Chapter (429)"အထီးကျန်သောဘဝ"

230 19 0
                                    

Chapter (429)

“အထီးကျန်သောဘဝ”

ကျောင်းဖင်းရှန် မျက်မှောင်ကြုတ်လိုက်ရင်း -

“ရယ်မောခြင်း ဆိုတဲ့ စကားက ဘာကိုဆိုလိုချင်တာလဲ ကျုပ်တော့ နားမလည်ဘူး။ ကျုပ်ဘဝက အမြဲတမ်း အထီးကျန်နေခဲ့တာ။ တစ်ကိုယ်တည်း ရှင်သန်ရင်း နောင်တတွေ၊ ဝမ်းနည်းမှုတွေနဲ့ တစ်ချိန်လုံး ပြည့်နှက်နေခဲ့တာပေါ့။ ရယ်မောရတဲ့ အခိုက်အတန့် ဆိုတာတောင် မရှိခဲ့ဘူး။ ဒီစကားလုံးက ကျုပ်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဗျ . . .”

ကျောင်းဖင်းရှန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရဲရှောင်မှာမူ အရက်ခွက်မော့နေဟန် ပြုရင်း သူ၏ မျက်နှာအမူအယာအား ဖုံးကွယ်ထားရန် ကြိုးစားလိုက်သည်။ သို့သော် ရဲရှောင်၏ စိတ်ထဲတွင်မူ အလွန်တုန်လှုပ် အံ့ဩနေလေသည်။

(ရယ်မောခြင်းတဲ့လား . . .)

ကျောင်းဖင်းရှန် ထိုစကားစု၏ အဓိပ္ပါယ်အား နားမလည်သော်လည်း ရဲရှောင်မှာမူ ချက်ချင်းပင် နားလည်လိုက်သည်။

(ရယ်မောခြင်းတဲ့ . . . ဒါငါ့ကို ရည်ညွှန်းတာ မဟုတ်လို့ ဘယ်သူ့ကို ရည်ညွှန်းမှာလဲ . . . မင်းရဲ့ရင်ထဲမှာ ကြည်လင်တဲ့ အသိစိတ် ရှိတယ်။ ပြုံးနေတဲ့ ဧကရာဇ်တစ်ယောက်က မင်းကို ဦးဆောင်ပေးလိမ့်မယ် ဆိုတာကရော၊ ငါက ဧကရာဇ်ပဲ၊ တိတိကျကျပြောရရင် ရှောင်ဧကရာဇ် ခေါ် ရယ်မောခြင်း ဧကရာဇ်လေ။ ဘဝနှစ်ခုအတွက် ရုန်းကန်နေရသူ။ တစ်ဘဝမှာ ထွန်းလင်းတောက်ပတယ် ဆိုတာကလည်း ငါ့ကို ရည်ညွှန်းနေတာပဲ။ လက်ရှိဘဝမှာတော့ ရယ်မောနေသူတစ်ယောက်၊ နောက်တစ်ယောက်က လမ်းပေါ်မှာ ရှိနေတယ် ဆိုတာလည်း တခြားလူကို ရည်ညွှန်းနေတာ မဖြစ်နိုင်ဘူး . . .)

(စုံတွဲတစ်တွဲ ပြန်ဆုံရလိမ့်မယ်၊ ရယ်မောသူတစ်ယောက်သာ ရှိရင်ပေါ့ ဆိုတာ ငါကပဲ စုံတွဲကို ပြန်ဆုံတွေ့နိုင်အောင် လုပ်ပေးမှာလို့ ဆိုလိုချင်ပုံရတယ်။ ငါကိုယ်တိုင်က ကူညီချင်နေသလို ကူလည်း ကူညီနိုင်လောက်တယ်။ စကားစုတိုင်းက ကိုက်ညီနေပါရောလား။ တော်တော် အံ့ဩဖို့ ကောင်းတာပဲ။ ဒီကံကြမ္မာဆရာ ဆိုတာ ဘယ်သူများလဲ။ သူဘယ်က လာတာပါလိမ့်။ ဒီစကားစုတွေ အားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ် ကတည်းက ကျောင်းဖင်းရှန်ကို သူက ပြောခဲ့တယ်ဆိုတော့ တော်တော်ကို ထူးဆန်းတာပဲ။ အဲဒီအချိန်တုန်းက ငါကချင်းယန်နယ်ပယ်တစ်ခွင် ရှောင်ဧကရာဇ်ဘဝနဲ့ ခြေဆန့်နေတုန်းပဲ ရှိဦးမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကို လှောင်ပြောင်ရယ်မောနေရင်းနဲ့ပေါ့။ ဘယ်လို ဖြစ်တာလဲ။ ဘာလို့ ဒီလောက်ထိ တိုက်ဆိုင် ထူးဆန်းနေရတာလဲ။ ဒီလောက်ထိ တိကျတဲ့ ကြိုတင်ခန့်မှန်းမှုမျိုး ဟောနိုင်တဲ့လူ တကယ်ပဲ ရှိနေတာပါလား . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now