အပိုင်း ၃/အပိုင္း ၃

3.5K 298 2
                                    

Unicode

စုချင်က ကြောက်ရွံ့မှုတို့ဖြင့် ဖြူဖျော့သွားပြီး အလျင်အမြန်ပင် မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။ သူမက လီရှီရဲ့ အဝတ်အစားကို ဆွဲပြီး အကြိမ်ကြိမ် တောင်းပန်တော့သည်။
"အမေ၊ ယောင်အာက မုချန်ရဲ့ တစ်ဦးတည်းသောကလေးပါ! ကျွန်မ ကျန်းအိမ်တော်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ယောင်အာကတော့ မုမိသားစုမှာပဲ နေမှဖြစ်မှာ!"
လီရှီက သူမကို မုန်းနေတာ ကြာပြီဆိုတာ စုချင်သိသည်။ မုချန် မရှိတော့ လီရှီက သူမကို သေချာပေါက် ဖယ်ရှားဖို့ ကြိုးစားတော့မှာဆိုပေမယ့် ယောင်အာကတော့ ကျန်းအိမ်ကို ဝင်လို့ မဖြစ်ပေ။
ထိုကျန်းအိမ်တော်က ဒုက္ခတွေနှင့် ပြည့်နှက်နေသည့် အသူရာချောက်နက်ကြီး ဖြစ်သည်။ ကျန်းချိုင်ကျူးက မငယ်တော့ပေမယ့် အခုထိ ငယ်ရွယ်တဲ့ မိန်းမပျိုလေးတွေကို အထူးပင် နှစ်ခြိုက်သေးသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထိုသူ အမျိုးသမီး ဘယ်နှယောက်လောက်ကိုပင် ဖျက်စီးပြီးပြီမှန်း မသိနိုင်ပေ။ အကယ်၍ မုယွမ်ယောင်သာ ထိုနေရာသို့ သွားခဲ့ပါရင်... ရလဒ်က အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။ မုချန်မရှိတော့သည်မို့ စုချင်သည်လည်း မည်သို့ပင်ဖြစ်စေ အသက်ရှင်လိုသည့်ဆန္ဒ မရှိတော့။ သူမ ကျန်းနေအိမ်သို့ သွားပြီး အသေခံနိုင်သည်။
မုယွမ်ယောင်က သူမအမေရဲ့ မျက်လုံးတို့ကို ဖျက်ခနဲ ကြည့်မိလိုက်တော့ စုချင်ဟာ သူမကိုယ်သူမ စွန့်လွှတ်ဖို့ရန်အတွက် အသင့်ဖြစ်နေပြီမှန်း ချက်ချင်း ပြောနိုင်သည်။ မုယွမ်ယောင်က စုချင်ရှေ့သို့ လွှားကနဲ သွားလိုက်ပြီး ဆို့နင့်စွာနှင့် ဆိုလိုက်သည်။
"အမေ..."
စုချင်က သူမကို ဖက်လိုက်ကာ မျက်ရည်တွေကလည်း မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေတော့သည်။
"ယောင်အာ၊ ငါ့ရဲ့သနားစရာကောင်းလိုက်တဲ့ ယောင်အာလေး..."
မုယွမ်ယောင်၏ မျက်လုံးတို့က နီရဲနေပြီး သူမခေါင်းကိုလှည့်ကာ လီရှီအား ကြည့်လိုက်သည်။ နှလုံးသားတစ်ခုလုံး ရွံ့ရှာမှုတို့ဖြင့် ပြည့်နေကာ အမုန်းတရားတို့က အလွန်အမင်း ထက်သန်နေတာကြောင့် အကယ်၍ ရုပ်ဝတ္ထုသာဖြစ်ပါက လီရှီရဲ့ အသားတွေကို အတုံးလိုက်အတစ်လိုက် ကိုက်ဖြတ်တော့မလိုပင်။
သူမအရင်ဘဝတုန်းက လီရှီဟာ မုယွမ်ယောင်အား ငွေဒင်္ဂါးများဖြင့် ရောင်းပစ်မယ်ဆိုပြီး သူမအမေအား ကျန်းအိမ်တော်ဆီသို့ သွားဖို့ရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော်လည်း အဆုံးမှာတော့ လီရှီက သူမ စကားတွေကို ပြန်ရုတ်သိမ်းပြီး ကျန်းအိမ်တော်ဆီသို့ မုယွမ်ယောင်အား ပြန်ပေးဆွဲခဲ့သည်။
ထိုခွေးသား ကျန်းချိုင်ကျူးက သူမအမေကို အရှက်ရအောင် လုပ်ခဲ့ရုံသာမက မုယွမ်ယောင်ကိုပါ ဆွဲချရန် ကြိုးစားခဲ့သည်။ မုယွမ်ယောင်အား ကာကွယ်ဖို့ရန်အတွက် သူမအမေက ကြွေကွဲစဖြင့် ကျန်းချိုင်ကျူးအား တိုက်ခိုက်ခဲ့သည်။ သူမအမေက အသက်ရှင်လျက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ခြေတစ်ဖက်ကျိုးကာ လွတ်မြောက်သွားခဲ့ရတဲ့ မုယွမ်ယောင်အဖို့တော့ ထိုအချိန်မှစပြီး ဝမ်းနည်းစရာကောင်းလှတဲ့ ဘဝကြီး စတင်တော့သည်။
ထိုအဖြစ်အပျက်တွေပြီးတဲ့ နောက်ရက်တွေမှာတော့ နောင်တရစရာများဖြင့်သာ ပြည့်နှက်နေတော့သည်။ မုယွမ်ယောင်က သူမအစကိုသာ ပြန်သွားနိုင်လျှင် သူမနဲ့ သူမအမေရဲ့ နာကျင်မှုအားလုံးကို စတင်စေခဲ့သည့် လီရှီအား သေချာပေါက် သတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်!
