အပိုင်း ၂၀ / အပိုင္း ၂၀

2.5K 244 1
                                    


Unicode

"မုယွမ်​​ယောင်​က သူ့ကို သတ်​​လိုက်တာလို့ မင်း​ ပြော​တယ်​နော်။ မုယွမ်ယောင်​၊ မင်း​မှာ ပြောစရာ ရှိသေးလား"

သူ မုယွမ်ယောင်ကို ကြည့်လိုက်တော့ တရားသူကြီးက မျက်ခုံးပင့်သွားသည်။ အမှုစစ်ထံမှ ကြားသိရပြီးသား ဆိုပေမယ့် မုယွမ်ယောင်ကို တကယ် မြင်တွေ့လိုက်ရတော့ သူမက သူထင်ထားသည်ထက်ပင် ပို၍ ပိန်ပါးနေ၏။ သူမက ဘယ်လိုလုပ်ပြီးများ လူတစ်ယောက်ကို သတ်နိုင်မှာတဲ့လဲ။

မုယွမ်ယောင်၏ မျက်နှာမှာ လုံးဝ ဖြူဖျော့နေပြီး သူမအသံမှာလည်း အလွန် အားနည်းနေပုံပေါ်၏။

"လူကြီးမင်း၊ ကျွန်မ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ ကျွန်မတို့အိမ် မီးလောင်သွားခဲ့တာမို့ အမေနဲ့ ကျွန်မက အဘွားအိမ်ကို ပြောင်းနေကြတာပါ။ ညနက်သန်းခေါင် တစ်ရေးနိုးလာတော့ ပင်မအိမ်ကနေ အသံတွေ ထွက်လာတာ ကြားလိုက်ရပြီး အဖွား ရေသောက်ချင်နေတယ်လို့ပဲ ထင်လိုက်မိတာပါ"

"ကျွန်မ သွားစစ်ဆေးကြည့်လိုက်တော့ မထင်မှတ်ဘဲ ကျန်းချိုင်ကျူးနဲ့ သူ့ရဲ့အိမ်တော်ထိန်းတို့ ငြင်းခုံနေတာကို ကြားလိုက်ရပါတယ်။ သူတို့က တစ်ယောက်ယောက်ကို သတ်ပြီး ပန်းဥယျာဉ်ထဲမှာ မြှုပ်တဲ့ အကြောင်းတွေ ပြောနေကြတာပါ။ အဲ့ဒီနောက် သူတို့နှစ်ယောက် ရန်စဖြစ်ကြတော့တာပဲ။ အဲ့အချိန် ကျွန်မက တအားလန့်သွားပြီး တံခါးကို မတော်တဆ တွန်းလိုက်မိသွားတယ်။ သူတို့က ကျွန်မကို တွေ့သွားပြီး ကျန်းချိုင်ကျူးက ကျွန်မကို သတ်ဖို့ လုပ်တော့တာပဲ"

"အိမ်တော်ထိန်း တင်းရှန်က သူ့ကို ခြေထိုးခံလိုက်တော့ အဖွားကလည်း လူသတ်မှုဆိုပြီး အော်တော့တာ။ ကျွန်မကလည်း တံခါးကနေ အသံကြားလို့ ပြေးထွက်လာခဲ့လိုက်တာ။ အဲဒီနောက်ပိုင်း ဘာမှ မမှတ်မိတော့ဘူး အရီးယန်ပြောတာတော့ ကျွန်မ မူးလဲသွားတယ်တဲ့။ ကျွန်မ နိုးလာတော့ အရာရှိတွေတောင် ရောက်နေကြပြီ"

"မင်းပြောပုံအရဆို မင်းက တစ်ဦးတည်းသော မျက်မြင်သက်သေပဲ၊ ဒါပေမဲ့ မင်းအဖွားက ဘာလို့ မင်းကို လူသတ်သမားလို့ ပြောတာလဲ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now