အပိုင်း၁/ အပိုင္း၁

8K 412 1
                                    

Unicode

ဖေဖော်ဝါရီလ၊ အလွန် အေးခဲနေသော ရာသီဥတုတွင်…

မှောင်မဲ၍ နွေးထွေးမှုမရှိသော မြေအောက်အကျဉ်းတိုက်ထဲ၌ အအေးဓာတ်က အရိုးတို့အား အဆက်မပြတ် ထိုးစိုက်နေကြသော အပ်တစ်ချောင်းလိုပင်။

မုယွမ်ယောင်က မြက်ခြောက်များပေါ်သို့ မှီနေပြီး သူမလက်မောင်း၌ သွေးများ စီးကျနေသော်လည်း သူမကတော့ လုံးဝပင် သတိမထားမိချေ၊၊ ထိုအစား ကြည်လင်နေသောအပြုံးက သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာထက်၌ ဖြစ်တည်လာသည်။

“အဖွား၊ ခဏနေလို့ တရားရုံးရောက်ရင် ဘာပြောသင့်လဲဆိုတာ သေချာလေး စဉ်းစားထားသင့်တယ်နော်။ စကားတစ်လုံးမှားသွားတာနဲ့ ကျန်းချိုင်ကျူးနဲ့အတူ အခေါင်းကို အဖော်ပြုပေးနေရလိမ့်မယ် အကယ်၍ စကားကို မှန်မှန်ကန်ကန် ပြောမယ်ဆိုရင်တော့ သူတစ်ယောက်ထဲပဲ သေရမှာ။ ဒီလိုရိုးရှင်းတဲ့ကိစ္စမျိုးက အဖွားအတွက် အခက်အခဲ မရှိလောက်ဘူးဆိုတာ ကျွန်မယုံပါတယ်”

ရှင်းလင်းပြီး နားဝင်ချိုလှတဲ့အသံက နိုက်တင်ဂေးငှက်၏ တေသီသံနှင့်တူသော်လည်း လီရှီအတွက်တော့ ညအမှောင်ထဲရှိ နတ်ဆိုးတစ်ကောင်၏ အော်သံလိုပင်။

“မုယွမ်ယောင်၊ နင်က လူသတ်သမားပဲ! ရာဇဝတ်တရားသူကြီးက အမှန်တရားကို ဖော်ထုတ်လိမ့်မယ်။ နင်သေချာပေါက် ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး!”

“ဟား! တရားသူကြီး မပြောနဲ့ မိုးကောင်းကင်ကတောင် မျက်စိကန်းနေနိုင်ခဲ့သေးတာ မဟုတ်ရင် နှစ်တွေ အကြာကြီး ကျွန်မအမေနဲ့ ကျွန်မကို နှိပ်စက်ခဲ့တဲ့ ရှင်ကရော ဘာလို့ ငရဲကို မသွားရသေးမှာလဲ?”

“နင်… နင်မကောင်းဆိုးဝါးမ! အငြိုးကြီးတဲ့ မကောင်းဆိုးဝါးမ! ရာဇဝတ်တရားသူကြီးက သေချာပေါက် အမှန်တရားကို ဖော်ထုတ်ပြီးရင် နင့်ခေါင်းကိုဖြတ်ပြီး ခွေးကျွေးလိမ့်မယ်!”

လီရှီက သူမ၏ ကျိုးနေသောခြေထောက်ကို တရွတ်ဆွဲ၍ ထောင့်တွင် ဝှက်ထားလိုက်ကာ သူမနှင့် မုယွမ်ယောင်ကြားရှိ အကွာအဝေးကို ကျယ်စေလိုက်သည်။

မုယွမ်ယောင်က ရယ်လိုက်သည်။ သူမက ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး လီရှီဆီသို့ လျှောက်သွားကာ သူမ၏ ဒဏ်ရာရနေသော လက်မောင်းကို ဆန့်လိုက်သည်၊၊ ၎င်းတို့က နူးညံ့နေပေမယ့် ဖြူဖျော့နေဆဲပင်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now