စုချင်က သူမစကားအား လက်ခံလိုက်သည်ကို ကြားလိုက်ရသည်နှင့် လီရှီက နှာရှုံ့လိုက်ပြီး သူမရဲ့ မျက်လုံးတို့ကလည်း အထင်အမြင်သေးမှုတို့နှင့် ပြည့်နေသည်။ သူမက စုချင်ရဲ့ အဝတ်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး
"ဟမ့်! စောစောကတည်းကသာ သဘောတူလိုက်ရင် ငါ လေကုန်ခံစရာတောင် လိုမှာမဟုတ်ဘူး။ ထင်ထားတဲ့အတိုင်း နင်က စာရိတ္တပျက်နေတဲ့မိန်းမပဲ။ သန့်ရှင်းတဲ့ပုံစံလို အယောင်ဆောင်နေစရာ မလိုပါဘူး၊ ဟမ့်! လူတကာနဲ့ဆက်ဆံတဲ့ မိန်းမကများ သစ္စာရှိသလို ဟန်ဆောင်ချင်နေသေးတယ်..."
လီရှီက ပျော်ရွှင်စွာဖြင့် စုချင်အား စော်ကားပြောဆိုတော့သည်။ သူမက စုချင်၏ နူးညံ့မှုနှင့် စင်ကြယ်သော အရှိန်အဝါတို့ကို အမြဲတမ်း စက်ဆုပ်ရွံရှာနေခဲ့တာ ဖြစ်သည်။ စုချင်ကို ညှင်းပန်းနှိပ်စက်ပြီးတဲ့အခါမှာတော့ သူမက တော်‌တော်လေး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
စုချင်က အလွန်အမင်း ဝမ်းနည်းနေမိတာကြောင့် သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ သူမ ဒီမိသားစုထဲသို့ လက်ထပ်ပြီးဝင်လာကတည်းက ယောက္ခမဆီကနေ အမြဲတမ်း မုန်းတီးခံနေခဲ့ရသည်။ အကယ်၍ သူမကို အတတ်နိုင်ဆုံး လေးလေးစားစား ဆက်ဆံပေးလိုက်ရင် ချီးမွှမ်းပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဒါပေမယ့် သူမကို လူသားတစ်ယောက်လိုတောင် မဆက်ဆံတာ ဘယ်သူသိမှာတဲ့လဲ။
မုယွမ်ယောင်၏ မျက်လုံးများက နီရဲနေပြီး သူမရဲ့ နှလုံးသားထဲမှာလည်း အမုန်းတရားများ ပြည့်လျှံနေသည်။ သူမအမေကို စော်ကားသည့် မည်သူမဆို သေရမည်!
လီရှီက မုယွမ်ယောင်၏ မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး တိုက်ခိုက်ခံနေရသည်။ သူမရဲ့ ကျောရိုးတစ်လျှောက် အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။ သူမအသိပြန်ဝင်လာတော့ စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်တော့သည်။
"အောက်တန်းစားမလေး! ငါ့ကို နင်ကများ ဘယ်လိုတောင် စိုက်ကြည့်ရဲရတာလဲ! နင့်အမေက အဲ့လိုဆိုမှတော့ နင်လည်း တစ်ယောက်ယောက်ရဲ့ တရားမဝင်ကလေးဖြစ်မှာပဲ။ ထွက်သွား၊ နင်တို့အကုန်လုံး ကျန်းအိမ်တော်ကို သွားကြစမ်း!"
စုချင်က ချက်ချင်းပင် မုယွမ်ယောင်ကို ဆွဲလိုက်သည်။
"ယောင်အာ၊ မြန်မြန် အရိုအသေပေးလိုက်လေ! သမီး ဒီမှာနေလို့ရအောင် သမီးအဖွားကို တောင်းပန်မှ ဖြစ်မှာ..."
