လို့ ခန့်မှန်းမိခဲ့တာတောင် မှားပြီထင်တယ်။ ဝုဖိုင်အကြောင်းကိုတော့ ကောင်းကောင်းသိနေလို့ အနိုင်ယူနိုင်တာ မဆန်းဘူး။ ဒီတစ်ခေါက်ကတော့ ချင်ဝုလက်ထဲ သေရတော့မှာပေါ့ . . .”
အဘိုးကြီးတစ်ဦးမှ မုတ်ဆိတ်မွှေးများအား သပ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“မဟုတ်ဘူး။ အခုဆို ချင်ဝု လျှောက်နေတာ ခြေလှမ်း ၆ လှမ်း ရှိပြီ။ ၉ လှမ်းလှမ်းပြီးရင် သူ့ရဲ့ စွမ်းအင်တွေ တမဟုတ်ချင်း ထွက်လာလိမ့်မယ်။ အဲဒီအချိန်ဆိုလို့ကတော့ အဆင့် ၅ ပညာရှင်တောင် ခုခံနိုင်ဖို့ မလွယ်ဘူး . . .”
နောက်အဘိုးကြီး တစ်ဦးမှ ပြုံးလျက် ပြောလိုက်ပြန်သည်။
“ချင်ဝုရဲ့ ခြေလှမ်းအဓိပ္ပါယ်တွေကို မသိသေးတဲ့ ဖန်ဧကရာဇ်အတွက်ကတော့ ရင်လေးစရာပဲ . . .”
ထိုအချိန်မှာပင် တစ်ချိန်လုံး နှုတ်ဆိတ်လျက် ရှိနေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now