အခန်း (၁၃၄ - ခ)

319 48 6
                                    

Unicode

🚨 ဤအခန်းတွင် အသက်မပြည့်သူများ ဖတ်ရန်မသင့်သည့် အကောင်းအရာများ ပါဝင်သည်။🚨

သူ၏လေသံမှာ အေးဆေးတည်ငြိမ်နေသည်၊ "အိုခေ။"

ထိုအခါမှသာ Cheng Xi သူ့လက်ကိုလွှတ်ပြီး ငါးကင်ရန် ကူညီလုပ်ပေးလိုက်သည်။ Lu Chenzhou ကဲ့သို့ သူမ၏လုပ်ပုံလုပ်နည်းတို့က ကျွမ်းကျွမ်းကျင်ကျင် မရှိသည့်တိုင် သူမ၏ ကိုယ်ဟန်အနေအထားက ကြည့်ကောင်းနေသည်။ သူမ ပြုမူလှုပ်ရှားနေပုံမှာ မြန်လည်းမမြန်၊ နှေးလည်းနှေးမနေဘဲ အနေတော်ပင်ဖြစ်ကာ ငါးကင်အတံကိုင်ထားသည့် သူမ၏လက်သည် ရှည်ရှည်သွယ်သွယ်နှင့် ဖြူဖွေးသည့် အသားအရည်ကြောင့် တွေ့မြင်ရသည်မှာ ဘဝင်ခိုက်စရာကောင်းနေသည်။

နောက်ဆုံး၌ သူမ ကင်နေသည့်ငါးတစ်ခြမ်းတွင် မီးအရှိန်များသွားသဖြင့် တူးနေသည့်အခြမ်းကိုယူကာ နီရဲနေသည့်မျက်နှာလေးဖြင့် သူ့ကိုမေးရလေသည်၊ "ဒါကို စားချင်သေးလား။"

Lu Chenzhou ခေါင်းညိတ်ပြလာသည့်အတွက် အကောင်းတိုင်းရှိနေသေးသည့် အသားများကိုဖဲ့ယူကာ အရိုးနွှင်၍ သူ့ထံပေးလိုက်သည်။ သူမ ဇွဲကောင်းကောင်းဖြင့် ငါးကိုင်နေသည်ကို Lu Chenzhou ၏ရှုထောင့်မှကြည့်သည့်အခါ ကော့ညွတ်ကျနေသည့် မျက်တောင်များ၊ ပေါ်လွင်ထင်းနေသည့်နှာတံနှင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းလွှာတို့ကို တွေ့ရလေသည်။ အကင်ဆိုင်အတွင်း၌ ပူအိုက်နေသည်ဖြစ်၍ Cheng Xi သည် အချိန်အတော်ကြာကတည်းကပင် အပေါ်ဝတ်ဂျာကင်ကို ချွတ်ထားခဲ့ပြီဖြစ်ရာ ကော်လံမပါသည့် အပြာရင့်ရောင် ဆွယ်တာအင်္ကျီတစ်ထည်သာ ဝတ်ထားသည့်အတွက် သူမ၏ညှပ်ရိုးတို့ကို တစေ့တစောင်းလေး လှစ်ဟပြသနေသည်။ သူမမျက်နှာပေါ်တွင် မိတ်ကမ်းလိမ်းခြယ်ထားခြင်းမရှိ၊ အခြား အလှဆင်ပစ္စည်းတို့လည်း ဝတ်မထားသည့်တိုင် Cheng Xi သည် ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိနေဆဲပင် ဖြစ်သည်။

သူမအနားတွင်မူ သူငယ်ချင်း အပေါင်းသင်းများ ခြံရံဝိုင်းဖွဲ့နေကြပြီး ဟိတ်ဟန်တို့မရှိဘဲ လွတ်လပ်ပေါ့ပါးစွာပင် စကားပြောနေခြင်းဖြစ်သည်။ သက်ဝင်လှုပ်ရှားနေသည့် လေထုဘောင်အတွင်း၌ သူမအသွင်က -  ငွားငွားစွင့်စွင့် အစွမ်းကုန် ပွင့်လန်းနေရာမှ ဆိတ်ငြိမ်အေးချမ်းသည့် ပျော်ရွှင်မှုတို့ ထုတ်လွှတ်ပေးနေသည့် နွေဦးပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ဖြစ်နေသည်။ ဤသို့သော ပတ်ဝန်းကျင်ကို Lu Chenzhou သဘောမကျခဲ့သည့်တိုင် ယခုအချိန်၌ ရုတ်တရက်ခံစားမိလာသည်က -  သူမအနားတွင်နေရင်း သူမနှင့်အတူ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အဆံလုပ်၍ အိမ်အတူပြန်ရခြင်းတို့မှာ ထင်ထားသလောက် မဆိုးပေဟု ဖြစ်သည်။ ထိုတစ်ချိန်လုံး၌ သူ့ရင်ထဲတွင် နွေးထွေးလှိုက်လှဲမှုတို့ ခံစားရလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now