ထိုအစား မုယွမ်ယောင်ကတော့ အိပ်ယာထဲမှ ထွက်ပြီး ဗီဒိုဆီသို့ အပြေးအလွှား သွားတော့သည်။ သူမက အပ်ချုပ်ကိရိယာများထဲမှ ကတ်ကြေးတစ်စုံကို ထုတ်ယူကာ လီရှီဆီသို့ ပြေးသွားပြီး သူမအား ကတ်ကြေးဖြင့် ရွယ်လိုက်သည်။ ဒီမိန်းမအိုကြီးက သူမတန်ဖိုးအထားရဆုံးသူကို ဖျက်ဆီးပြီး သူမရဲ့ ကျန်ဘဝတစ်လျှောက်လုံးကိုလည်း ဖျက်ဆီးခဲ့သည်။ သူမကို သတ်မှဖြစ်မည်။ သူမကို ချက်ချင်း သတ်ပစ်ရမည်!
လီရှီက ကြောင်အနေတော့သည်။ ဒီလိုအမြဲ နှိပ်စက်ခံခဲ့ရတဲ့ အောက်တန်းစားကလေးမက ဒီလိုမျိုး သူမကို ပုန်ကန်လိမ့်မည်ဟု တစ်ခါမှပင် မတွေးမိဖူးပေ။ မုယွမ်ယောင်က သူမရှေ့သို့ အပြေးအလွှား ရောက်လာပြီး ထိုကတ်ကြေးဖြင့် ထိုးစိုက်ခါနီးတွင်မှ သူမက အော်လိုက်ပြီး မုယွမ်ယောင်ကို ရိုက်ချလိုက်သည်။
မုယွမ်ယောင်က ခွန်အားတွေ ဆုံးရှုံးထားတာပင်။ ထိုအချိန်မှာ သူမ လီရှီအား အမှန်တကယ် သတ်ပစ်ချင်နေခဲ့တာ ဖြစ်သည်။ သို့သော် သူမခန္ဓာကိုယ်က သေးငယ်နေဆဲဖြစ်ပြီး သူမမှာ ဒဏ်ရာတွေ အများကြီး ရှိနေသေးသည်။ သူမမှာ စကားပြောဖို့ရန် ခွန်အားပင် မရှိပေ။ သူမ အရိုက်မခံရခင် ကတ်ကြေးက လီရှီရဲ့ အင်္ကျီကိုသာ ထိုးမိပြီး အနည်းငယ်သာ ပြဲသွားသည်။
လီရှီက မထိန်းချုပ်နိုင်စွာ အော်ဟစ်လိုက်ပြီး မုယွမ်ယောင်၏ ဆံပင်ကိုဆွဲကာ ပါးတစ်ဖက်ချင်းစီအား ဘယ်ပြန်ညာပြန် ရိုက်တော့သည်။
"အောက်တန်းစားမ! နင်က ဓားအချောင်း တစ်ထောင်လောက်နဲ့ ထိုးခံရသင့်တာ! ငါက နင့်အဖွား၊ နင်က ငါ့ကို ကတ်ကြေးနဲ့တောင် တိုက်ခိုက်ရဲတယ်! ဒီနေ့ နင့်ကို သေအောင်ရိုက်ပစ်မယ်!"
"အမေ၊ အမေ၊ ကျေးဇူးပြုပြီး ကျွန်မကို ရိုက်ပါ၊ ကျွန်မကိုရိုက်ပါ။ ယောင်အာကို ခွင့်လွှတ်ပေးပါ၊ သူမက အခုမှ ငယ်ငယ်လေးပဲ ရှိပါသေးတယ်!"
စုချင်က လီရှီရဲ့ ရှေ့သို့ ပစ်ဝင်လိုက်ပြီး မုယွမ်ယောင်အား သူမအောက်မှာ ကာကွယ်ထားလိုက်သည်။
လီရှီက ထိန်းချုပ်လို့မရနိုင်အောင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။ စုချင်က သူမဆီကို‌ ပြေးလာတာ မြင်တော့ သူမက တစ်ဖက်မှ တံမြက်စည်းကို ယူလိုက်ပြီး စုချင်နှင့် မုယွမ်ယောင်တို့၏ မျက်နှာတည့်တည့်ကို ရိုက်တော့သည်။
မုယွမ်ယောင်က အံတင်းတင်းကြိတ်ထားလိုက်ပြီး သူမရဲ့ ပါးစပ်မှလည်း သတ္ထုအရသာရှိသော သွေးတို့ဖြင့် ပြည့်နေတော့သည်။ သူမက စုချင်ကို ဘေးဖယ်လိုက်ပြီး လီရှီအား တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ဒေါသတကြီး စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ရိုက်စမ်းပါ! ရှင့်မှာ သတ္တိရှိရင် ကျွန်မသေသွားတဲ့အထိရိုက်လေ! ဒီနေ့ရှင် ကျွန်မကို မသတ်ဖူးဆိုရင် နောက်ကျ ကျွန်မ ရှင့်ကို သေချာပေါက် သတ်ပစ်မှာ! အဖွားကြီး၊ မိုးကောင်းကင်က မျက်စိကန်းမနေသရွေ့ ဒီနေ့ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ရှင်သေချာပေါက် ပေးဆပ်ရလိမ့်မယ်"





တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now