Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"

272 22 0
                                    

Chapter – 337

“ဉာဏ်ကောင်းလှသည့်ဇုဝူကျီ”

ဇုဝူကျီ မည်သို့ပင် ကြံစည်ခဲ့ ကြံစည်ခဲ့၊ မည်သို့ပင် လုပ်ခဲ့လုပ်ခဲ့ ရဲရှောင်နှင့် သူသည် သူငယ်ချင်းကောင်းများ ဖြစ်ကြလေသည်။
အတိတ်က အမှန်တရားများသည်လည်း ယခုအချိန် အရေးမကြီးတော့ချေ။
အတိတ်က ဇုဝူကျီသည် ရဲရှောင်အား ဝမ်းနည်းအောင် လုပ်ခဲ့မိနိုင်သလို ရဲရှောင်သည်လည်း ထိုသို့ လုပ်မိနိုင်လေ၏။ မည်သို့ပင်ဖြစ်ပါစေ အတိတ်သည် အတိတ်ပင် ဖြစ်ပြီး ယခုအချိန်ထိ သူငယ်ချင်းကောင်း ညီအစ်ကိုများလို ဖြစ်နေပြီ ဖြစ်သည်။
“မင်းငါ့ဆီ အကြောင်းမဲ့ လာတာတော့ မဖြစ်နိုင်ဘူး၊ ဘာကိစ္စများ ရှိလို့လဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ . . .”
ဇုဝူကျီ ပြောလိုက်သည်။
ရဲရှောင်မှ -
“မင်းက ငါ့ကို မင်းလို အကြံအစည်ပေါင်းများစွာ ခေါင်းထဲ ရှိနေတယ်လို့များ ထင်နေလား။ ကိစ္စမရှိဘဲနဲ့ရော မင်းဆီ လာလည်လို့ မရဘူးလား။ ဒီနေ့ မြို့ထဲက အခြေအနေတွေကို ငါသေချာ သိခဲ့ရတယ်။ အဲဒါနဲ့ ငါလည်း င့ါကို အကြံကောင်း ပေးနိုင်မဲ့ လူတစ်ယောက်ကို လိုက်ရှာနေတယ်။ ငါသိတဲ့ လူတွေထဲမှာ မင်းက ကြံရည်ဖန်ရည် အကောင်းဆုံးလို့ ငါထင်မိတယ်လေ။ အံ့သြစရာ ကောင်းတာက ငါထင်တာလည်း မှန်နေတယ်လေ . . .”
ရဲရှောင် ပြောသည်လည်း မှန်နေလေ၏။
ချန်ရှင်းမြို့တော် တစ်ခုလုံးတွင် ရဲရှောင်အား အကြံပေးနိုင်သော လူဟူ၍ ၂ ယောက်သာ ရှိသည်။ ဝမ်ရမ်ချူးချူးနှင့် ဇုဝူကျီတို့ပင် ဖြစ်လေသည်။
ဝမ်ရမ်ချူးချူးမှ ကူညီချင်သည့်တိုင် ရဲရှောင် လက်ခံမည် မဟုတ်ချေ။ အကူအညီလည်း မတောင်းချင်ပေ။
သူတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းပင် မဟုတ်ပါလား။
ထို့အပြင် သူ့မာနနှင့်သူ နေလိုသဖြင့် အကြံဉာဏ်လည်း မတောင်းချင်ခြင်း ဖြစ်၏။
(ငါက မာနရှိတဲ့ လူတစ်ယောက်ပဲ။ မော်တယ်ကမ္ဘာက ဘယ်သူမဆို ငါ့အနေနဲ့ ဟားတိုက် ရယ်မောနိုင်နေတာပဲဟာ၊ မိန်းမတစ်ယောက်ရဲ့ အကူအညီကို တောင်းနေစရာ မလိုဘူး . . .)
