အပိုင်း ၄၇ / အပိုင္း၄၇

2.3K 238 2
                                    

Unicode

အိမ်က သမာရိုးကျ ကျန်းနန်ပုံစံဖြစ်သည်။ ဝင်ပေါက်နှစ်ပေါက်သာ ရှိပေမယ့် နောက်ဖေးခြံက အလွန်ကျယ်ဝန်းသည်။ စမ်းချောင်းငယ်လေးတစ်ခုလည်း ရှိတာကြောင့် တည်နေရာလည်း ကောင်းမွန်၏။ အိမ်အဆောက်အအုံကလည်း သေသပ်လှပပြီး အသေးစိတ်ကျလျက် အရိပ်ခိုစရာတွေ၊ နားနေဆောင်တွေနှင့် ကြည့်မျှော်စင်တွေလည်း ပါဝင်သည်။ နေရာတစ်ခုလုံးကို အနုပညာလက်ရာကောင်းနှင့် ပြင်ဆင်ထားခြင်းဖြစ်သည်။ လျှောက်လမ်းတွေကလည်း တစ်ခုနဲ့တစ်ခုဆက်နေပြီး ပြတင်းပေါက်တွေကို ကနုတ်လက်ရာတွေနဲ့ အလှဆင်ထားကာ ရှုခင်းကလည်း သာယာလှ၏။

မုယွမ်ယောင်လည်း ဒီအိမ်က သူတို့အတွက် ပြီးပြည့်စုံတယ်ဟုတွေးနေသည်။ သူမက ရှုခင်းကို သိပ်ဂရုမစိုက်ပေမယ့် တည်နေရာကိုတော့ အလေးထားသည်။ ဒီအိမ်နဲ့တစ်လမ်းအကွာမှာ ကျင်းလင်းမြို့ရဲ့ နာမည်ကြီး ဝမ်ဖုန့်အဆောက်အဦးရှိသည်။ စီရင်စုမှူးရဲ့အဆောက်အဦးနဲ့ အိမ်အကွာအဝေးက မိနစ်နှစ်ဆယ်လမ်းခရီးမျှသာ။

အိမ်က နည်းနည်းဈေးများလွန်းတယ်ဆိုပေမယ့် ထိုက်တန်သည်။

သူတို့ဒီအိမ်ကို ဝယ်ဖို့ဆုံးဖြတ်ပြီးဖြစ်တာကြောင့် မုယွမ်ယောင်က နောက်ထပ်အချိန်ဖြုန်းမနေချင်တော့ပေ။ သူမက ပွဲစားခေါ်ပြီး သူနဲ့ခေတ္တဈေးညှိနှိုင်းပြီးနောက် ငွေလျန်သုံးထောင့်ခြောက်ရာနဲ့ ထိုအိမ်ကို ဝယ်ယူလိုက်သည်။ အိမ်က လူမနေတာ နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် အိမ်ဝယ်ပြီးနောက် ရွှေ့ပြောင်းမလာခင် သူမတို့ ပြန်လည်ပြင်ဆင်ဖို့ လိုသေးသည်။

မုယွမ်ယောင်နဲ့ စုချင်တို့ အချိန်အနည်းငယ်ကြာ ဆွေးနွေးတိုင်ပင်ကြပြီးမှ အစီအစဥ်တစ်ခုချလိုက်သည်။ ထို့နောက် သူတို့က ပွဲစားကို ယုံကြည်ရသူတစ်ယောက်အား နေရာပြင်ဆင်စေလိုက်သည်။

ပြန်လည်ပြုပြင်မှုစတင်ချိန်မှာ အဖြူရောင်စာပို့ခိုငှက်ကလေးတစ်ကောင်က အနီးအနားအိမ်တစ်အိမ်ကနေ မြို့တော်ဆီ ပျံသန်းထွက်ခွာသွား၏။

အိမ်ဝယ်လိုက်ခြင်းက မုယွမ်ယောင်ရဲ့ဒုက္ခကြီးတွေထဲကတစ်ခုကို ဖြေရှင်းလို့ပြီးသွားခြင်းပင်။ ထို့နောက် မုယွမ်ယောင်က နောက်ထပ်ခြေလှမ်းတစ်ခုအတွက် စတင်ပြင်ဆင်တော့သည်။ သူမ ကျင်းလင်မြို့မှာ နေရာတစ်ခု အခိုင်အမာခြေကုပ်ယူနိုင်ဖို့ရာ သေချာစဥ်းစားအကြံထုတ်နေသည်။ နောက်ဆုံးမှာတော့ သူမက စီရင်စုမှူးနဲ့အဆက်အသွယ်ရှိထားတာက အကောင်းဆုံးဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်က သူမကို အသေးအမွှားရန်တွေကနေ ဒိုင်းသဖွယ် ကာကွယ်ပေးနိုင်လိမ့်မည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now