Chapter (482)"ဒုက္ခလှိုင်းများ"

220 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (482)

“ဒုက္ခလှိုင်းများ”

“ဒါပေမယ့် လင်းပါအိုရဲ့ လုပ်ငန်းတွေကို ဆန့်ကျင်နေတာမျိုးတွေလည်း ရှိနေကြတယ် . . .”

ရဲရှောင် ပြုံးလျက် ထပ်ပြောလိုက်သည်။

မျိုးနွယ်စုကြီး ၅ စုမှ လူများသည် ရဲရှောင်၏ အပြုံးအား မြင်လိုက်ကြရသောအခါ တုန်လှုပ်သွားကြသည်။ လောင်ရှန်ယွန်သည်လည်း နဖူးမှ ဇောချွေးများ ပြန်သွားပြီး တုန်ယင်သော အသံဖြင့် -

“မဖြစ်နိုင်တာ . . . ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလို မဖြစ်နိုင်ပါဘူး . . .”

ရဲရှောင်၏ စကားကြောင့် မျိုးနွယ်စုကြီး ၅ စုလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီ တွေးမိသွားကြသည်။

(ငါတို့မျိုးနွယ်တွေဆီ ပြန်ရောက်တာနဲ့ လူတွေစုပြီး လင်းပါအိုကို အတားအဆီး ဖြစ်စေတဲ့ အရာမှန်သမျှကို ရှင်းထုတ်ပစ်မှ ဖြစ်မယ် . . .)

(မဟုတ်သေးဘူး . . . အဲဒီလောက်နဲ့ မလုံလောက်သေးဘူး။ လင်းပါအိုရဲ့ လုပ်ငန်းခွဲတိုင်းကို ငါတို့ ဘိုးဘေးတွေလို စောင့်ရှောက် ဆက်ဆံမှဖြစ်မယ် . . .)

(လင်းပါအို ဘာပဲလုပ်လုပ် အမှန်ပဲ။ မှားနေတာမျိုး လုပ်တယ် ဆိုရင်တောင် အမှန်လို့ပဲ ယူဆမှ ဖြစ်မယ်။ သူတို့ကို ဘယ်တော့မှ အတိုက်အခံ လုပ်လို့ မဖြစ်ဘူး . . .)

(လင်းပါအိုရဲ့ ဧကရာဇ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ . . .)

(ဖန်ဧကရာဇ်သာ ဒေါသထွက်လို့ကတော့ သူ့ပါးစပ်ကနေ ငါတို့မျိုးနွယ်စု နာမည်တစ်ခုကို ပြောလိုက်တာနဲ့ တစ်ကမ္ဘာလုံးက လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေ လာသတ်လောက်တယ် . . .)

(စက္ကန့်ပိုင်းအတွင်း မျိုးနွယ်စု တစ်ခုလုံး အသတ်ခံသွားရနိုင်တယ် . . .)

၎င်းတို့ တွေးနေသည်မှာလည်း အမှန်ပင် ဖြစ်၏။

ရဲရှောင် သူ၏ ခေါင်းအား ညိတ်သည်ဆိုရုံမျှ ညိတ်ပြလိုက်ပြီး -

“ဟုတ်လို့လား . . . ကျုပ်စဉ်းစားနေတာက ဒီမြို့ထဲက အရှုပ်ထုပ်ကိစ္စတွေ ပြီးသွားရင် ကမ္ဘာအရပ်ရပ်က လုပ်ငန်းခွဲတွေစီ ကိုယ်တိုင်ကွင်းဆင်း လေ့လာပြီး ဘာတွေ အခက်တွေ့နေလဲ ဆိုတာ လိုက်ကြည့်ရင် ကောင်းမလားလို့လေ။ ပြီးမှ ကျုပ်ဟာကျုပ် တစ်ခုပြီးတစ်ခု ဖြေရှင်းရမှာပေါ့။ ဘာမှ မဖြစ်ဘူး ဆိုရင်လည်း ကျုပ်ဟာကျုပ် အပျော်ခရီးထွက်သလိုပဲ မှတ်ရမှာပဲ။ ကျုပ်အဲဒီကိစ္စကို စိုးရိမ်နေတာ အတော်ကြာပြီ။ ကျုပ်ရဲ့ လုပ်ငန်းခွဲတွေ အဆင်မှပြေကြရဲ့လား မသိပါဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now