အခန်း ၉၂
မုယွမ်ယောင်က ရယ်လိုက်ရင်း
“ဘာဖြစ်လို့လဲ? ငါ့လက်ရေးက ဆိုးနေလို့လား?”
“အဲ့လိုမဟုတ်ပါဘူး။ မိန်းကလေးမုရဲ့ လက်ရေးလက်သားက မိန်းကလေးတွေဆီမှာ တွေ့ရတာရှားတဲ့ ပုံစံမျိုး။ စုတ်ချက်တွေက အားပါပြီး အရှိန်ပြင်းတယ်။ တကယ်ကို ကောင်းမွန်ပါတယ်”
ကျင်းလန်ရဲ့စိတ်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ မုယွမ်ယောင် သိသည်။ သို့ပေမယ့် သူမဒီနေ့ အထူးတလည် စိတ်ကောင်းဝင်နေတာကြောင့် စနောက်ချင်စိတ် ဖြစ်လာသည်။
“လက်ရေးက ကောင်းတယ်ဆိုရင် စာလုံးတွေက တစ်ခုခု မှားနေလို့လား?”
“အဲ့လိုလည်း မဟုတ်ပါဘူး။ စာသားတွေက အရမ်းလေးနက်ပြီး အချိန်အတူတူ ကုန်ဆုံးတယ်ဆိုတဲ့ ခံစားချက် ပေါ်လွင်ပါတယ်။ အရမ်းကောင်းတယ်”
“ကောင်းတယ်ဆို မင်းမျက်နှာက ဘာလို့ ရှုံ့မဲ့သွားရတာလဲ?”
ကျင်းလန်တစ်ယောက် အနည်းငယ် စဉ်းစားရကြပ်နေပုံ ရသည်။
“မမလေးမုရဲ့ လက်ရေးက အရမ်းကောင်းတယ်။ စာသားတွေကလည်း အတွေးကောင်းကောင်းနဲ့ ဖွဲ့ထားတာ။ ဒါပေမယ့် ဒီနှစ်ခုကို ပေါင်းကြည့်လိုက်တော့ကျ နည်းနည်းမှားနေသလိုပဲ”
ပျော်ရွှင်စရာပွဲတော်တစ်ခုအတွက် ရေးဖွဲ့ထားတဲ့ ဒီလိုကဗျာကောင်းတစ်ပုဒ်ကို လူသတ်ငွေ့တွေ ပြည့်နေတဲ့ လက်ရေးတစ်ခုနဲ့ ပေါင်းစပ်ထားတာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး!
မုယွမ်ယောင် မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်မိလိုက်သည်။
“ငါတော့ ပြီးပြည့်စုံတယ် ထင်တာပဲ။ ပြီးကျရင် လျိုလျန်ကို နံရံမှာ ချိတ်ခိုင်းလိုက်မယ်။ ကြည့်ပါများရင် ဒီနောက်ကွယ်က အဓိပ္ပာယ်ကို မင်းသိသွားပါလိမ့်မယ်”
ချီရှီပွဲတော်ကို တစ်နှစ်မှာတစ်ခါသာ တွေ့ခွင့်ရတဲ့ ဒဏ္ဏာရီလာ နျိုလန်နဲ့ ကျီနူးတို့ရဲ့ အချစ်ပုံပြင်ကို အစွဲပြုပြီး စတင်ခဲ့ခြင်းပင်။ သို့သော် ရာထူးဂုဏ်ရှိန် ကြီးမားတဲ့ အသိုင်းအဝိုင်းတွေကြားမှ ချစ်ခြင်းမေတ္တာကတော့ ထောင်ချောက်တွေနှင့် ပြည့်နှက်နေသည်။ အချစ်စစ်ဆိုတဲ့ အရာအပေါ် ယုံကြည်မိတဲ့ ဘယ်သူမဆို အဆုံးသတ်မှာ ပေးဆပ်အနစ်နာခံရသူသာ။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...