ထို့ကြောင့်ပင် ဇုဝူကျီအား ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ရဲရှောင် ဆုံးဖြတ်ချက်သည်လည်း မမှားခဲ့ချေ။ ယခုအခါ ဇုဝူကျီကို အကဲခတ်ကြည့်ရသလောက် အရည်အချင်း ရှိသည့် လူတစ်ဦး ဖြစ်ကြောင်း ရဲရှောင် သိနေပြီ ဖြစ်သည်။
တကယ်တမ်းတွင် ဇုဝူကျီသည် ဝမ်ရမ်ချူးချူးထက်ပင် ဗျူဟာခင်းသည့်နေရာ၊ လှည့်စားသည့် နေရာတွင် သာလွန်နိုင်ပေသည်။
မြို့ထဲမှ လူရှုပ်လူပွေ သခင်လေး ၃ ယောက်ထဲတွင် အဆိုးဆုံး ဖြစ်ခဲ့ရခြင်းမှာလည်း မထူးဆန်းတော့ချေ။
“မြို့ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး . . .”
ဇုဝူကျီ၏ ပုံစံသည် တည်ကြည်လေးနက်သွားဟန်ပင်။ အနည်းငယ် စိတ်မကောင်း ဖြစ်နေ ဟန်မျိုးဖြင့် -
“ငါတို့ အခြေအနေတွေကို ခြုံငုံ သုံးသပ် ဆန်းစစ်နိုင်မယ် ဆိုရင်တောင် ဘာများ လုပ်နိုင်မှာ မို့လို့လဲ။ ငါတို့ရဲ့ အင်အားဆိုတာကလည်း အတိုင်းအဆ ရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ငါတို့ ဘာများ လုပ်နိုင်ဦးမှာလဲ . . . ခဲလုံးလေးတစ်လုံးကို ကောက်ယူဖို့ ဆိုရင်တောင် လုံလောက်တဲ့ အားအင်မျိုး ရှိဖို့ လိုတယ်လေ။ အခု ငါတို့ ပြောနေတဲ့ ကိစ္စက ကမ္ဘာပေါ်က အလေးလံဆုံး ပစ္စည်းတစ်ခု ‘မ’ ရတာထက်ကို ပိုခက်သေးတယ်။ တကယ်တော့ ငါတို့မှာ ဘာအင်အားမှကို ရှိမနေတာပါ။ ဘာများ လုပ်နိုင်မှာလဲ . . .”
ရဲရှောင်မှ -
“ဒါက မင်းစိတ်ပူရမဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဒီအခြေအနေအတွက် လက်တွေ့ကျတဲ့ အဖြေတစ်ခုကိုပဲ စဉ်းစားဖို့ လိုမယ်။ ကျန်တာတွေ ငါ့တာဝန်သာထား။ ဘာမှ မစိုးရိမ်နဲ့ . . .”
ရဲရှောင်သည် ယုံကြည်မှု အပြည့်ရှိနေသည့် ပုံစံမျိုးဖြင့် ပြောလိုက်၏။
ဇုဝူကျီလည်း ရဲရှောင်အား ထူးဆန်းသလို တစ်ချက်ကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက် သည်။
“ကောင်းပြီ . . .”
ရဲရှောင် ပြုံးလျက် နားထောင်နေလိုက်၏။
ဇုဝူကျီမှ -
“အခု ငါက တိမ်တိုက်တွေ တည်ဆောက်မဲ့ ပုံသေနည်း ထုတ်ရသလို ငါ့ဦးနှောက်ကို ကောင်းကောင်းကြီး အလုပ်ပေးရတော့မှာပေါ့ . . .”
ရဲရှောင် ဆွံ့အသွားပြီး စိတ်ထဲတွင်လည်း မကျေမနပ် ဖြစ်သွားသည်။
(အရူးကောင် . .. ပြောစရာရှိတာ ဘာလို့ တန်းမပြောတာလဲ၊ တိမ်တိုက်ကိုတောင် တည်ဆောက်မဲ့ ပုံသေနည်း ထုတ်ရသလို ဟုတ်လား . . . မင်းဆိုလိုချင်တာက ငါ့ကို ငတုံးလို့ ပြောချင်နေတာ မဟုတ်လား။ ဟမ့် . . . အဲဒါကိုတောင် င့ါရှေ့ ထုတ်ပြောနေသေးတယ် . . .)
