Chapter (416)"လှုံ့ဆော်မှု"

202 20 0
                                    

Chapter (416)

“လှုံ့ဆော်မှု”

ကျောင်းဖင်းရှန်အဖို့ ယခုအချိန်တွင် ရဲရှောင်သည် သူ့ဘဝအတွက် အရေးပါဆုံးလူ ဖြစ်နေချေပြီ။ သူ့ကိုယ်သူသာ အနာခံစရာရှိလျှင် ခံလိုက်မည်ဖြစ်ပြီး ရဲရှောင်ကိုတော့ မှဲ့တစ်ပေါက် မစွန်းစေချင်ပေ။

ရဲရှောင်တွင် သူသိလိုသည့် အချက်အလက်များစွာ ရှိနေ၏။

အေးစက်သော လေပြင်းများ တိုက်ခတ်နေလျက်ရှိပြီး ကျောင်းဖင်းရှန်၏ ပခုံးတွင် ဒဏ်ရာရရှိကာ သွေးများ စီးကျနေပြီ ဖြစ်သည်။ ဒီနေ့အဖို့ ပထမဆုံးအကြိမ် ဒဏ်ရာရရှိသွားပြီ ဖြစ်သည်။

လူတစ်ယောက်၏ လုပ်နိုင်စွမ်းမှာ အကန့်အသတ်ရှိ၏။ သူသည် လူများစွာအား တစ်ပြိုင်နက်တည်း တိုက်ခိုက်နေရသည့်အပြင် ရဲရှောင်ကိုပါ ကာကွယ်နေရသည်။ ထို့ကြောင့်ပင် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း ထိုဒဏ်ရာကို သူ့ကိုယ်သူပင် သတိပြုမိဟန် မရှိချေ။ ဓားကိုသာ လျင်မြန်စွာ ဝေ့ယမ်း၍ ကောင်းကင်အဆင့် ပညာရှင်များစွာကို တိုက်ခိုက်လျက် ရှိသည်။ ရန်သူများ အားလုံးသည်လည်း ကျောင်းဖင်းရှန် ဓားချက်နှင့် ထိမှန်သည်နှင့် နှစ်ပိုင်းပြတ်သွားရလေသည်။

ယခုအချိန်တွင် ကျောင်းဖင်းရှန်သည် တစ္ဆေတစ်ကောင်၊ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေချေပြီ။ သူ၏ တိုက်ခိုက်မှုများကို မရပ်တန့်နိုင်တော့သလိုပင်။
ရဲရှောင်သည် သူမြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အံ့ဩနေမိ၏။

(ဒါကျောင်းဖင်းရှန်ရဲ့ တကယ့်အစွမ်းမျိုး မဟုတ်လောက်ဘူး။ သူက နံပါတ် ၃ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်ဆိုပေမဲ့ ဒီလောက်ထိတော့ အစွမ်းမထက်နိုင်လောက်ဘူး ထင်တာပဲ . . .)

(သူသာ ဒီလောက်ထိ အစွမ်းထက်နေရင် နင်ဘီလျူကိုတောင် အနိုင်တိုက်နိုင်လောက်တယ်။ နံပါတ် ၂ အနန္တသူတော်စင်ကတော့ စာရင်းထဲတောင် ထည့်စရာ မလိုလောက်ဘူး .. .)

အံ့ဩသွားပြီးနောက် ရဲရှောင် ကျေနပ်သွားမိပြန်သည်။
ကျောင်းဖင်းရှန် ယခုကဲ့သို့ အစွမ်းမျိုး ရှိလာရခြင်းမှာ သူသည် ထူးခြားသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ယခင်နှင့်မတူ တမူထူးခြားစွာ တိုက်ခိုက်နိုင်ခြင်းပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now