အခန်း (၂၃)

1K 148 2
                                    

Unicode - Chen Jiaman

အပေါ်တက်သွားသည့် Lu Chenzhou မှာ ထိုတစ်နေ့လုံး ပြန်ပေါ်မလာတော့ပေ။ ထို့အစား Cheng Xi ကို အိမ်သို့ပြန်ပို့ရန် ဒရိုင်ဘာတစ်ယောက်ကို လွှတ်ပေးလိုက်သည်။

ဤအိမ်သို့လာစဉ်က စစချင်း၌ Lu Chenzhou ၏ နောက်ခံဘဝဇာတ်ကြောင်းနှင့် သူနေထိုင်ကြီးပြင်းရာ အိမ်ပတ်ဝန်းကျင်အခြေအနေကို သိရှိနားလည်လာရန် Lu Chenzhou ၏ အဘိုးအဘွားတို့နှင့် သူမ စကားစမြည်ပြောချင်ခဲ့သည်။

သို့သော် နှစ်ယောက်လုံးက အလွန်စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ဘက်က မည်သည့်အကြောင်းအရာကို စကားလမ်းကြောင်း စ,လိုက်ပါစေ နောက်ဆုံး၌ ပြန်ရောက်သွားစမြဲဖြစ်သည့် မေးခွန်းပုံစံက "မင်းနဲ့ Zhou က ဘယ်အချိန်မှာ လက်ထပ်စာချုပ်ထိုးကြမှာလဲ။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးရောလုပ်ချင်လား?"

သို့မဟုတ် သူတို့ပြောသည့် စကားက "မင်းတို့နှစ်ယောက်က အသက်လည်း ငယ်ကြတော့တာမဟုတ်ဘူး။ ဘာလို့ ကလေးယူဖို့ မစဉ်းစားကြသေးတာလဲ။ သူ့အဖေက ဂရုမစိုက်ရင်တောင် ငါတို့က သန်တုန်းမာတုန်းဆိုတော့ ကလေးကောင်းကောင်း ကူထိန်းပေးနိုင်ပါသေးတယ်။"

မြေးချီရန် ဝမ်းမြောက်ဝမ်းသာစွာ မျှော်လင့်နေကြသည့် ထိုအဘိုးအဘွားရှေ့တွင် စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်သည့် ဒေါက်တာ Cheng ပင်လျှင် ဘာဆိုဘာမှပြန်မပြောနိုင်တော့ဘဲ အပြတ်အသတ် အရှုံးခံလိုက်ရတော့သည်။

ထိုနေ့က Cheng Xi အိမ်ပြန်ရောက်သည့်အခါ ရှေ့နေ့ရက်များတွင် သူမ ကို အသင့်စောင့်ကြိုနေသည့် အံ့ဩဖွယ်ရာများဖြစ်ရပ်များစွာ ရှိနေလိမ့်မည်ဟု သူမ ခံစားနေမိသည်။ ယနေ့တစ်နေ့လုံးက အိပ်မက်တစ်ခုနှင့်ပင် တူနေသည် — သူမ၏ ဆေးခန်းထိုင်ချိန်အားလုံးကို Lu Chenzhou က အတင်းအကျပ် booking ယူခဲ့သည်မှစ၍ Baldy ​ရောက်လာခြင်း၊ Lu Chenzhou ၏ စာချုပ်တွင် လက်မှတ်ထိုးခဲ့ခြင်း စသည်ဖြင့် ဖြစ်ခဲ့သမျှအရာအားလုံးတို့က လုံးဝယုတ္တိဖြစ်ဖွယ်ရာမရှိပေ။

လူတစ်ကိုယ်လုံး နွမ်းလျပင်ပန်းစွာဖြင့် အိပ်ရာပေါ်သို့ ခေါင်းချလိုက်ပြီ ဖြစ်သော်လည်း Chen Jiaman ၏လှုပ်ရှားမှုများအကြောင်း ရိုက်ကူးထားသည့်ဗီဒီယိုကို အခန်းစောင့်သူနာပြုဆရာမက ပို့ထားကြောင်းတွေ့လိုက်ရသည်- ညအချိန်ရောက်လာသည်နှင့် သူမ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။ ဤအကြိမ်၌မူ အပြင်သို့ထွက်ရန်အတွက် တံခါးဘောင်ကို အဆတ်မပြတ် ထုရိုက်နေခြင်းဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now