ဇုဝူကျီသည် ရဲရှောင်အား လှမ်းကြည့်လိုက်ရင်း -
“လန်လန့်လန့်ဆိုတဲ့ ခွေးကောင်ကလည်း တော်တော် အကြံပိုင်တဲ့ကောင်။ ဒီလို ခက်ခဲတဲ့ အခြေအနေမျိုးကနေ လွတ်သွားနိုင်ခဲ့တယ်။ အခုဆို တစ်ကမ္ဘာလုံးက ချန်ရှင်းမြို့လေးကို စောင့်ကြည့် နေကြပြီ။ မော်တယ်ကမ္ဘာက ပညာရှင်တွေ အားလုံးနီးပါးကို ရောက်နေကြပြီ။ သူကတော့ စစ်မြေပြင်ကို အေးအေးဆေးဆေး ထွက်သွားနိုင်ခဲ့တယ် . . .”
“တကယ်တော့လည်း သူလုပ်လိုက်တာ အရမ်းကို အန္တရာယ်များတဲ့ အလုပ်ပါ။ သူ့အသက်ကို သေမင်းဆီ အပေါင်ထားလိုက်သလိုပဲ။ လူတစ်ယောက်ရဲ့ အနာဂတ်ကို ခန့်မှန်းဖို့က တော်တော် ခက်ပါတယ်။ ဒီလို အရူးကောင်တွေမျိုးမှာ တခါတလေ တောက်ပတဲ့ အနာဂတ်မျိုး ရှိနေတတ်ကြတယ်”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း -
“ရူးရူး မရူးရူး ဒီတစ်ခေါက်တော့ တကယ်ကို အကြံပိုင်သွားတယ် ပြောရမယ် . . .”
ဇုဝူကျီ ခေါင်းညိတ်လိုက်ရင်း ကုလားထိုင် ၅ ခုံအနက် အကြီးဆုံး ခုံရှိရာသို့ ထထွက်သွားသည်။ ထိုခုံသည် အခန်းအလယ်တွင် ရှိနေလေ၏။ ဇုဝူကျီ တုတ်တစ်ချောင်းကို ထုတ်လိုက်ပြီး မြေပုံတစ်ချပ်အား ဖြန့်လိုက်ပြန်သည်။
“ဒါချန်ရှင်းမြို့ရဲ့ မြေပုံပဲ . . .”
ဇုဝူကျီ ပြောလိုက်သည်။
“မနေ့ညကမှ အချောသတ် ပြီးသွားခဲ့တာ။ ဒီမြေပုံကို ဒီလို အမြန်ဆုံး အသုံးချခွင့် ရမယ်လို့ မထင်ထားခဲ့မိဘူး။ ကံကောင်းတယ်ပဲ ပြောရမှာပေါ့ . . .”
ရဲရှောင် အနီးကပ်ကြည့်လိုက်သည့်အခါ မြေပုံမှ မှင်နံ့များကိုပင် ရှူရှိုက်မိလိုက်၏။
အရပ်မျက်နှာများ၊ တည်နေရာများ၊ အိမ်အမည်များနှင့် အင်အားစုအားလုံး၏ နေထိုင်ရာ နေရာများ အားလုံးကို မြေပုံတွင် ရေးဆွဲထားသည်။
“မြို့ထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုတော့ မင်းကို ထပ်ရှင်းပြစရာ မလိုလောက်တော့ဘူး ထင်တယ်။ ငါတို့ ၂ ယောက်လုံးလည်း သိနေကြတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တော်တော် ဒုက္ခများမဲ့ အခြေအနေကို ရောက်နေပြီ . . .”
ဇုဝူကျီ ပြောလိုက်သည်။
“အပြင်ပိုင်း တည်ငြိမ်နေပေမဲ့ အထဲမှာ မီးတောင်တွေ အများကြီး ရှိနေသလိုပဲ။ အချိန်မရွေး ထပေါက်ကွဲသွားနိုင်တဲ့ အခြေအနေမျိုးပေါ့ . . .”
“ဒီကိုကြည့် . . . ဒါ တော်ဝင်မျိုးနွယ်ရဲ့ နေရာပဲ . . .”
ဇုဝူကျီ မြေဖြူအသေးလေး တစ်ခုဖြင့် မြေပုံရှိ နေရာတစ်ခုအား ပြလိုက်သည်။
“တော်ဝင်မျိုးနွယ်ရဲ့ အပြင်ဘက်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမတ်တွေရဲ့ အိမ်တော်တွေ ရှိတယ်။ ငါ့အိမ်က ဒီမှာ၊ ဒီမှာက မင်းရဲ့အိမ် . . .”
“မင်းရဲ့အိမ်မှာ လူစိမ်းတွေ နေလား မနေလားတော့ ငါမသိဘူး၊ ဒါပေမဲ့ တခြားမှူးမတ်တွေရဲ့ အိမ်မှာ လူတွေ နေနေကြတယ်။ ငါ့အိမ်မှာတောင် လူတစ်စု ရှိနေတယ် . . .”
ဇုဝူကျီ ပြောလိုက်သည်။
“အနက်ရောင်ဝတ်ရုံဝတ် လူ ၇ ယောက် ငါ့အိမ်မှာ ရှိတယ်။ သူတို့က လှုပ်ရှားမှုတိုင်းကို လျှို့လျှို့ဝှက်ဝှက်ပဲ လုပ်ကြတယ်။ သူတို့ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုလည်း ငါမသိဘူး။ ဘာလို့လဲဆိုတော့ ငါ့မှာ ဒီလို သိနိုင်တဲ့ အမြင်မျိုး မရှိလို့ပဲ။ အကြမ်းဖျဉ်း ခန့်မှန်းရသလောက် အားလုံးက ကောင်းကင်အဆင့်တွေချည်းပဲ . . .”
ရဲရှောင် အာရုံစိုက်၍ နားထောင်နေလိုက်သည်။
“သူတို့ဆီက ပြင်းထန်တဲ့ အငွေ့အသက်တချို့ကို တခါတလေ ရမိတယ်။ ဒီလူတွေက ဘယ်လိုမှ လူကောင်းတွေ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို သိရအောင် ငါကြိုးစားခဲ့တယ်။ ဒါပေမဲ့ မစုံစမ်းနိုင်ခဲ့ဘူး။ ငါသိခဲ့ရတဲ့ အသုံးဝင်တဲ့ အချက်တစ်ချက်ကတော့ သူတို့တွေဟာ လေလံပွဲ တက်ရောက်ခဲ့တဲ့ လူစာရင်းမှာ မပါတာပဲ။ နောက်ပြီး အနန္တသူတော်စင်လည်း ချန်ရှင်းမြို့ထဲ ရောက်နေတယ်လို့ ကြားတယ်။ တစ်ခါမှတော့ လူလုံးထွက်မပြသေးဘူး . . .”
“ငါစုံစမ်းကြည့်သလောက်ကတော့ အနန္တသူတော်စင်ရဲ့ စွမ်းအင် အငွေ့အသက်နဲ့ ဒီလူ ၇ ယောက်ရဲ့ အငွေ့အသက်ချင်း နည်းနည်းဆင်တယ် ပြောကြတယ်။ အကြမ်းဖျဉ်း ခန့်မှန်းကြည့်ရရင် သူတို့တွေအားလုံး အနန္တရေကန်က ဖြစ်နိုင်တယ် . . .”
ဇုဝူကျီ လေးလေးနက်နက် ပြောလိုက်သည်။
ရဲရှောင် တုန်လှုပ်သွားလေသည်။
ဇုဝူကျီ၏အိမ်တွင် အမည်မသိ ပညာရှင်များ ရှိနေသည်ကို သိလိုက်ရ၍ တုန်လှုပ်အံ့သြသွားခြင်း မဟုတ်ချေ။
သူအံ့သြရသည့် အချက်မှာ ဇုဝူကျီသည် အင်အားစုများ အားလုံးကို ကောင်းစွာ ခွဲခြား သိမြင်နိုင်နေ၍ပင် ဖြစ်၏။ လူ ၇ ယောက်အား အနန္တရေကန်က ဖြစ်မည်ဟုပင် ကောက်ချက် ချနိုင်နေသည် မဟုတ်ပါလား။
ကျင့်ကြံမှု မပြုလုပ်သော သူတစ်ဦး အနေဖြင့် သိုင်းလောက၏ အချက်အလက်များကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဇုဝူကျီ၏ ဦးနှောက်သည် သာမန်တော့ မဟုတ်လောက်ချေ။
သို့သော် ရဲရှောင် အံ့သြမှု အဖြစ်ရဆုံး ကိစ္စတစ်ခု ရှိနေသေးပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now